Friday, 4 May 2012

အဇာန်တို အဇာန်ရှည်

အဇာန်တို အဇာန်ရှည် ဟူး…. ပူလိုက်တဲ့နွေ၊ ဒီနေ၊ ဒီနွေ၊ဒီရာသီဥတုနဲ့ အင်း… ဘယ်လိုများ ခရီးဆက်ရပါ့မလဲ လမ်းကလည်းကြမ်း အရိပ်ဆိုခိုစရာကလည်း နတ္ထိပါလား။ ခရီးသည်တစ်ဦး အထုပ်အပိုးကလည်း ပါသေးသည် မိမိသွားလိုရာ လမ်းကို မောပန်းစွာနှင့် ခရီးလှမ်းနေရှာသည်။ သွားလိုက် နားလိုက် နားလိုက် သွားလိုက်နှင့်ပင် ခရီးသည်သည် မနေ မနား တသွားတည်း သွားနေရာမှ “အို… ဟိုရှေ့နားမှာ ရွာကလေး တရွာပါလား ဟန်ကျတာဘဲ နားရအုံးမှာပဲလေ၊ အိုး… အိုဟန်ကျရုံ ဘယ်ကမလဲ ငါ့မှာ အစ်နဲ့ရှဗေဘရတ် နှစ်ခု တရက်တည်း ထပ်သွားသလားမှတ်တယ်။ ဟိုတောင်ကုန်းထက်က ပလီလေးကို တွေ့ရတော့ အားတက်မိပါရဲ့ အင်း… အလ္လာဟ်အသျှင်မြတ်ရဲ့ ဂုဏ်ကျေးဇူးပေပဲ…” ရွာကလေးကတော့ သာယာလိုက်တာဆိုဘွယ်ရာ မရှိပါလား၊ အုန်းပင်တွေ၊ ရေကန်တွေနဲ့ ပလီကျောင်းရဲ့ခြံကလေးကလည်း ကျယ်ဝန်းပါဘိ၊ ငှက်ပျောပင်တွေ သဘောင်္သီးပင်၊ အုန်းပင် ပိန္နဲပင်တွေဟာ ဧကန္တ ပလီရဲ့ ဝင်ငွေကို ဖန်တီးကြထင်ပါရဲ့ “အင်း… ကောင်းလေစွ၊ ကောင်းလေစွ” “ဟင် ဒီဘက်မှာလည်း အားကစားကွင်းလေးတစ်ခုပါလား၊ အင်း… ဒါလည်း ရွာသူ ရွာသားများရဲ့ ကျန်းမာရေးအတွက်သာမက ခလေးလူငယ်များရဲ့ အားကစားရာ ကွင်းဖြစ်မှာမို့ တမန်တော်မြတ် အမိန့်ရှိခဲ့သလို “မကျန်းမာ မသန်စွန်းသော (အွမ္မသ်) ငါ၏နောက်လိုက်ထက်၊ ကျန်းမာ သန်စွမ်းသော (အွမ္မသ်) ငါ၏နောက်လိုက်က ပိုမြတ်တယ်” ဆိုတဲ့ သြဝါဒကို အကောင်အထည်ဖော်ကြဟန်တူပါရဲ့၊ အင်း.. ဒီလို အမျှော်အမြင်ရှိတဲ့ ရွာသူရွာသားတွေ အတွေးအခေါ်ကောင်းတဲ့ ရွာသူရွာသားတွေအပေါ် အလ္လာဟ်အသျှင်မြတ်ရဲ့ မဟာကရုဏာတော် သက်ရောက်ပါစေ” ခရီးသည်သည် ရွာကလေးထဲ့သို့ ဝင်လာသည်နှင့် ရှေးဦးစွာ ပလီရှိရာသို့ ရောက်လာခါ အထက်ပါ အတိုင်း မိမိခံစားများကို ရင်ထဲမှာ ပြောဆို အသိအမှတ်ပြုရင်းက ပီတိ သေမနဿ ဖြစ်နေမိပါသည်။ ခြံအတွင်း ပလီ၏ ရှေ့တည့်တည့် ရောက်သည်နှင့် လူတဦးစ နှစ်ဦးစ တွေ့လိုက်ရသဖြင့် ခရီးသည်မှာ “အစ္စလားမု အလိုင်းကွမ်း” ဟူ၍ စလာမ်မေတ္တာပို့သရင်း နှုတ်ဆက်လိုက်ပါသည်။ ထိုသူများကလည်း တုံ့ပြန်စလာမ်ပို့ကြပါသည်။ “ဝအလိုင်းကွမ်း စလာမ်” ခရီးသည်သည်လည်း ပလီအတွင်းသို့ ရောက်သည်နှင့် ပလီဒေါင့်တနေရာမှာ မိမိပစ္စည်း အထုပ်အပိုးများကို ထားပြီး ခြေလက်မျက်နှာဆေးကြော သုတ်သင်လိုက်ပါသည်။ “ဟန်ကျလိုက်တာ ဒီလို အေးချမ်းသာယာတဲ့ ပလီကိုလည်းရောက်၊ (ဇိုဟိုရ်)မွန်းတိမ်း ဝတ်ပြုချိန်ကလည်း ကျရောက်နေပြန်တော့ ထူးထူးခြားခြား ဒီရွာ ဂျာမာအတတ် (ပလီဝင်) မိသားစုများနဲ့ ဝတ်ပြုပေးအုံးမှပဲ” ဟူသော အတွေးဖြင့် ခရီးသည်မှာ ကြည်နူးရပြန်ပါသည်။ ခရီးသည်လည်း ခြေလက်သုတ်သင် (ဝိုဇူ)ပြုလုပ်ပြီးနောက် ပလီရှေ့တွင် ထိုင်နေသူ အသက် ကြီးကြီး ပုဂ္ဂိုလ်တဦးထံ “မိမိ ဇိုဟိုရ် ဝတ်ပြုမှု အတွက် ဖိတ်ခေါ်ရန် အဇာန်ပေးလိုကြောင်း ခွင့်ပန်ရာ ထိုပုဂ္ဂိုလ်ကြီးကလည်း ပေးပါမောင်ရင် ရပါတယ်” ဟု ပြန်ကြားလိုက်ပါသည်။ ခရီးသည်လည်း ဝမ်းသာအားရ တခါတည်း ပလီမီနာရာ (မျှော်စင်)ပေါ်တက်၍ အဇာန်ပေးလိုက်ပါတော့သည်။ “အလ္လာဟ်ဟု အက္ကဘရ်၊ အလ္လာဟ်ဟု အက္ကဘရ်၊ အလ္လာဟ်ဟု အက္ကဘရ်၊ အလ္လာဟ်ဟု အက္ကဘရ်” ဟု အစချီကာ အဇာန်ကို အားရပါးရ ပေးလိုက်ပါသည်။ အထက်ပါ အဇာန်သံကို ကြားသည်နှင့် ရွာထဲမှ အမျိုးသမီး အမျိုးသား ခလေးသူငယ်များပါ မကျန်၊ ပလီဝတ်ကျောင်းတော်ဆီသို့ ပြေးလာကြပါသည်။ ဤသို့ ပလီ ဝတ်ကျောင်းတော်သို့ ပြေး၍လာရောက် စုရုံးကြခြင်းမှာ အဇာန်သံကြား၍ ကြွရောက်လာကြခြင်း ဖြစ်သော်လည်း ဝတ်ပြုရန် ကြွရောက်လာခြင်းတော့ မဟုတ်ပေ။ အဇာန်ပေးသူ ခရီးသည်ကလဲ မျှော်စင်ထက်၌ စိတ်အားတက်ကြွစွာနှင့် အဇာန်ပေးလျှက်ရှိပါသည်။ အောက်၌ စုရုံးရောက်ရှိလာကြသူ ရွာသူရွာသားများသည် တယောက်မျက်နှာ တယောက်ကြည့်၍ ထူးဆန်းသောဖြစ်ရပ်ကို ကြုံတွေ့ရသကဲ့သို့ကြည့်နေကြသည်။ တချို့လည်း တယောက်တပေါက်စကားများစ ပြုလာကြသည်။ ခရီးသည်လည်း မျှော်စင်ထက်မှအဇာန်ပေး၍ ဆင်းလာသည်နှင့် တပြိုင်နက် ရွာသားတဦးက… “ဒီမှာမိတ်ဆွေ၊ ခင်ဗျားကဘာသဘောလည်းဗျ” “ခင်ဗျာ… ကျ…ကျကျနော် ဘာမှမလုပ်ရပါဘူး ခင်ဗျာ” “ခင်ဗျား လုပ်တာ ခင်ဗျား မသိဘူးလားဗျ၊ အဇာန်ကို ခင်ဗျားက ဘာဖြစ်လို့ တိုတို တုတ်တုတ်နဲ့ ပြတ်ပြတ်ကြီး ပေးရတာလဲ” “ဟုတ်တယ်- ဒါမလုပ်ကောင်းဘူး၊ အဇာန်ကို တိုတို မပေးကောင်းဘူး” ဟု ကာစင်ဆိုသူက အလီ၏ ပြောစကားကို ဝင်ထောက်ခံလိုက်သည်။ “ဟာ မင်းတို့ကလည်း အဓိပ္ပာယ် မရှိတာ၊ အဇာန်ကို တိုတိုပေးတော့လည်း ဘာမှမဖြစ်ပါဘူး… ပေးလို့ရပါတယ်” ဟု ကိုမူဆာက ဝင်ပြောသည်။ “ဟုတ်တယ်ဟေ့၊ မူဆာပြောတာမှန်တယ်၊ အဇာန်ကို မင်းတို့က သီချင်းဆိုသလို အရှည်ကြီးပေးမှ ပိုင်သလို ထင်နေတာကိုးကွ၊ တိုတိုပေးလည်း ရပါတယ်” ဟု မူဆာကို မာမွတ်ကထောက်ခံလိုက်ပြန်သည်။ ဤသို့ ခရီးသည်သည်လည်း မိမိရပ်ရွာ ဓလေ့ထုံးစံအရ အဇာန်ကို တိုတိုပေးလေ့ ရှိသူ မိမိအနေနှင့် ဤရွာသို့လာ၍ အဇာန်တိုတိုပေးမိရာ ယခုမူ ဤဒေသမှ လူထုသည် အဇာန်ရှည်ကိုပေးလေ့ရှိပြီး အစွဲအလန်း ကြီးသူများဖြစ်၍ အခက်ကြုံနေရသည်။ တဖြည်းဖြည်းနှင့် လူအုပ်ကြီးသည် တဘက် တခုစီဖြစ်သွားကြပြီး အဇာန်တိုမှန်သည်ဟု ဆိုသူတို့ကတဘက်၊ အဇာန်ရှည်မှန်သည်ဟု ဆိုသူတို့က တဘက်ဖြင့် တယောက်တပေါက် စကားများ ငြင်းခုံကြသည်။ ခရီးသည်လည်း အဇာန်တို အုပ်စုဘက်တွင် ဘယ်လိုက ဘယ်လို ရောက်နေမှန်းမသိပေ။ “ဟေ့ အဇာန်ရှည်ပေးတာ ဗေဒအတ်ကွ”ဟု ပလီမှန်း ကုရ်အာန်မှန်းမသိတဲ့ မူဆာက တရားသံပါပါ အာဏာသံပြင်းပြင်း အဇာန်တို အုပ်စုဘက်သို့လှည့်၍ ဟောက်လိုက်သည်။ “မင်းတို့ အခုပလီထဲမှ ထွက်သွားကြဟေ” ဟူ၍လည်း မိမိသည် အလ္လာဟ်အသျှင်မြတ်ပိုင်သော အများပြည်သူက ဆောက်လုပ်ထားသော ပလီကို သူ့ဘခင် ဦးအီစွတ်ပိုင်သော ပလီကဲ့သို့ သဘောထားကာ မောင်းထုတ်နေပြန်သည်။ တဖက် အဇာန်ရှည်အုပ်စုမှ ကိုအလီကလည်း အားမခံဟေ့ “မိုနာဖစ် (သာသနာ့အရေခြုံ) တွေ၊ မင်းတို့ အဇာန်ကို ပေါက်ပေါက် ဖေါက်သလို ပြတ်တောင်း ပြတ်တောင်း ပေးလို့ ပေးနဲ့ ဘာကောင်တွေလည်း၊ မင်းတို့ကို မပြောချင်လို့ ကြည့်နေတာ၊ မင်းတို့ အားလုံး သာသနာဖျက်တွေ … အခုမင်းတို့တွေ သောဝ်ဗာခတ်ကြ”ဟု ပြင်းပြင်းထန်ထန် မိုးခြိမ်းသံကဲ့သို့ ဟစ်လိုက်ပြီး အနား၌ရှိသော ရေကိုတိုင်ကီအဖုံးအား ဒုန်းကနဲ မည်အောင်တချက် အားရပါးရ ထုချလိုက်သည်။ ဤသို့ဖြင့် သာယာလှသော ရွာကလေးတွင် အဇာန်တို အဇာန်ရှည် ပြဿနာကြောင့် ငြိမ်ဝပ်ပိပြားမှု ကင်းမဲ့ပြီး တဖက်နှင့်တဖက် တင်းမာမှုများသည် မကြာမီ စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲနိုင်သော အခြေသို့ရောက်နေပြီ ဖြစ်သည်။ မကြာပါချေ။ မာမွတ်၊ မူဆာ၊ ဒါဝတ်နဲ့ နူရားတို့ အဇာန်တိုအုပ်စုက တဘက်၊ အလီနဲ့ ကာစင်နှင့် ဒေါ်ခါတွန်တို့ ပါဝင်သော အဇာန်ရှည် အုပ်စုက တဘက်၊ အငြင်းပွားရာသို့ အချင်းမများမီ အချိန်မှီပင် ရွာသူကြီး ဦးဆူလေမန် ရောက်လာပြီး။ “ဟေ့… မင်းတို့အားလုံးရပ်ကြစမ်း၊ တော်ကြစမ်း၊ မင်းတို့တွေအခု ကြည့်စမ်း ရန်ဖြစ်နေကြတာ ဇဟိုရ်ဆွလာသ် အချိန်တောင် လွန်သွားတော့မယ်၊ ကဲကဲ အမြန်ဆုံး ဆွလာသ် ဝတ်ပြုပြီးကြရင် ငါ့တရားရုံးကို လာခဲ့ကြ။ ဘယ်သူမှန်တယ်မှားတယ်ဆိုတာ ငါဖြေရှင်းပေးမယ်” ဟုခေါ်ပြီး ၄င်းကိုယ်တိုင်ပင် ပလီအတွင်းသို့ ဝင်ကာ ဂျမာအတ် ရှေ့ဆောင်၍ ဝတ်ပြုလိုက်ပါသည်။ ဇုဟိုရ်ဝတ်ပြုမှုကား ပြီးချေပြီ။ လူအများသည် ရွာသူကြီး ဦးဆူလေမန် အိမ်တရားရုံးသို့ စုဝေးရောက်ရှိလာကြသည်။ ရွာသားများလည်း ရွာသူကြီးသည် အစ္စလာမ့်ရေးရာများတွင် တိကျစွာ ဆုံးဖြတ်လေ့ရှိသော တရားသူကြီး တဦးဖြစ်သည့်အတွက် ဤကိစ္စတွင် မည်သည့်ဘက်ကမှန်သည် မည်သည့်ဘက်ကမှားသည်ဟူသော အဖြေကို သိလိုသောဆန္ဒ ပြင်းပြကြသဖြင့် အလုအယက်ပင် ရောက်လာကြသည်။ တရားသူကြီးသည် အဇာန်တိုသမားနှင့် အဇာန်ရှည်သမာတို့ကို တဘက်တချက်စီ ရပ်စေခဲ့ပြီး ကြားနေပွဲကြည့်ပရိတ်သတ်များကိုမူ အလည်ကြောမှ နေရာယူ၍ နားထောင်စေခဲ့သည်။ တရားသူကြီးက အမှုကို စတင်စီရင်ရာတွင် အောက်ပါအတိုင်း အမိန့်ကိုချမှတ်လိုက်ပါသည်။ “ကဲ… အဇာန်တိုဘက်မှ ပုဂ္ဂိုလ်များနှင့် အဇာန်ရှည်ဘက်မှ ပုဂ္ဂိုလ်များအားလုံးကို ကြိမ်ဒဏ် (၅)ချက်စီ ရိုက်စေ” “ဟင်” “ဟာ” “ဘယ်လိုဖြစ်တာလဲ၊ ဒါမဖြစ်နိုင်ဘူး၊ တဘက်ဘက်ကတော့ မှန်ရမှာပေါ့၊ တရားသူကြီး ဘယ်လိုဆုံးဖြတ်လိုက်ပါလိမ့်” ပရိတ်သတ်အတွင်းမှ လူအများသည် မကြေမနပ်သံဖြင့် အထက်ပါအတိုင်း ပြောဆိုကြကာ တယောက်မျက်နှာ တယောက်ကြည့်ကာ အံ့သြနေကြသည်။ မကြာမီပင်… “ကဲ… ဘယ်ဘက်က မှန်တယ်၊ ဘယ်ဘက်ကမှားတယ်ဆိုတာ မဆုံးဖြတ်ဘဲ နှစ်ဘက်စလုံးကို အပြစ်ဒဏ် စီရင်လိုက်တဲ့ အကြောင်းကို ခင်ဗျားတို့ သိချင်ကြမယ်” “မုစ်လင်မ်တွေအတွက် အဓိက အရေးကြီးတာက အဇာန်တိုတိုဆိုတာ အဇာန်ရှည်ရှည်ဆိုတာ မဟုတ်ဘူး၊ ဘာမှဟုတ်တဲ့ ကိစ္စလေးအတွက်နဲ့ တဖက်နဲ့တဖက် ခိုက်ရန်ဒေါသဖြစ်ကြပြီး ညီညွတ်ရေး ပျက်ပြားကြတာကတော့ ကြီးမားတဲ့ ပြစ်မှုကြီးဖြစ်တယ်” “မုစ်လင်မ်တွေ ညီညွတ်ရမယ်ဆိုတာက ကျမ်းမြတ် ကုရ်အာန်အရ ဖရဇ်တာဝန်ကြီးဖြစ်တယ်၊ တမန်တော်မြတ်က အထပ်ထပ် အခါခါ သွန်သင်တော်မူခဲ့တယ်။ အဲဒီလို အရေးကြီးတဲ့ ဖရဇ်တာဝန်ကြီးကို ပစ်ပယ်ကြတာမှားတယ်။ အဇာန်ဆိုဘို့သာ အဓိကဖြစ်တယ်၊ အဇာန်တိုတိုဆိုတာ ရှည်ရှည်ဆိုတာက အရေးမကြီးပါဘူး၊ ရှည်ရှည်ဆိုလို့လဲ ဘယ်သူ့ကိုမှ မထိခိုက်ဘူး၊ တိုတိုဆိုလို့လဲ သာသနာ ဆုတ်ယုတ်မသွားဘူး” ကျမ်းမြတ်ကုရ်အာန် (၃း၁၀၂)မှာ “အသင်တို့သည် တစည်း တလုံးတည်း အလ္လာဟ်အသျှင်မြတ်၏ကြိုးကို စွဲမြဲစွာ ဆွဲကိုင်ထားကြကုန်၊ ၄င်းပြင် အသင်တို့သည် အချင်းချင်း သွေးမကွဲကြကုန်လင့်”လို့ ဆိုထားတယ်။ ပြီးတော့ တခါကျမ်းမြတ် ကုရ်အာန် (၃း၁၀၅)မှာ… “မိမိထံသို့ ထငှ်ရာလှစွာသော သက်သေသာဓများ ရောက်ရှိလာပြီးသည့်နောက်တွင်လည်း အချင်းချင်းငြင်းခုံကြပြီးလျှင် အကွဲကွဲ အပြားပြားဖြစ်သူတို့ကဲ့သို့ သင်တို့မဖြစ်ကြကုန်လင့်၊ ဤသို့သောသူများအတွက် ကြီးလေးသော ပြစ်ဒဏ်သည်ရှိ၏…”လို့ ဆိုထားပါတယ်။ နောက်တခါ တမန်တော်မြတ်ရဲ့ သြဝါဒတွေထဲမှာလည်း “မုစ်လင်မ်အချင်းချင်း ညီညွတ်ကြ၊ သွေးကွဲရင် ညီညွတ်ရေးကို ပျက်ပြားအောင် လုပ်ရင် ငရဲလားကြရမည်။ “မုစ်လင်မ်ဆိုတာ အုတ်တချပ်စီနဲ့ တူတယ်၊ အုတ်တချပ်ခြင်း စုပေါင်းပြီး အုတ်တံတိုင်းကြီး ဖြစ်သလို မုစ်လင်မ် လူ့ဘောင်ကြီးဟာလည်း အုတ်တံတိုင်းကြီးလို စုပေါင်းညီညွတ်နေရမည်” လို့ မိန့်ထားပါတယ်၊ ဤသို့ဖြင့် ကျမ်းမြတ်ကုရ်အာန်ဖြင့် တမျိုး၊ ဟဒီးစ် သြဝါဒများဖြင့် တဖုံ၊ ရှင်းလင်းတင်ပြပြီး တရားသူကြီးက အထက်ပါ စီရင်ချက်အတိုင်း ကြိမ်ဒဏ်များကို လူထုရှေ့မှောက်တွင်ပင် ရိုက်စေခဲ့ပါသည်။ အထက်ပါအတိုင်း အမိန့်ချမှတ်ခြင်း ခံရသောသူများအတွင်းမှ အခြားရွာမှ ရောက်လာသူကို ရွှေဧည့်သည် ခရီးသွား လုလင်သည် သတိသံဝေဂတရားများရကာ အောက်ပါအတိုင်း… “အင်း… တရားသူကြီးပြောတာ မှန်ပေသားပဲ၊ ငါတို့ရွာသားတွေသာ ဒီရွာ လာနေရရင် ကြိမ်ဒဏ် အရိုက်ခံရလို့ အရှိုးရာချင်း ထပ်နေရော့မယ်၊ ဘာကြောင့်လည်းဆိုတော့ ရွာသားတွေဟာ မောင်လွဒ် ဖတ်ထိုက် မဖတ်ထိုက်၊ ကေယာမ် ရပ်ထိုက်မထိုက်၊ ဒိုအာ ဆာနီတောင်းထိုက် မတောင်းထိုက် စတဲ့ကိစ္စလေးတွေနဲ့ နေ့စဉ် အငြင်းအပွားပြီး အချင်းများနေကြတာနဲ့ အဓိကကျတဲ့ ညီညွတ်ရေးကြီး ပျက်ပြားနေကြပါလား၊ “အော်… ညီညွတ်ရေး… ညီညွတ်ရေး… မုစ်လင်မ် အားလုံး တည်ဆောက်ရမယ့် ညီညွတ်ရေးပါလား….” (မောင်သဲနီ) (မိုးစက်မှ ပြန်လည်ခံစား တင်ပြသည်)

No comments:

Post a Comment