Thursday 30 August 2012

စကြဝဠာများမှသက်ရှိများ

စကြဝဠာများမှသက်ရှိများ “၄င်းပြင် ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်ကို ခြောက်ရက်တွင် ဖန်ဆင်းတော် မူခဲ့လေသည်။ စင်စစ် ထိုအရှင်မြတ်၏ အရရှ် ပလ္လင်တော်သည် ရေပေါ်၌ ရှိခဲ့လေသည်။ (စကြဝဠာခပ်သိမ်း၊ အရာခပ်သိမ်းကို ဖန်ဆင်းရခြင်းကား) ထိုအရှင်မြတ်သည် အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံး ဖြစ်သည်ကို စမ်းသပ်တော်မူရန် ဖြစ်ပေသည်။ (ကုရ်အာန် ၁၁း၇)
“၄င်းပြင် ထိုအရှင်မြတ်သည် သက်သေလက္ခဏာတော်တို့အနက် တစ်ပါးအပါအဝင် ဖြစ်သည်။ မိုးကောင်းကင်များကို ဖန်ဆင်းခြင်းသည် လည်းကောင်း၊ ကမ္ဘာဂြိုဟ်ကို ဖန်ဆင်းခြင်းသည် လည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်နှစ်ခုလုံးတွင် ဖြန့်ထားတော်မူသော သက်ရှိ အပေါင်းတို့အား ဖန်ဆင်းတော်မူခြင်းသည် လည်းကောင်း၊ ထို့ပြင် ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောအခါ ယင်းတို့အား စုရုံးခြင်းကို လည်းကောင်း ပြုစွမ်းနိုင်တော်မူသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန် ၄၂း၂၉)
“မိုးကောင်းကင်များ၌ လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌ လည်းကောင်း “ရှိကြသောသူဟူသမျှ” တို့သည် အရ်ရဟ်မားန် အနန္တ ကရုဏာတော်ရှင်၏ ရှေ့တော်မှောက်တွင် ကျွန်အဖြစ်နှင့် လာရောက်ရမည့် သူချည်းသာဖြစ်ကုန်၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည် ၄င်းတို့အား ဝန်းခြုံ၍ထားတော်မူသည့်ပြင် ၄င်းတို့အား ရေတွက်၍လည်းထားတော်မူ၏။ စင်စစ် ထိုသူ အသီးသီးတို့သည် ကိယာမသ် ရှင်ပြန်ထမည့် နေ့တွင် တစ်ဦးချင်း လာရောက်ရမည့် သူများသာလျှင် ဖြစ်ကြကုန်၏” (ကုရ်အာန် ၁၉း၉၃-၉၅)
ရုပ်စကြဝဠာကြီးအတွင်း သက်ရှိနှင့် သက်မဲ့ဟူ၍ရှိရာ သက်မဲ့များကို ရုပ်နှင့် စွမ်းအင်အသွင်ဖြင့် တွေ့မြင်နိုင်သည်။ ဥပမာ- မီး(ရုပ်)သည် ပူလောင်စေသော (စွမ်းအင်) သတ္တိရှိ၏။ ကျမ်းမြတ်ကုရ်အာန် (၂၁း ၃၀)၏ ပထမပိုင်းတွင် အလ္လာဟ်သည် စကြဝဠာ အရာခပ်သိမ်းတို့ကို အစုအဝေးတစ်ခုတည်းမှ ခွဲထုတ်ခဲ့ခြင်းကို ခေတ်သစ်သိပ္ပံ၏ မဟာပေါက်ကွဲမှု သီအိုရီက ထောက်ခံနေ၏. ထို့အတူ ထိုအာယာသ်၏ ဒုတိယ ပိုင်းကို ခေတ်သစ်သိပ္ပံ၏ “သက်ရှိတို့၏ အစသည် ရေမှ ဖြစ်ကြောင်း” အဆိုက ထောက်ခံနေပြန်သည်။ အလ္လာဟ်က ငြင်းပယ်သူတို့အား သက်သေများကို တွေ့ပါလျက် မတွေ့မမြင်ကြဘူးလော၊ ဆင်ခြင်ယုံကြည်ခြင်း မရှိကြပါသလောဟု ဆိုထား၏။ သို့သော် သိပ္ပံက အသက်ဟူသည် မည်သည့်အရာဖြစ်ကြောင်း တိကျစွာ မဖော်ပြနိုင်ချေ။
“အလ္လာဟ်၏ ‘အရရှ်ပလ္လင်တော်သည် ရေပေါ်၌ရှိခဲ့သည် ” ဟူသော ကုရ်အာန်၏အဆိုကို ယနေ့ လူသားတို့ တိကျသော ပြန်ဆိုချက်ကို မပေးနိုင်သေးချေ။ ယေဘုယျအားဖြင့် ပြန်ဆိုမှုမှာ သက်ရှိခပ်သိမ်းသည် ရေမှ စတင်တိုးတက်ခဲ့၍ စကြဝဠာအတွင်းရှိ သက်ရှိအားလုံးအပေါ် အလ္လာဟ်၏ ဘုန်းတော် (အရရှ်)နှင့် အာဏာတော်တို့ သက်ရောက်ခြင်းနှင့် မည်သည့်သက်ရှိမျှ အလ္လာဟ်နှင့် ကင်းကွာ၍ မရဘဲ အလ္လာဟ်ထံသို့သာ ပြန်ကြရမည် ဖြစ်ခြင်းကို ဆိုလိုသည်။
ကမ္ဘာဂြိုဟ်ပေါ်တွင် သက်ရှိအဖြစ် သစ်ပင်ပန်းမန် လောက၊ တိရစ္ဆာန်လောကနှင့် လူသားတို့ဟူ၍ (၃)မျိုးတွေ့နိုင်သည်။ ယနေ့ သိပ္ပံက အခြားကမ္ဘာ၊ စကြဝဠာများတွင် သက်ရှိများရှိ-မရှိ စူးစမ်းးလျက်ရှိ၏။ ဖော်ပြပါ ကုရ်အာန် အာယာသ်တော်များအရ အလ္လာဟ်သည်မိုးကောင်းကင် (စကြဝဠာ)များနှင့် ကမ္ဘာဂြိုဟ်နှစ်မျိုးလုံးတွင် သက်ရှိများကို သတ်မှတ်၍ ဖန်ဆင်းဖြန့်ကြဲချထားကြောင်း သက်သေအဖြစ် ကြည့်ရန်ဆိုထား၏။ လူသားတို့ကို ဖန်ဆင်းထားမှု သဘာဝမှာ ရေ၊ မြေ၊ လေ၊ မီး အာကာသဓာတ် စသည်တို့ဖြင့် ဖွဲ့စည်းထားသော်လည်း ခန္ဓာကိုယ်မှာ ထူးခြားစွာ အသွင်ဖြစ်နေ၏။ ထို့ အတူအခြား ကမ္ဘာလောကများမှ သက်ရှိတို့မှာလည်း ရေမှပင် စတင်ခဲ့သော်လည်း လူသားတို့၏ သဘာဝနှင့် တူညီလိမ့်မည်ဟုလည်း မဆိုနိုင်။ ကုရ်အာန် (၉၅း၎) အရ လူသားသည် စကြဝဠာအတွင်း အကောင်းဆုံး ပုံစံဖွဲ့စည်းမှုဖြင့် အလ္လာဟ်က ပြလုပ်ထားကြောင်း ဆိုထားသည်။
အလ္လာဟ်အလိုတော်ရှိက စကြဝဠာတွင်းမှ သက်ရှိများကို စုရုံးစေတော်မူနိုင်၏ဟု ဆိုထားရာ ဤရုပ်လောက၌ပင် တစ်ဦးနှင့်တစ်ဦးကိုဆုံစည်းပေးမည်လော (သို့မဟုတ်) ကိယာမသ် ရှင်ပြန်ထမည့်နေ့တော်တွင်သာ စုရုံးမည်လော ဆိုသည်ကို စောင့်ကြည့်ရန်သာရှိ၏။ သိပ္ပံလောကမှလည်း ကြိုးစားနေကြ၏။ သက်ရှိတို့၏ အရေအတွက်မှာ အလ္လာဟ်၏ သက္ကဒီရ် သတ်မှတ်ချက်အရ ဖြစ်ပေါ်နေ၏။ ထို့ကြောင့် ဖို နှင့်မ ပေါင်းစပ်တိုင်း သန္ဓေသားမရခြင်းသာ ဖြစ်၏။
>စကြဝဠာ (၇)ထပ်နှင့် လမ်းများ၊ တံခါးပေါက်များ
မိုးကောင်းကင် (၇)ထပ် ဟူ၍ ကုရ်အာန်ကျမ်းမြတ် အတွင်းအကြိမ် (၂၀) ကျော် ဖော်ပြထား၏ ။ အာရဗီစာပေအရ (ခုနှစ်)ဂဏန်းသည် အမှန်တကယ် ခုနှစ်(သို့) များပြားမှုကို ဆိုလို၏။ အောက်ပါ အာယာသ် ၂-ခုမှာ သုတေသနပြုဖွယ်၊ စဉ်းစားဖွယ်ရာ ဖြစ်၏။
“၄င်းပြင် ငါအရှင်မြတ်သည် အသင်တို့အထက်ဝယ် လမ်းခုနှစ်သွယ်ကို ဖန်ဆင်းတော်မူခဲ့၏” (ကုရ်အာန် ၂၃း၁၇)
“ငါအရှင်မြတ်သည် လမ်းများစွာရှိသော မိုးကောင်းကင်ကို သက်သေထူတော်မူ၏” (ကုရ်အာန် ၅၁း၇)
စကြဝဠာအတွင်း ဂြိုဟ်၊ နက္ခတ်များတို့သည် ၄င်းတို့အတွက် အလ္လာဟ်သတ်မှတ်ထားရာ လမ်းကြောင်းများတွင် ပုံမှန်သွားနေကြောင်း ဖော်ပြပြီးဖြစ်၏။ သို့သော် ဖော်ပြပါ အာယာသ် ၂-ခုက ဆိုသောလမ်းကြောင်းများမှာ ဂြိုဟ်နက္ခတ်တို့၏ သွားလမ်း (Orbit) ကိုသာ ဆိုလေသလော သို့တည်းမဟုတ်၊ စကြဝဠာများ တစ်ခုနှင့်တစ်ခု ဆက်စပ်သော လမ်းများကိုပင် ဆိုလေသလော ဟူသည်ကို ရှာဖွေသင့်၏။ (ကုရ်အာန် ၁၅း၁၄။ ၇၈း၁၉) တို့တွင် တံခါးပေါက်များနှင့် ရှိသောဘလက်ဟိုး (Black Hole) ခေါ် စကြဝဠာ၏ တွင်းနက်ကြီးများနှင့် ဆက်စပ်ကောင်း ဆက်စပ်နေပေမည်။ (ကိယာမသ်ကဏ္ဍတွင်ကြည့်ပါ)။ ကုရ်အာန် ၅၅း၃၃ အရ လူသားတို့သည် ရုပ်စကြဝဠာကြီးကို အလ္လာဟ်ထံမှ စွမ်းအားအထူးရသူများ ထိုးဖောက်နိုင်စွမ်း ရှိမည်ဟုဆိုလိုသည်။ ဥပမာ မလာအိကဟ် စကြဝဠာတမန်တော် ဂျီဘရာအီလ်သည် အလ္လာဟ်ထံမှ တရားရောင်းခြည် ဝဟီလမ်းညွှန်တို့ကို ကမ္ဘာမြေရှိလူသား တမန်တော်တို့ထံ ပို့ဆောင်ပေး၏၊ လူသားတို့တွင် နောက်ဆုံး တမန်တော်ချုပ် မုဟမ္မဒ်သခင်သည် စကြဝဠာ(၇)ထပ်ကိုဖြတ်၍ အလ္လာဟ်ထံ (အကွယ်မှတွေ့ရန်) မိအ်ရာဂ်ျခရီးကြွမြန်းတော်မူခဲ့၏။
>လူသားတို့၏ ကမ္ဘာဂြိုဟ်ထဲသို့ အခြား ကမ္ဘာများစွာရှိခြင်း
အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် မိုးကောင်းကင်ခုနှစ်ထပ်ကိုလည်း ဖန်ဆင်းတော်မူခဲ့၏။ ၄င်းပြင် ကမ္ဘာဂြိုဟ်ကိုလည်း ယင်းကဲ့သို့ပင် (ဖန်ဆင်းတော်မူခဲ့၏)၊ ယင်း မိုးမြေတို့အကြားဝယ် အမိန့်တော် (အမရ်)များ ဆင်းသက်လေသည်” (ကုရ်အာန် ၆၅း၁၂)
အထက်ပါ အာယာသ်တော်အရ စကြဝဠာများစွာ ဖန်ဆင်းထားသကဲ့သို့ (မစ္စလဟွန်းန- ယင်းသို့ကဲ့သို့ပင်) ကမ္ဘာဂြိုဟ်များကိုလည်း များစွာ ဖန်ဆင်းထားသည်ဟု ဆိုလိုခြင်း ဖြစ်သလော။ သို့မဟုတ် မိုး(၇)ထပ်၏ သဘာဝကဲ့သို့ပင် ကမ္ဘာဂြိုဟ်၏ သဘာဝကိုဖန်ဆင်းထားသလော။ ယနေ့ သိပ္ပံပညာက ကမ္ဘာဂြိုဟ်ကဲ့သို့ သက်ရှိနေနိုင်သော ဂြိုဟ်မျိုး စကြဝဠာအတွင်း၌ ရှိမရှိကို ရှာဖွေ စူးစမ်းဆဲဖြစ်သည်။ များစွာသော သိပ္ပံပညာရှင်တို့က ရှိလိမ့်မည်ဟု ယုံကြည်နေကြလေသည်။ “မိုးကောင်းကင်များ၌ ရှိသမျှတို့သည် လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌ ရှိသမျှတို့သည် လည်းကောင်း၊ မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်၏ အကြားဝယ် ရှိသမျှတို့သည်လည်းကောင်း၊ မြေအောက်၌ ရှိသမျှတို့သည် လည်းကောင်း ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများသာလျှင် ဖြစ်ကုန်၏” (ကုရ်အာန် ၂၀း၆)
အထက်ပါ အာယာသ်တော်များအရ မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်အကြားရှိ အရာများသည် မည်သည့်အရာဖြစ်သည်ကို သိပ္ပံပညာက ရှာဖွေ ဆန်းစစ်သင့်သောအရာ ဖြစ်ပေသည်။
>ရှိုဿွာန်နှင့် မီးကျီ
“ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် အနီးဆုံး(အောက်ဆုံး) ဖြစ်သော မိုးကောင်းကင်ကို မီးအိမ်များဖြင့် တင့်တယ်သိုက်မြိုက်စွာ ဆင်ယင်ထားတော်မူသည့်ပြင် အရှင်မြတ်သည် ယင်းမီးအိမ်များကို ရှိုဿွာန် မိစ္ဆာကောင်များအား ပစ်ခတ်ရန် လက်နက်ကိရိယာများ ပြုလုပ်တော်မူခဲ့၏…..” (ကုရ်အာန် ၆၇း၅)
“ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းမိုးကောင်ကို နှင်ထုတ်ခြင်းခံရသော ရှိုဿွာန် အသီးသီးတို့မှ ထိန်းသိမ်းစောင့်ရှောက်တော်မူ၏။ သို့ရာတွင် အကြင်ရှိုဿွာန်ကောင် (တစ်ဦးဦး) သည် တိတ်တဆိတ် (စကား)နားထောင်ခဲ့ပါလျှင် (ခိုးဝှက် နားထောင်ခဲ့ပါလျှင်) လင်းဝင်းသော မီးတောက်မီးလျှံသည် ယင်း၏နောက်သို့ (ထပ်ကြပ်မကွာ) လိုက်လေတော့သတည်း” (ကုရ်အာန် ၅း၁၇း၁၈)
စမာအတ်ဒုနိယာ ခေါ် ကမ္ဘာဂြိုဟ်၏ မိုးကောင်းကင် နယ်နိမိတ် သတ်မှတ်ချက်ကို အလ္လာဟ်၏ အထူးစွမ်းအားပေးသူ (ခွင့်ပြုသူ)များမှ တစ်ပါး ထိုးဖောက်နိုင်စွမ်း မရှိချေ။ အလ္လာဟ်သည် စောင့်ကြပ်ရန် မလာအိကဟ် ကောင်းကင်တမန်တော်တို့အား အဆင်သင့် တာဝန်ခွဲပေးထားပြီးဖြစ်၏။ အမိန့်တော်များ ပေးထားပြီးဖြစ်၏။ ရှိုဿွာန် မည်သူနည်း။ ကုရ်အာန် ၁၁၄း၆ အရ ရှိုဿွာန်သည် လူသားတို့အတွင်း၌ လည်းရှိ၏။ ဂျင်န်များအတွင်း၌လည်းရှိသည်ဟု ဆိုထား၏။ မကောင်းမှုအတွက် သတင်းများ နားထောင်ရန် သတ်မှတ်နယ်နိမိတ်ကို ကျော်လွန်က (ယှိဟဘ်) မီးတောက် မီးလျှံ လိုက်၏ဟု ဆိုထား၏။ တိကျသော ဖွင့်ဆိုမှုကို မပေးနိုင်သေးချေ။ လူသားတို့ အသိဉာဏ် မြင့်မားလာက အလ္လာဟ်၏ သက်သေလက္ခဏာတို့ကို ပို၍ သိလာမည်သာဖြစ်၏။
ယနေ့ လူသားတို့သည် ကမ္ဘာ၏ ဝန်းကျင်လောက်သာ သုတေသနပြုဆဲဖြစ်၏။ နေမိသားစုကိုပင် ပြီးပြည့်စုံစွာ မသိကြသေးချေ။ တွေ့ရှိမှုအသစ်များ တွေ့ဆဲဖြစ်၏။ လူမပါသော Voyager 2 အာကာသယာဉ်သည် ၁၉၈၆ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့တွင် နေမိသားစု၏ ဂြိုဟ် (၉)လုံးအနက် (၇)ခုမြောက် အဝေးဆုံးဂြိုဟ် ယူရေးနပ်စ်အနီးသာ ရောက်သေး၏။ ကမ္ဘာပတ် လမ်းကြောင်းတွင်ရှိ လူသားတို့၏ ထောက်လှမ်းရေး ဂြိုဟ်တုများမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကမ္ဘာမှ လူသားတို့၏ သတင်းများကိုသာ (လျှို့ဝှက်) စုံစမ်း နားထောင်နိုင်မည်။ အလ္လာဟ်ထံမှ သတင်းစကားတို့ကိုကား မရနိုင်ချေ။ အလ္လာဟ်ရှိကြောင်း သက်သေများကိုကား ရှာတွေ့နိုင်မည် ဖြစ်ပေသတည်း။

No comments:

Post a Comment