Thursday 30 August 2012

ကာလ (၆)ဆင့်

ကာလ (၆)ဆင့် အလ္လာဟ်အရှင်မြတ်သည် လောကစကြဝဠာခပ်သိမ်း၊ သက်ရှိသက်မဲ့ အပေါင်းကို ကာလ(၆)ဆင့်ဖြင့် ထင်ရှား ဖြစ်ပေါ်စေခြင်းနှင့် စပ်လျဉ်း၍ ယနေ့အထိ လူသားတို့၏ သိပ္ပံနှင့် ဉာဏ်က အကုန်အစင် မမီသေးချေ။ အာယာသ်တော်အချို့ကို ဖော်ပြပါမည်။
“ထို(အလ္လာဟ်)အရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ ကမ္ဘာဂြိုဟ်ကို လည်းကောင်း၊ မှန်ကန်တိကျစွာဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။ ၄င်းပြင် ထိုအရှင်မြတ်က ဖြစ်စေ ဟူ၍မိန့်ကြားတော်မူသော နေ့တွင် ဖြစ်သွားလတ္တံ့” (ကုရ်အာန် ၆း၇၃)
အလ္လာဟ်အရှင်မြတ်သည်ပင် မိုးကောင်းကင်များကို လည်းကောင်း၊ ကမ္ဘာဂြိုဟ်ကို လည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်အကြား ရှိသမျှတို့ကို လည်းကောင်း၊ ၆ ရက်တွင် ဖန်ဆင်းတော်မူခဲ့ပြီးနောက် အရရှ်ပလ္လင်တော်ထက်ဝယ် စံမြန်းတော်မူခဲ့၏”(ကုရ်အာန် ၃၂း၎)
“စင်စစ် ထိုအရှင်မြတ်၏ အရရှ်တော်သည် ရေပေါ်၌ ရှိခဲ့လေသည်။ (အရာခပ်သိမ်းကို ဖန်ဆင်းရခြင်းကား) ထိုအရှင်မြတ်သည် အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်တော်မူအံ့သောငှာ ဖြစ်၏” (ကုရ်အာန် ၁၁း၇)
“ထိုအရှင်မြတ်၏ ကုရ်စီတော် (ဉာဏ်တော်၊အာဏာတော်)တို့သည် အာကာသကောင်းကင်များနှင့်တကွ ကမ္ဘာဂြိုဟ် တစ်ခွင်လုံးကို ဝန်းခြုံလျက်ရှိချေ၏” (ကုရ်အာန် ၂း၂၅၅)
“ထိုအရှင်မြတ်သည် မိုးကောင်းကင်(၇)ထပ်ကို အထပ်ထပ် ဖန်ဆင်းတော်မူခဲ့၏။ အသင်တို့သည် အရ်ရဟ်မားန်အနန္တ၊ ကရုဏာတော်ရှင်၏ ဖန်ဆင်းမှုတွင် ကွာခြားမှု၊ မဆီလျှော်မှုဟူ၍ လုံးဝတွေ့ရမည် မဟုတ်” (ကုရ်အာန်၆၇း၃)
“ပြောလော့ အသင်တို့သည် ကမ္ဘာဂြိုဟ်ကို နှစ်ရက်(ကာလနှစ်ခု)ဖြင့် ဖန်ဆင်းတော်မူခဲ့သော အရှင်မြတ်အား သွေဖည်ငြင်းပယ်ကြသလော့။ ထို့ပြင် အသင်တို့သည် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူများကို ပြုလုပ်ထားကြလေသလော့။ ထိုအရှင်မြတ်သည်ပင် စကြဝဠာလောကခပ်သိမ်းတို့ကို ဆင့်ကဲဖြစ်စဉ်အရ ဖန်ဆင်း မွေးမြူတော်မူသော အရှင်ဖြစ်တော်မူ၏”
“၄င်းပြင် အရှင်မြတ်သည် ကမ္ဘာဂြိုဟ်ဝယ် လေးလံသောတောင်များကို ယင်းကမ္ဘာဂြိုဟ်အပေါ်၌ ပြုလုပ်ထားတော်မူခဲ့၏။ ထို့ပြင် ယင်းကမ္ဘာဂြိုဟ်ဝယ် အကျိုးကျေးဇူးများကို ပွားများစေတော်မူခဲ့၏။ ထို့ပြင် ယင်းကမ္ဘာဂြိုဟ်၌ပင် ၄င်းမှ ထွက်သော အစာအာဟာရများကို တိုင်းတာသတ်မှတ်တော်မူခဲ့၏။ (ယင်းအမှုကိစ္စ အလုံးစုံတို့မှာ) လေးရက်(ကာလ ၄-ခု)၌ ပြီးမြောက်ခဲ့၏။ (ဤသည်) မေးမြန်းသူတို့အဖို့ ညီမျှ(သောအဖြေ)ဖြစ်၏” (ကုရ်အာန် ၄၁း၉-၁၀)
“၄င်းပြင် ထိုအရှင်မြတ်သည် မိုးကောင်းကင်ဘက်သို့ လှည့်တော်မူခဲ့၏။ ထိုအချိန်တွင် ယင်းမိုးကောင်းကင်သည် မီးခိုး၊ အခိုး အငွေ့သာဖြစ်နေခဲ့၏။ ထိုအခါ ထိုအရှင်မြတ်သည် မိုးကောင်းကင်ကို လည်းကောင်း၊ ကမ္ဘာဂြိုဟ်ကို လည်းကောင်း၊ အသင်တို့ ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည် ဖြစ်စေ လာကြကုန်ဟု မိန့်ကြားတော်မူခဲ့ရာ ယင်းတို့က ကျွန်တော်မျိုးတို့သည် ကျေနပ်စွာလာခဲ့ကြပါပြီဟု လျှောက်ထားခဲ့ကြလေသည်”
“ထို့နောက် အရှင်မြတ်သည် ယင်းမိုးကောင်းကင်ကို နှစ်ရက်(ကာလ ၂-ခု) ၌ (၇)ထပ် ပြုလုပ်တော်မူခဲ့၏။ ထို့ပြင် မိုးကောင်းကင် အသီးသီး၌ ၄င်းတို့နှင့်သက်ဆိုင် သင့်မြတ်သော ဝဟီလမ်းညွှန် အမိန့်တော် အသီးသီးကို ထုတ်ပြန်တော်မူခဲ့၏။ ထို့ပြင် ငါ အ၇ှင်မြတ်သည် အနီးဆုံး (ဖြစ်သော အောက်ဆုံး) မိုးကောင်းကင်ကို ကြယ်နက္ခတ်တို့ဖြင့် တန်ဆာဆင်ယင်တော်မူခဲ့၏။ ထိန်းသိမ်းတော်မူခဲ့၏။ ဤသည် အလွန်တရာ နိုင်နင်း လွမ်းမိုးတော်မူသော အရှင်၊ အကြွင်းမဲ့ သိတော်မူသော အရှင်မြတ်၏ သက္ကဒီရ် စီမံသတ်မှတ်ပြဋ္ဌာန်းမှုပင်ဖြစ်၏” (ကုရ်အာန် ၄၁း၁၁-၁၂) ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် အနီးဆုံး (အောက်ဆုံး) ဖြစ်သော မိုးကောင်းကင်ကို မီးအိမ်များဖြင့် တင့်တယ်သိုက်မြိုက်စွာ ဆင်ယင်ထားတော်မူသည့်ပြင် အရှင်မြတ်သည် ယင်းမီးအိမ်များကို ရှိုဿွာန် မိစ္ဆာကောင်များအား ပစ်ခတ်ရန် လက်နက်ကိရိယာများ ပြုလုပ်တော်မူခဲ့၏” (ကုရ်အာန် ၆၇း၅)
“ထိုအရှင်မြတ်သည် မိုးကောင်းကင်များကို အသင်တို့ မမြင်နိုင်ကြသော တိုင်များဖြင့် ဖန်ဆင်းတော်မူခဲ့၏။ ၄င်းပြင် ထိုအရှင်မြတ်သည် ကမ္ဘာဂြိုဟ်၌ ယင်းကမ္ဘာဂြိုဟ်သည် အသင်တို့နှင့်တကွ ယိမ်းယိုင်မသွားစေရန် လေးလံသော တောင်များကို (ကျောက်ဆူးသဖွယ်)ချ ထားတော်မူခဲ့၏။ ထို့ပြင် ထိုအရှင်မြတ်သည် ယင်းကမ္ဘာဂြိုဟ်ဝယ် သတ္တဝါ အမျိုးမျိုးတို့ကို ပြန့်ပွားစေတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်မှ ရေကိုချပေးသနားတော်မူပြီးနောက် ယင်းကမ္ဘာဂြိုဟ်၌ ကောင်းမြတ်သော (သီးနှံ သစ်ပင်) အမျိုးမျိုးတို့အား ပေါက်ရောက်စေတော်မူပေသည်။ ဤသည်ကား အလ္လာဟ်၏ ဖန်ဆင်းခံ၊ ဖန်ဆင်းမှုများပင်၊ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အပြင် အခြားမည်သူတို့ကို မည်သည့်အရာများ ဖန်ဆင်းခဲ့ကြသည်ကို ငါ့အားပြသကြကုန်လော့။ ထိုသို့ အလျင်းမဟုတ်ချေ။ စင်စစ် မတရားသူတို့သည် ထင်ရှားစွာသော လမ်းမှား၌ပင် ရှိကြကုန်၏” (ကုရ်အာန် ၃၁း၁၀ မှ ၁၁)
“ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်ကို ခြောက်ရက် (ကာလ၆ ခု)ဖြင့် ဖန်ဆင်းတော်မူခဲ့သော အရှင်ဖြစ်၏။ ထို့နောက် ထိုအရှင်မြတ်သည် အရရှ်ပလ္လင်ထက်ဝယ် စံမြန်းတော်မူခဲ့၏။ (တစ်နည်း ထို့နောက်အလ္လာဟ်၏ ဘုန်းတော် အာဏာတော်တို့သည် ဖန်ဆင်းခံခပ်သိမ်းတို့အပေါ် သက်ရောက်လေတော့သည်။) ထိုအရှင်မြတ်သည် ကမ္ဘာဂြိုဟ်၌ ဝင်သောအရာကိုလည်းကောင်း၊ ယင်းကမ္ဘာဂြိုဟ်မှထွက်သော အရာကို လည်းကောင်း၊ မိုးကောင်းကင်မှ ဆင်းသောအရာကို လည်းကောင်း၊ ယင်းမိုးကောင်းကင်၌ တက်သော အရာကို လည်းကောင်း သိတော်မူ၏။ ၄င်းပြင် အသင်တို့ ရှိကြသော မည်သည့်နေရာ၌မဆို ထိုအရှင်မြတ်သည် အသင်တို့နှင့်အတူ ရှိနေတော်မူ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုလုပ်သမျှတို့ကို အကြွင်းမဲ့သိမြင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူ၏” (ကုရ်အာန် ၅၇း၎)
“အကယ်၍သာ ယင်းမိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်တို့သည် တိမ်းပါးရွေ့လျားသွားခဲ့သော် အလ္လာဟ်မှတစ်ပါး မည်သူကမျှ ယင်းတို့ကို မုချထိန်သိမ်းနိုင်မည် မဟုတ်ချေတကား” (ကုရ်အာန် ၃၅း၄၁)
>မဟာပေါက်ကွဲမှုကြီး မည်သူ ပြုလုပ်ခဲ့သနည်း
အဏုမြူမှုန်ကလေးအတွင်းမှ ဓာတ်ငွေ့များ လည်ပတ်ရာလမ်းကြောင်းများ၊ နိယာမများနှင့် အာကာသ စကြဝဠာကြီးတွင် ဂြိုဟ် ကြယ်၊ နက္ခတ်တာရာများ မိမိတို့ကိုယ်တိုင် လည်ပတ်နေမှု၊ အရှိန်မှန်စွာ ရွေ့လျားနေမှု၊ သတ်မှတ်ထားရာ လမ်းကြောင်းများရှိမှု၊ အချိန်မှန်စွာ သွားလာနေမှု၊ စကြဝဠာကြီးကျယ်ပြန့်ကားနေမှု၊ လူသားတို့ မထိုးဖောက်နိုင်မှု စသည်တို့မှ စကြဝဠာကြီး၏ အစ မဟာပေါက်ကွဲမှုအထိ ကုရ်အာန်ကျမ်းမြတ်၏ ဖော်ပြချက်ကို သိပ္ပံပညာက ထောက်ခံနေပြီး ဖြစ်သည်။
သို့သော် မည်သည့်အရာ (သို့မဟုတ်) မည်သူက မဟာပေါက်ကွဲမှုကြီးကို ဖြစ်စေခဲ့သနည်း။ စကြဝဠာအတွင်း ရုပ်နှင့် စွမ်းအင်တို့ကို မည်သည့်အရာက ဖြစ်စေခဲ့သနည်း စသည်တို့ကို သိပ္ပံပညာက မဖြေနိုင်သေးချေ။ စင်စစ် ကုရ်အာန်၏ အာယာသ်တို့ကို နှလုံးသား တံခါးပိတ်၍ မဆင်ခြင်၍သာ ဖြစ်သည်။ စကြဝဠာကြီးသည် ဒုတိယအကြိမ် အစိတ်အပိုင်းတစ်ခုတည်း ပြန်ဖြစ်ဦးမည်။ စကြဝဠာအသစ်ဖြစ်၍ လူသားတို့ တရားစစ်ဆေးခံရမည့် နေ့တော်ကြီးကို ရောက်ဦးမည်ဖြစ်သည်။ ကိယာမသ် ကဏ္ဍတွင် အသေးစိတ်ကြည့်ပါ။
“စင်စစ် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်သည် မူလကပူးကပ်လျက် ရှိခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်းနှစ်ခုလုံးကို တစ်ခုစီ ခွဲခြားတော်မူခဲ့၏။ (ဤအချက်ကို) မယုံကြည်သူတို့ မသိမမြင်ခဲ့ကြ လေသလော့….” (ကုရ်အာန် ၂၁း၃၀)
“စင်စစ် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား ကြည်ညိုလေးစားအပ်သည့်အတိုင်း ကြည်ညိုလေးစားခြင်း မပြုခဲ့ကြ။ စင်စစ် ကိယာမသ် ရှင်ပြန်ထရမည့် နေ့တွင် ကမ္ဘာဂြိုဟ် တစ်ခုလုံးမှာ ထိုအရှင်မြတ်၏ လက်တစ်ဆုပ်စာပင် ရှိမည်သာမက မိုးကောင်းကင်များမှာလည်း ထိုအရှင်မြတ်၏ လက်ယာ လက်တော်တွင်းဝယ် လိပ်ထားလျက်ပင် ရှိကြပေမည်။ ထိုအရှင်မြတ်မှာမူကား ၄င်းတို့ တွဲဖက် နှိုင်းယှဉ်ကိုးကွယ်ကြသည်တို့မှ လုံးဝစင်ကြယ်သန့်ရှင်းတော်မူသည့်ပြင် ထိုအရှင်မြတ်သည် (ထို အရာတို့ထက် အတိုင်းမရှိ) မြင့်မြတ်လှတော်မူပေသတည်း” (ကုရ်အာန် ၃၉း၆၇)

No comments:

Post a Comment