Thursday 30 August 2012

မဟာစကြဝဠာများ

မဟာစကြဝဠာများ “ထို (အလ္လာဟ်)အရှင်မြတ်သည် မိုးကောင်းကင် ခုနှစ်ထပ်ကို အထပ်ထပ် ဖန်ဆင်းတော်မူခဲ့၏။ အသင်သည် အရ်ရဟ်မာန်း အနန္တ ကရုဏာတော်ရှင်၏ ဖန်ဆင်းမှု၌ ကွာခြားမှု မဆီလျှော်မှု၊ ဟူ၍ကား လုံးဝ တွေ့ရှိရမည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် မျက်စိကို မော့၍ ကြည့်လော့။ အသင်သည် တစ်စုံတစ်ရာ အက်ကွဲမှု တွေ့မြင်ရလေသလော့။ ထို့နောက် အသင်သည် မျက်စိကို ပြန်မော့၍ အကြိမ်ကြိမ်ပြန်လည် ကြည့်ရှုလော့။ မျက်စိသာလျှင် အသင်တို့ထံသို့ အရှက်ရ၍ ညောင်း၍ ပြန်လာမည် ဖြစ်သည်။ (ကုရ်အာန် ၆၇း၃-၄)
“ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် အနီးဆုံး (အောက်ဆုံး) ဖြစ်သော မိုးကောင်းကင်ကို မီးအိမ်များဖြင့် တင့်တယ်သိုက်မြိုက်စွာ ဆင်ယင်ထားတော်မူသည့်အပြင် ထိုအရှင်မြတ်သည် ယင်းမီးအိမ်များကို ရှိုဿွာန် မိစ္ဆာကောင်များအား ပစ်ခတ်ရန် လက်နက်ကိရိယာများ ပြုလုပ်တော်မူခဲ့၏။ (ကုရ်အာန် ၆၇း၅)
အာရဗီ စာပေတွင် ခုနှစ်ဟူသည် မြောက်များစွာ ရှိခြင်း(သို့မဟုတ်) အမှန်တကယ် ခုနှစ်ကို ဆိုလိုသည်။ ထို့ကြောင့် မိုးကောင်းကင် ခုနှစ်ထပ် ဟူသည် ရုပ်စကြဝဠာကြီးကို အလ္လာဟ်သည် (၇) လွှာပြုလုပ်ထား၏။ (သို့မဟုတ်) စကြဝဠာပေါင်း မြောက်များစွာ ပြုလုပ်ထားသည်ဟု ဆိုလိုခြင်း ဖြစ်၏။ ကျွန်ုပ်တို့ နေမိသားစုရှိရာ စကြဝဠာသည် အောက်ဆုံးထပ် “စမာအတ်ဒုနိယာ” ဖြစ်၏။
ယခင်ခေတ်များကို လူသားတို့သည် အာကာသကို တယ်လီစကုတ်ခေါ် မှန်ပြောင်းများဖြင့်သာ ကြည့်ရှုခဲ့ကြ၏။ ယနေ့ သိပ္ပံခေတ်တွင် ရေဒီယိုတယ်လီစကုတ်များ၊ ဂြိုဟ်တုများဖြင့် ကြည့်ရှုနေကြပေပြီ။ ၁၉၆၀ ခုနှစ် ကာလများထိ ကမ္ဘာမြေမှ အလင်း နှစ်သန်းပေါင်း ၅၀၀ အကွာအဝေးထိသာ ကြည့်ရှုလေ့လာနိုင်ခဲ့ကြ၍ ကျွန်ုပ်တို့၏ ဂလက်ဆီ (ကြယ်အစုအဝေးကြီ) အပြင် အခြားသော ဂလက်ဆီ ကြယ်အစုအဝေးကြီးပေါင်း သန်း ၁၀၀ မျှထိ တွေ့ရှိခဲ့ကြသည်။
ယခုအခါ ကမ္ဘာမြေမှ အလင်းနှစ်ပေါင်း 10 billion အကွာအဝေးထိ ကြည့်ရှုလေ့လာနိုင်ပေရာ ဂလက်ဆီကြီးများ ပို၍များစွာ တွေ့ရှိခဲ့ပေသည်။ မဆုံးနိုင်သေးချေ။ ကျွန်ုပ်တို့၏ ဂလက်ဆီ (နဂါးငွေ့တန်း) နှင့် အနီးဆုံး အခြားသော ဂလက်ဆီ မဟာစကြဝဠာကြယ် အစုအဝေးကြီးတစ်ခုမှာ “အင်ဒရိုမီဒါ (Andromeda) ဖြစ်သည်။ ကျွန်ုပ်တို့၏ နေမှ အလင်းရောင်နှုန်း (တစ်စက္ကန့်လျှင် ၁၈၆၀၀၀ မိုင်နှုန်း)ဖြင့် သွားပါက နှစ်ပေါင်း ၂သန်း ကြာမျှ ရောက်နိုင်မည် မခြားသော ဂလက်ဆီများသို့ဆိုလျှင် ပိုဝေးလံ၍ ပို၍ အချိန်ကြာမည် ဖြစ်သည်။
>ကျွန်ုပ်တို့၏ ဂလက်ဆီ ကျယ်ပြန့်နေသော စကြဝဠာ Expanse of Universe
“၄င်းပြင် ငါအရှင်မြတ်သည် စကြဝဠာကို ဘုန်းတော်ဖြင့် ပြုလုပ်တော်မူခဲ့၏။ စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် ကျယ်ဝန်းစေတော်မူသော ဘုန်းတော်ရှင်ဖြစ်စေတော်မူ၏” (ကုရ်အာန် ၅၁း၄၇) အထက်ပါ ကုရ်အာန်၏ အာယာသ်တော်ကို နှစ်ပိုင်းခွဲ၍ တွေ့နိုင်ပေ၏
(၁)။ စကြဝဠာကို အလ္လာဟ်အရှင်မြတ်၏ဘုန်းတော် (အိုက်ဒင်း)ဖြင့် ပြုလုပ်မှု၊
(၂)။ စကြဝဠာကို ကျယ်ပြန့်ကားစေမှု (မူစီအူန်း)တို့ဖြစ်သည်။ စကြဝဠာကို အလ္လာဟ်အရှင်မြတ်၏ ဘုန်းတော်ဖြင့်ပြုလုပ်မှု ယနေ့ခေတ် သိပ္ပံက အထက်ပါ အာယာသ်တော်ကို ထောက်ခံပြန်လေပြီ။ အလ္လာဟ်အရှင်မြတ်သည် စကြဝဠာခပ်သိမ်းနှင့် ယင်းအတွင်းရှိ သက်ရှိသက်မဲ့ အပေါင်းတို့ကို ထင်ရှားဖြစ်ပေါ်စေရာတွင် (အိုက်ဒင်း) အရာအားလုံးကို လွယ်ကူစွာပြုလုပ်နိုင်သော ဘုန်းတော်၊ အကြွင်းမဲ့သိတော်မူသော ဉာဏ်တော်စွမ်းရည်တော် ဂုဏ်တော်အနန္တဖြင့် စနစ်တကျ သတ်မှတ်၍ုပြုလုပ်တော်မူခဲ့၏။ အရာခပ်သိမ်းကလည်း အလ္လာဟ်၏ သတ်မှတ်မှုသက္ကဒီရ်နှင့် အလ္လာဟ်၏ အမိန့်တော် ဝဟီလမ်းညွှန်ကိုနာခံနေကြ၏။
“ဧကန်မလွဲ ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို (ကဒရ်) တိုင်းတာ သတ်မှတ်၍ ဖန်ဆင်းတော်မူခဲ့၏” (ကုရ်အာန် ၅၄း၄၉)
“ထို့ပြင် မိုးကောင်းကင်အသီးသီး၌ ယင်းနှင့် သက်ဆိုင်သင့်မြတ်သော ဝဟီ အမိန့်တော်ကို ထုတ်ပြန်တော်မူခဲ့၏” (ကုရ်အာန် ၄၁း၁၂)
“အမှန်သော်ကား အလ္လာဟ်အရှင်မြတ်၏ အာယာသ်တော်များ (ဥပဒေများ)ကို မည်သူမျှ ပြောင်းလဲနိုင်သည် မဟုတ်ချေ” (၆း၃၄)
“အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှုတွင် မည်သည့် ပြောင်းလဲမှုမျှပင် အလျှင်းမရှိချေပြီ” (ကုရ်အာန် ၃၀း၃၀)
အလ္လာဟ်အရှင်မြတ် သတ်မှတ်ချက် သက္ကဒီရ်နှင့် မပြောင်းလဲနိုင်သော ဥပဒေများကို သိပ္ပံပညာက သဘာဝ၊ နိယာမ၊ ဥပဒေသများ အသွင် ရှာဖွေတွေ့ရှိခြင်းသာဖြစ်၏။ ဥပမာ စွမ်းအင်ကို ဖျောက်ဖျက်၍ မရ၊ အသစ် ဖန်တီး၍လည်း မရ (စွမ်းအင်တည်မြဲမှုနိယာမ)ဟူသည် သိပ္ပံ၏ အဆိုမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ က ကုရ်အာန်ကို ထောက်ခံမှုသာ ဖြစ်၏။ ဖန်ဆင်းရှင် အလ္လာဟ်မရှိဟု ဆိုခြင်းမဟုတ်။ ဖန်ဆင်းရှင် အလ္လာဟ်မှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက် တစ်စုံတစ်ရာကမျှ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှု၌ အသစ် ဖန်ဆင်းထည့်သွင်းခြင်း (သို့မဟုတ်) လုံးဝ ဖျောက်ဖျက်ပစ်ခြင်းကို မလုပ်နိုင်ကြောင်း ကုရ်အာန်၏ အဆိုနှင့် ကျမ်းရှင် အလ္လာဟ်ကို ထောက်ခံမှုသာ ဖြစ်၏ ရုပ်နှင့် စွမ်းအင်တို့ကို အသွင်ပြောင်းလဲမှုသာ လုပ်နိုင်ကြတော့မည် ဖြစ်၏။ တိုးခြင်း၊ လျှော့ခြင်း ပြု၍မရတော့။
ကုရ်အာန် ၅၁း၄၇ ဒုတိယပိုင်းမှာ အလ္လာဟ်သည် စကြဝဠာကို ဘုန်းတော်ဖြင့် ထင်၇ှား ဖြစ်ပေါ်စေပြီးနောက် (မူစီအူးန်) ကျယ်ဝန်းစေတော်မူသော အရှင်ဖြစ်ကြောင်း ဆိုထားမှုဖြစ်၏။ စင်စစ် အလ္လာဟ်သည် စကြဝဠာခပ်သိမ်းနှင့် သဘာဝတရားတို့၏ အရှင်ဖြစ်ကြောင်းကို သံသယရှိသူများအတွက် သက်သေလက္ခဏာ ပေးလိုက်ခြင်းသာဖြစ်၏။ သံသယရှိသူတို့ စကြဝဠာကိုလေ့လာပါက စကြဝဠာကြီး ကျယ်ပြန့်နေမှုကို အမှန်တွေ့ရမည်ဖြစ်ပြီး ကျယ်ပြန့်မှုကို ပြုလုပ်နေသော အလ္လာဟ်နှင့် အလ္လာဟ်၏လမ်းညွှန် ကုရ်အာန်ကိုလက္ခံရန် ထပ်ဆင့် သက်သေပေးထားခြင်းဖြစ်၏။ ၁၉၂၉ တွင် သိပ္ပံပညာရှင် အက်ဒဝင် ဟတ်ဘဲလ် (Edwin Hubble) က ကျွန်ုပ်တို့၏ စကြဝဠာကြီးသည် ကျယ်ပြန့်ကားလျှက်ရှိနေကြောင်း သက်သေပြနိုင်ခဲ့၏။ သို့သော် သိပ္ပံပညာရှင် အိုင်စတိုင်းက ၁၉၃၁ ခုနှစ်ကျမှသာ ထပ်ဆင့် ထောက်ခံခဲ့၏။ စကြဠာတွင်းရှိ ဂလက်ဆီကြယ် အစုအဝေးကြီးများ အားလုံးတို့သည် (မဟာပေါက်ကွဲမှုကြီး အပြီးတွင်) ဂလက်ဆီ အချင်းချင်းထံမှ အလွန်ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပြန့်ကားရွေ့လျားနေခြင်းပင်ဖြစ်၏။ အချို့ ဂလက်ဆီကြီးများမှာ တစ်နာရီလျှင် မိုင်သန်း ၁၀၀ နှုန်းဖြင့်ပင် ရွေ့နေ၏။ စင်စစ်ကား လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ ကျော်က ကုရ်အာန်နှင့် ကျမ်းရှင် အလ္လာဟ်ကို သိပ္ပံက ထောက်ခံဦးချမှုသာဖြစ်၏။ ကျွန်ုပ်တို့ မည်သို့ငြင်းနိုင်အံ့နည်း။ လူသားတို့ မထိုးဖောက်နိုင်သော စကြဝဠာ
“အို…ဂျင်န်နှင့် လူပရိတ်သတ်အပေါင်းတို့၊ အကယ်၍ အသင်တို့သည် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်၏ နယ်နိမိတ်များအတွင်းမှ ထိုးဖောက်နိုင်ကြလျှင် ထိုးဖောက်ကြကုန်လော့။ (စင်စစ်) စွမ်းအားမရှိဘဲလျက် အသင်တို့သည် ထိုးဖောက်သွားနိုင်ကြမည်မဟုတ်ပေ” (ကုရ်အာန် ၅၅း၃၃)
အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းခံ လူသားတို့ မသိသေးသော အရာများကို တိုးမြှင့်သင်ပေးနေ၏။ အလ္လာဟ်ရှိကြောင်း သက်သေများကို သိစေရန် ဖြစ်သည်။ အထက်ပါ အာယာသ်တော်မှတစ်ဆင့် အလ္လာဟ်က တစ်ချိန်တွင် လူသားတို့သည် အာကာသသို့တက်မည်။ ကမ္ဘာကို ထိုးဖောက်မည်တို့ကို သိတော်မူကြောင်း ယုံကြည်သူတို့အား သက်သေလက္ခဏာအဖြစ် ပညာပေးထားပြီး စကြဝဠာ၏ သတ်မှတ်ထားသော ဇုန်နယ်နိမိတ်တို့ကို လူသားတို့ ကျော်ဖြတ်နိုင်မည်မဟုတ်ကြောင်း ရုပ်ဝါဒီ မာနရှင်တို့ကို ပညာပေးထား၏။
ကျွန်ုပ်တို့ ကမ္ဘာဂြိုဟ်ပါဝင်သော နေမိသားစုသည် ကျွန်ုပ်တို့၏ ဂလက်ဆီ (နဂါးငွေ့တန်း)၏ အစွန်းတစ်နေရာတွင် အမှုန်ကလေးတစ်မှုန် အသွင်သာရှိကြောင်း ပြဆိုခဲ့ပြီး ဖြစ်၏။ လူသားတို့သည် စကြဝဠာ အတွင်း၌ အခြားသော ဂလက်ဆီ များကို မဆိုထားဘိ ကျွန်ုပ်တို့၏ ဂလက်ဆီကိုပင် မဖြတ်နိုင်ကြောင်း သိပ္ပံက တွေ့ရှိခြင်းဖြင့် ကုရ်အာန်ကျမ်းမြတ်နှင့် ကျမ်း၇ှင် အလ္လာဟ်ကို ထောက်ခံဦးချလိုက်ပြန်ပြီ
ကျွန်ုပ်တို့၏ ဂလက်ဆီ (နဂါးငွေ့တန်း)၏ အချင်းမှာ မိုင် ၆၀၀.၀၀၀.၀၀၀.၀၀၀.၀၀၀.၀၀၀. ခန်ရှိ၍ မည်သည့် အာကာသယာဉ်မျှ ဖြတ်သန်းနိုင်မည်မဟုတ်။ တစ်စက္ကန့်လျင် ၁၈၆၀၀၀ မိုင်ဖြင့် အလွန်လျင်မြန်စွာပြေးသော အလင်းရောင်နှုန်းဖြင့် သွားနိုင်သော အာကာသယာဉ်လည်း မတည်ဆောက်နိုင်။ တည်ဆောက်နိုင်ပါကလည်း ကျွန်ုပ်တို့၏ ဂလက်ဆီကို ဖြတ်ရန်ပင် နှစ်ပေါင်း တစ်သိန်းကြာမည့် ခရီးတွင်ပင် လူသားမျိုးဆက်ပေါင်း တစ်ထောင်ကျော် ကြာမည်။ စင်စစ် မဖြစ်နိုင်ချေ။ ကျွန်ုပ်တို့ ဂလက်ဆီနှင့် အနီးဆုံးဂလက်ဆီ “အင်ဒရိုမီဒါ” ကို ရောက်ရန်ဆိုလျှင် နှစ်ပေါင်း နှစ်သန်း ကြာမည်။ ကျန်ဂလက်ဆီများသို့ဆိုလျှင် ဝေးစွ။ ယနေ့ အာကာသယာဉ်များသည် ကမ္ဘာနှင့် နေမိသားစုဝန်းကျင်ကို တက်ရောက်နိုင်သောအဆင့်သာ ရှိ၏။ ရေဒီယို တယ်လီစကုတ်များဖြင့်သာ အဝေးသို့ မျှော်ကြည့်နိုင်ကြ၏။
အလ္လာဟ်အရှင်မြတ်၏ အရရှ်ပလ္လင်တော်
လူသားတို့အတွက် အနန္တစကြဝဠာကြီးကား မဆုံးနိုင်သော အံ့ဖွယ်တစ်ရပ်ဖြစ်သည်။ သိပ္ပံပညာ တိုးတက်လေလေ အလ္လာဟ်နှင့် အလ္လာဟ်ဂုဏ်တော် ဘုန်းတော်တို့၏ သက်သေလက္ခဏာများကို ပို၍ သိလာလေဖြစ်၏။ ယနေ့ သိပ္ပံပညာရှင်များ လေ့လာမှု ပြုနေသော စကြဝဠာသည် အောက်ဆုံးအလွှာဖြစ်၍ ကျန်အလွှာတို့ကို မသိနိုင်သေးချေ တကား။ လူသားတို့သည် ရုပ်စကြဝဠာ လောကအတွင်း ရှိနေစဉ်တွင် အလ္လာဟ်သတ်မှတ်ထားသော ရုပ်စကြဝဠာ၏ ဇုန်နယ်နိမိတ်တို့ကို ထိုးဖောက်၍ မသွားနိုင်ကြောင်း သိပ္ပံက သက်သေခံနေပေပြီ။ စင်စစ် ထိုကုရ်အာန် အာယာသ်သည် အကယ်၍ အလ္လာဟ်ကို လက်မခံဘဲ ငြင်းပါယ်ကာ ဘဝအဆုံးသတ် (သေ)သူတို့အဖို့ တမလွန် လောကတွင်လည်း အလ္လာဟ်ထံမှလွဲ၍ အခြားမည်သည့်နေရာ အရပ်မျှ သွားစရာ မရှိကြောင်း သက်သေပြထားခြင်းဖြစ်၏။ အလ္လာဟ်ကို လက္ခံသူဖြစ်စေ၊ လက်မခံသူဖြစ်စေ နောက်ဆုံးတွင် အလ္လာဟ်ထံသို့သာ ပြန်ကြရမည် ဖြစ်ပေသည်။
“ အလ္လာဟ်အရှင်မြတ်သည်ပင် မိုးကောင်းကင်များကို လည်းကောင်း၊ ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်၏ အကြား၌ ရှိသမျှတို့ကို လည်းကောင်း၊ “ခြောက်ရက်” (ကာလ ၆.ခု)ဖြင့် ဖန်ဆင်းတော်မူပြီးနောက် အရရှ်ပလ္လင်ထက်ဝယ် စံမြန်းတော်မူခဲ့၏။ အသင်တို့အဖို့ ထိုအရှင်မြတ်အပြင် ကူညီစောင်မမည့်သူ၊ ကြားဝင် အသနားခံပေးမည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှ မရှိပြီ၊ သို့ပါလျှက် အသင်တို့ သတိမမူ နားမလည်ကြလေသလော” (ကုရ်အာန်၃၂း၎)
စကြဝဠာ အနန္တသည် လူသားတိုအတွက် မထိုးဖောက်နိုင်လောက်အောင် ကြီးကျယ်ခမ်းနားလှသော်လည်း ဖန်ဆင်းရှင်အလ္လာဟ်အတွက်ကား အကန့်အသတ်အတွင်း၌သာ ရှိ၏။ အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်ခမ်းနားသော အရရှ်ပလ္လင်တော်ကြီးက စကြဝဠာအနန္တကို သိုင်းဝိုင်း လွှမ်းခြုံထားလေသည်။ အလ္လာဟ်သည် စကြဝဠာအနန္တနှင့် အရရှ်တော်ကို ထင်ရှားဖြစ်ပေါ်စေသော ဘုန်းတော် ဂုဏ်တော်အနန္တနှင့် နိစ္စထာဝရ ပြီးပြည့်စုံနေတော်မူသည့် အရှင်ဖြစ်တော်မူပေသတည်း။
>အရရှ်ပလ္လင်တော်နှင့် ကုရ်စီတော်
လူသားတို့ ထိုးဖောက်နိုင်စွမ်း မရှိသည့် စကြဝဠာ အနန္တကို လွှမ်းခြုံထားသည့် အလ္လာဟ်အရှင်မြတ်၏ အရရှ် ပလ္လင်တော်ကား အဘယ်နည်း။
“ထို(အလ္လာဟ်)အရှင်မြတ်သည် ၄င်းတို့စွပ်စွဲပြောဆိုကြသည် တို့မှ သန့်ရှင်းစင်ကြယ် မြင့်မြတ်တော်မူလှပေသတည်း” (ကုရ်အာန် ၆း၁၀၀)
“ထို့ပြင် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိ” (ကု၇်အာန် ၁၁၂း၎)
“ထိုအရှင်မြတ်နှင့် တူညီသောအရာ တစ်စုံတစ်ရာမျှပင် မရှိချေ” (ကုရ်အာန် ၄၂း၁၁)(အစ္စလာမ့်ယုံကြည်ချက်)
အလ္လာဟ်အရှင်မြတ်သည် အို- နာ- သေ စသော ရုပ်တ၇ားကန့်သတ်မှုအပေါင်းမှ ကင်းစင်တော်မူ၏။ ထို့ကြောင့် အလ္လာဟ်၏ အရရှ်ပလ္လင်တော် ဟူသည်မှာ အလ္လာဟ်ထိုင်တော်မူသော ပလ္လင်ကြီး မဟုတ်ချေ။ အလ္လာဟ်နှင့် စပ်လျဉ်း၍ ရုပ်တရားဖြင့် ဖွင့်ဆို၍မရချေ။ ပလ္လင်တော်ဟူသည် အင်ပါယာနိုင်ငံတော်တစ်ခု၏ အာဏာစက် ကျယ်ဝန်းမှုနှင့် အင်ပါယာရှင်၏ ဘုန်းတော်ကို ကိုယ်စားပြု၏။ ထို့ကြောင့် အလ္လာဟ်၏ အရရှ်တော်ဟူသည် စကြဝဠာ အရာခပ်သိမ်းကို သိုင်းဝိုင်းလွှမ်းခြုံထားသော အလ္လာဟ်၏ဘုန်းတော် အာဏာစက် (ကျယ်ဝန်းမှု)ကို ဖော်ပြသော ကုရ်အာန်ကျမ်းမြတ်၏ အသုံးအနှုန်းသာ ဖြစ်၏။ သို့သော် အလ္လာဟ်သည် ကျယ်ဝန်းသော အင်ပါယာကြီးကို ပိုင်ဆိုင်သော်လည်း မနိုင်မနင်းဖြစ်နေသော အုပ်ချုပ်သူ တစ်ဦးကဲ့သို့ မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်(အမရ်)နှင့် လမ်းညွှန် (ဝဟီ)တို့သည် စကြဝဠာခပ်သိမ်း၊ သက်ရှိ သက်မဲ့ ခပ်သိမ်းအထိ သက်ရောက်လျက်ရှိ၏။ လူသားတို့ သာမန်မျက်စိဖြင့် မမြင်နိုင်သော အဏုမြူမှုန်သည် စကြဝဠာကြီးအတွင်း ကြီးမားသော ဂလက်ဆီများ ကြယ်များထိ သက်ရောက်နေမှု၊ အရာအားလုံးက စနစ်တကျ နာခံနေမှု သက်သေကို တွေ့ရပြီးဖြစ်၏။ အလ္လာဟ်အမိန့်တော် သြဇာဉာဏ်တော်ကို ကုရ်အာန်ကျမ်းမြတ်က ကုရ်စီတော် (ကုလားထိုင်တော်) ဟူ၍ အောက်ပါ (အာယာသုလ်ကုရ်စီ)တွင် သုံးနှုန်းထား၏။
“အလ္လာဟ်-ထိုအလ္လာဟ်အရှင်မြတ်မှတစ်ပါး ကိုးကွယ်ခြင်းကို ခံထိုက်သူဟူ၍ အလျင်းမရှိပြီ။ (ထိုအရှင်မြတ်သည်) အမြဲရှင်နေတော်မူသောအရှင် (မိမိကိုယ်တော်တိုင် အမြဲထာဝရတည်နေတော်မူ၍ ဖန်ဆင်းခံအပေါင်းတို့ကိုလည်း) အမြဲထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်ကား ငိုက်မျဉ်းခြင်းသည် လည်းကောင်း၊ အိပ်စက်ခြင်းသည် လည်းကောင်း မဖိစီးနိုင်ချေ။ ထိုအရှင်မြတ်သည်သာလျှင် အာကာသ ကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်၌ ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာဟူသမျှတို့ကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၏ အထံတော်၌ ထိုအရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲ သူတစ်ပါးအတွက် အသနားခံတောင်းပန်ပေးနိုင်သူကား အဘယ်သူနည်း။ ထိုအရှင်မြတ်သည် ထိုသူတို့၏ ရှေ့နောက် အဖြစ်အပျက် အကြောင်းကိစ္စအလုံးစုံတို့ကို အကြွင်းမဲ့ သိရှိတော်မူသည်။ သို့ရာတွင် ယင်းသူတို့သည် ထိုအရှင်မြတ်သိရှိတော်မူသော အကြောင်းကိစ္စ အဖြစ်အပျက်တို့အနက်မှ ထိုအရှင်မြတ်အလိုရှိတော်မူသော အကြောင်းကိစ္စမှ အပ တစ်စုံတစ်ရာကိုမျှ ဝန်းခြုံ၍ မသိနိုင်ကြပေ။ ထိုအရှင်မြတ်၏ ကုရ်စီတော် (ဉာဏ်တော် အမိန့်တော်အာဏာ)သည် အာကာသကောင်းကင်များနှင့် တကွ ကမ္ဘာဂြိုဟ် တစ်ခွင်လုံးကို ဝန်းခြုံလျက်ရှိချေ၏။ သို့ရာတွင် ယင်းမိုးကောင်းကင်နှင့်တကွ ကမ္ဘာဂြိုဟ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ထိုအရှင်မြတ်အား ပင်ပန်းနွမ်းရိစေမည်မဟုတ်ပေ။ စင်စစ် ထို အရှင်မြတ်သည် (မကြံစည်နိုင်အောင်) မြင့်မြတ်တော်မူသောအရှင်၊ ကြီးကဲထွက်မြတ်တော်မူသော အရှင်တည်း” (ကုရ်အာန်၂း၂၅၅) (အစ္စလာမ့်ယုံကြည်ချက်)
အရရှ်တော်နှင့် ကုရ်စီတော် အာယာသ်တော်များမှ ပေးသော အသိမှာ…. ၁။ ရုပ်စကြဝဠာနှင့် အရာခပ်သိမ်းတို့သည် ကြောက်စရာ၊ ကိုးကွယ်ရာ မဟုတ်။ ၂။ အလ္လာဟ်၏ အမိန့်တော်ကိုနာခံနေကြသော မုစ်လင်မ်များ ဖြစ်နေကြ၏။ ၃။ အလ္လာဟ်နှင့် အလ္လာဟ်၏ ဂုဏ်တော်များကို ခွဲခြား၍မရ။ ၄။ အလ္လာဟ်၏ ဂုဏ်တော်များကို ရုပ်တရားဖြင့် မဖွင့်ဆိုအပ်။ ၁။ ရုပ်စကြဝဠာအတွင်း၌ သက်မဲ့ အရာဝတ္ထုတို့ကို ရုပ်နှင့်စွမ်းအင်အသွင် တွေ့မြင်နိုင်၏။ ထိုစွမ်းအင် အသီးသီးရှိသော အရာဝတ္ထုတို့သည် ကြောက်စရာ၊ ကိုးကွယ်ခြင်းခံထိုက်သော အရာများမဟုတ်။ အလ္လာဟ်၏ သတ်မှတ်ချက်ကို နာခံနေသော သဘာဝနိယာမ တရားများနှင့် စွမ်းအင်တို့သာ ဖြစ်၏။
၂။ ရုပ်စကြဝဠာအတွင်း အလွန်သေးငယ်သော အဏုမြူမှုန်လေး၏ ကမ္ဘာအတွင်းမှ ကြီးမားလေးလံလှသည့် နက္ခတ်တာရာများအထိ အလ္လာဟ် သတ်မှတ်ထားသော လမ်းကြောင်း အရှိန်၊ အချိန်တို့၌ စနစ်တကျ သွားလာ လှုပ်ရှားနေမှုသည် တစ်ပါးတည်းသော အလ္လာဟ်၏ အမိန့်ကိုနာခံနေကြ၍ ဖြစ်သည်။
၃။ အလ္လာဟ်အရှင်မြတ်နှင့် အလ္လာဟ်၏ ဂုဏ်တော်များကို သီးခြားခွဲ၍မရ။ အလ္လာဟ်အရှင်မြတ်သည် ဂုဏ်ရည်တူမရှိ။ အဟဒွန် တစ်ပါးတည်းတည်ရှိတော်မူ အရှင်၊ အရာရာကို ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်၊ ပျက်သုဉ်းစေမည့် အရှင်၊ ပြန်လည် ဖန်ဆင်းတော်မူ၍ တရားစစ်ဆေးမည့် အရှင်၊ အားလုံးတို့မှာ အလ္လာဟ်တစ်ပါးတည်းသာ ဖြစ်၏။ အလ္လာဟ်သည် လူသားတို့အား သောဝ်ဟီဒ် ခေါ် တစ်ပါးတည်းသော အရှင်ကိုသာ ကိုးကွယ်ရာ နိစ္စသစ္စာကို ပေးခဲ့သော်လည်း အလ္လာဟ်နှင့်တကွ အလ္လာဟ့်ဂုဏ်တော်တို့ကို လူသားတို့ကတသီးတခြားစီ ခွဲခြားလိုက်၍ ကိုးကွယ်ရာ အရှင်များစွာ တသီးတခြားစီ ဖြစ်ပေါ်လာ၏။ စင်စစ် သီးခြားအရှင်များမရှိ။ အလ္လာဟ်တစ်ပါးတည်းသာ စကြဝဠာ အရာခပ်သိမ်း၏ အာဏာတော်ကို ပိုင်ဆိုင်တော်မူ၏။ အရှင်သခင်များစွာရှိနေက စကြဝဠာတစ်ခုလုံး ဖရိုဖရဲ ဖြစ်နေပေမည်။ ယခုမူ တစ်မျိုးတည်းသော အမိန့် ဥပဒေသကိုသာ နာခံနေကြ၏။ (အစ္စလာမ့်ယုံကြည်ချက်)
၎။ အလ္လာဟ်နှင့် အလ္လာဟ်၏ ဘုန်းတော် ဂုဏ်တော်တို့ကို ရုပ်တရားတို့ဖြင့် မဖွင့်ဆိုအပ်။ ရုပ်တရားဟူသည် ကန့်သတ်မှုရှိ၏။ မပြီးမပြည့်စုံ။ အလ္လာဟ်၏ ဂုဏ်တော်တို့ကို ရုပ်တရားဖြင့် လူသားတို့ ဖွင့်ဆိုခဲ့မှုကြောင့် သောဝ်ဟီဒ် နိစ္စသစ္စတရားနှင့် အလ္လာဟ်၏ လမ်းညွှန်တော်တို့သည် မူရင်းမှ သွေဖည်မှုတို့ ဖြစ်ကုန်ကြတော့သည်။ ပြီးပြည့်စုံမှု မရှိကြတော့ချေ။
ဥပမာ………. အလ္လာဟ်အရှင်မြတ်သည် ၆ ရက်နှင့် စကြဝဠာ အရာခပ်သိမ်းကို ဖန်ဆင်းသည်ဟုဆို၏။ ကုရ်အာန်က သုံးသော ‘အိုက်ယမ်း’ (ရက်များ)ဟူသည် အလွန်ရှည်လျားသောကာလကို ဆိုလိုခြင်းဖြစ်၏။ (ကုရ်အာန် ၃၂း၅။ ၇၀း၎)။ ၂၄ နာရီလျှင် တစ်ရက်ဟူသော တိုင်းတာမှုသည် ကမ္ဘာဂြိုဟ်နှင့် နေမင်းတို့ ဆက်စပ် တိုင်းတာမှုသာ ဖြစ်၏။ စကြဝဠာတစ်ခုလုံး၌ ၂၄ နာရီလျှင် တစ်ရက် မဟုတ်ချေ။ ထို့ကြောင့် ၆ ရက်ဟူသည် ကာလ၆ ခု (အဆင့် ၆ ဆင့်)ဖြင့် စကြဝဠာကြီးကို ထင်ရှားဖြစ်ပေါ်စေခြင်းကို ဆိုလို၏။ ကုရ်အာန်ကျမ်းမြတ်အတွင်း မပြီးမပြည့်စုံစွာ ဖော်ပြမှု အလျှင်းမရှိချေ။ (၇)ရက်လျှင် တစ်ပတ်ဟူသည် ကမ္ဘာအတွက်သာ ဖြစ်၏။ စကြဝဠာ၏ အချိန်သတ်မှတ်ချက် မဟုတ်။ ထို့ကြောင့် ကမ္ဘာအပါအဝင် စကြဝဠာကြီးကို ဖန်ဆင်း ဖြစ်ပေါ်စေမှုတွင် (၆)ရက်ပြီးသော် (၇)ရက်မြောက်ရောက်သည်ဟူ၍ ကုရ်အာန်က မဆိုချေ။
အလ္လာဟ်သည် စကြဝဠာခပ်သိမ်းကို ကာလ(၆)ခုဖြင့် ထင်ရှားဖြစ်ပေါ်စေပြီး မောပန်း၍ အနားယူခြင်းမရှိ။ မောပန်းခြင်း၊ အနားယူခြင်း၊ အိပ်ခြင်း၊ အို၊ နာ၊ သေခြင်းတို့သည် မပြီး မပြည့်စုံသော ရုပ်တ၇ားများ၏။ နိစ္စထာဝရ ပြီးပြည့်စုံသောအရှင်တွင် ထို မပြီး မပြည့်စုံသော ရုပ်တရားတို့ မရှိအပ်။ မောပန်း၊ အနားယူခြင်းရှိသော အရှင်ကို လူသားတို့ မည်သို့ကိုးကွယ် အားကိုးထိုက်သနည်း။ ထို့ကြောင့် ကုရ်စီတော်အာယာသ်တွင် အလ္လာဟ်က “အလ္လာဟ် မောပန်း၍ အနားယူသည်”ဟူသော လူသားတို့၏ အဆိုကို မဟုတ်ကြောင်း အသိပေးထား၏။ ထို့ပြင် အလ္လာဟ်သည် ဖန်ဆင်းခံတို့၏ တောင်းဆိုချက်ကို မေတ္တာ ကရုဏာတော်ဖြင့် ပေးလျက်ရှိကြောင်း အောက်ပါ အာယာသ်တော်များတွင် ကြည့်ပါ။
“မိုးကောင်းကင်များ၌ ရှိသမျှတို့သည် လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌ ရှိသမျှတို့သည်လည်းကောင်း၊ ထိုအရှင်မြတ် အထံတော်၌သာလျှင် မိမိတို့၏ လိုအင်ဆန္ဒများကို) တောင်းခံကြကုန်၏။ နေ့စဉ် ထိုအရှင်မြတ်သည် (စကြဝဠာနှင့်ယှဉ်သော) အရေးကိစ္စကို ဆောင်ရွက်လျက်ရှိနေတော်မူ၏” (ကုရ်အာန် ၅၅း၂၉)
“အရာခပ်သိမ်းတို့ကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် ထိုအရှင်မြတ်၏ လက်တော်အတွင်း၌သာ ရှိ၏” (ကုရ်အာန် ၃၆း၈၃)
“ကောင်းမြတ်ခြင်း အဖြာဖြာတို့သည် အရှင်မြတ်၏လက်တော်၌သာလျှင် ရှိ၏။ မုချဧကန် အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင်တည်း” (ကုရ်အာန်၃း၂၆)
အလ္လာဟ်အရှင်မြတ်၏ လက်တော်ဟူသည် အလ္လာဟ်တွင် လူသားတို့ကဲ့သို့ လက်ရှိခြင်း (ရုပ်တရား)ကို ဆိုလိုခြင်း မဟုတ်။ အလ္လာဟ်၏ စွေဖာသ် ဂုဏ်တော်များအရ စွမ်းဆောင်နိုင်မှုကို လူသားတို့ သိရှိနားလည်နိုင်ရန် တင်စားဖော်ပြထားသော ကုရ်အာန်၏ အသုံးအနှုန်းဖြစ်သည်။ အလ္လာဟ်၏ အရရှ်ပလ္လင်တော်သည် စကြဝဠာ အရာခပ်သိမ်းကို ဝန်းခြုံထား၏။ အလ္လာဟ်၏ ကုရ်စီတော် (ဉာဏ်တော်၊ အာဏာ)တို့သည်လည်း အရာခပ်သိမ်းကို လွှမ်းခြုံသက်ရောက်နေ၏။ အလ္လာဟ်၏ လက်တော် (ဘုန်းတော်အနန္တဖြင့် ကောင်းမြတ်ခြင်း မင်္ဂလာ အဖြာဖြာ ပေးနိုင်မှုနှင့် မေတ္တာ ကရုဏာတော်)တို့သည် အ၇ာခပ်သိမ်းအပေါ် ကျရောက်လျက်ရှိ၏။ အလ္လာဟ်သည် လူသားကို ထင်ရှား ဖြစ်ပေါ်စေခြင်းမှာ မေတ္တာ ကရုဏာပေးရန် ဖြစ်သည်။ အရာခပ်သိမ်းအပေါ် အလ္လာဟ်၏ မေတ္တာ ကရုဏာတော်များ လွှမ်းခြုံကျရောက်နေပါလျက် လူသားတို့မရခြင်းမှာ နိစ္စသစ္စသောဝ်ဟီဒ်ကို မရှာ၍ မသိ၊ သိသော်လည်း မကျင့်၍သာဖြစ်၏။ လူသားတို့၏ ဒုက္ခကြောင်းရင်းသည် လူသားတို့၏ လုပ်ရပ်ကြောင့်သာဖြစ်၏။ အလ္လာဟ်သည် လူသားကို လွတ်လပ်စွာ ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့်ပေးထားပြီးဖြစ်၏။ သို့သော် လူသားတို့အားလုံး မိမိတို့၏ လုပ်ရပ်များနှင့် စပ်လျဉ်း၍ အလ္လာဟ်ထံတော်သို့သာ ပြန်၍ စစ်ဆေးခံရခြင်း၊ အကျိုး အပြစ်ပေးခြင်းခံရမည်သာဖြစ်၏။ အဏုမြူမှုန်လေးမှစ၍ အဆင့်ဆင့် သက်သေအချို့ကို ပြခဲ့ပြီးဖြစ်၏။ ထို့ကြောင့် အလ္လာဟ်သည် မိမိ၏လုပ်ရပ်များ (ဖန်ဆင်းမှု) အတွက် နောင်တရခြင်း မရှိ။ လူသားတို့၏ ငြင်းဆန်မှု၊ ဒုစရိုက်ပြုမှုတို့ကို လက်မှိုင်ချ၍ ကြည့်နေခြင်း မဟုတ်ချေ။ ကရုဏာတော်အနန္တဖြင့် အချိန်ပေးထားခြင်း၊ လမ်းညွှန်နေခြင်းသာဖြစ်သည်။
အလ္လာဟ်အရျင်မြတ်သည် လူသားတို့ကို မေတ္တာ ကရုဏာပေးရန် မပြီးမပြည့်စုံသောဘဝမှ နိစ္စထာဝရ ငြိမ်းချမ်းသော အဆင့်(ဂျန္နတ်)သို့ မြှင့်တင်ပေးရန် ထင်ရှားဖြစ်ပေါ်စေခြင်းဖြစ်သည်။ ထိုစီမံကိန်းတွင် အလ္လာဟ်သည် နေ့စဉ်နှင့်အမျှ မေတ္တာ ကရုဏာတော်ဖြင့် ဖန်ဆင်းခံတို့ အရေးကိစ္စကို ဆောင်ရွက်နေ၏။ လူသားတို့သည်လည်း မိမိအကျိုးအတွက်မိမိအပိုင်းကဏ္ဍမှ အလုပ် လုပ်ပေးရပေမည်။
အလ္လာဟ်သည် အရ်ရဟ်မားန် မဟာကရုဏာတော်ရှင်ဟူသော ဂုဏ်တော်နှင့်အညီ ဖန်ဆင်းခံအသီးသီးကို ၄င်းတို့၏ သဘာဝနှင့်အညီ စွမ်းရည်များ ပေးထား၏။ လမ်းညွှန် (ဝဟီ)များ ပေးထားပြီး ဖြစ်သည်။ လူသားသည်လည်း မိမိ၌ရှိသော ရုပ်-နာမ်-စွမ်းရည်တို့ဖြင့် အလုပ်လုပ်ရမည်။ အလ္လာဟ်ထံမှ ဝဟီလမ်းညွှန် (ကုရ်အာန်)လည်းရပြီးဖြစ်၏။ အချောင်ခို၍မရ၊ သူတစ်ပါးအားကိုး၍ မရချေ။
သို့မှသာ အလ္လာဟ်သည် အရ်ရဟီမ် အနန္တကောင်းခြင်းမင်္ဂလာတော်ရှင် ဟူသော ဂုဏ်တော်နှင့်အညီ ကောင်းမှုတစ်ခုအတွက် အကျိုးဆုလာဘ်များ အဆများစွာ ချီးမြှင့်မည်ဖြစ်၏။ ယုံကြည်ပါသည် ဆိုရုံသက်သက်ဖြင့် မပြီးချေ။ အလ္လာဟ်၏ လမ်းညွှန်အတိုင်း တစ်သဝေမတိမ်းဆောင်ရွက် လုပ်ကိုင်ကြရမည်။ အလုပ်လုပ်နိုင်သော စွမ်းရည်ရှိပါလျက် မလုပ်သူအတွက် အလ္လာဟ်၏ ဥပဒေအရ အကျိုးမရှိ။
လူသား၏ နဖ်စ် ဝိညာဉ်သည် သောဝ်ဟီဒ် အလ္လာဟ် တစ်ပါးတည်းရှိခြင်း (နိစ္စသစ္စာ)၏ မြေသြဇာပေါ်၌သာ သန့်စင်စွာ ရှင်သန်ကြီးထွားနိုင်၏။ အလ္လာဟ်တစ်ပါးတည်းထံမှ လမ်းညွှန်ဝဟီအလင်းကိုလက်ခံပါမှ ဖွံ့ဖြိုးတိုးတက်မည်။ မိမိရှိစွမ်းရည်တို့ဖြင့် ဝဟီအတိုင်းလုပ်ပါမှ ကောင်းမှု၏ အသီးအပွင့်တို့ကို အတိုင်းအဆမရှိ ခံစားကြရမည်ဖြစ်သည်။ ထို့ကြောင့် အရရှ်တော် အာယာသ်တော်တွင်……….
“အသင်တို့အဖို့ ထိုအရှင်မြတ်အပြင် ကူညီစောင်မမည့်သူ၊ ကြားဝင် အသနားခံပေးမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပြီ” (ကုရ်အာန် ၃၂း၎)

No comments:

Post a Comment