Thursday 30 August 2012

အခန်း (၁၁) အာကာသခေတ် စကြဝဠာတွင်းမှ သက်သေလက္ခဏာတော်များ

အခန်း (၁၁) အာကာသခေတ် စကြဝဠာတွင်းမှ သက်သေလက္ခဏာတော်များ
“ထို့ပြင် (ငါအရှင်မြတ်သည်) မိုးကောင်းကင် အသီးသီး၌ ယင်းနှင့် သက်ဆိုင်သော အမိန့်တော်ကို ဝဟီလမ်းညွှန် ထုတ်ပြန်တော်မူခဲ့သည်” (ကုရ်အာန် ၄၁း၁၂)
“ဧကန်အမှန် မိုးကောင်းကင်များ၌လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌ လည်းကောင်း မုအ်မင်သက်ဝင်ယုံကြည်သူတို့ အဖို့ သက်သေလက္ခဏာတော်များ အမှန်ပင်ရှိကြ၏။ (ကုရ်အာန် ၄၅း၃)
“အသင်တို့ မမြင်ခဲ့ကြလေသလော။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ အကျိုးငှာ မိုးကောင်းကင်များ၌ ရှိသည်တို့ကို လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌ ရှိသည်တို့ကို လည်းကောင်း အသုံးချနိုင်စေတော်မူလေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိ၏ ထင်ရှားစွာသော ကျေးဇူးတော်များကို လည်းကောင်း၊ မထင်ရှားသော ကျေးဇူးတော်များကို လည်းကောင်း အသင်တို့အပေါ်ဝယ် အပြည့်အစုံချပေးသနားတော်မူ၏။ သို့ရာတွင် လူတို့အနက် အချို့မှာမူကား မည်သည့် သက်သေ အထောက်အထားမျှလည်းကောင်း၊ မည်သည့် တရားလမ်းညွှန်မျှ လည်းကောင်း၊ မည်သည့်ထွန်းလင်းသော ကျမ်းဂန်မျှလည်းကောင်း မရှိဘဲလျက် အလ္လာဟ်နှင့်ပတ်သက်၍ အငြင်းအခုံ ပြုလေ့ရှိကြသည်။” (ကုရ်အာန် ၃၁း၂၀)
>အလ္လာဟ်၊ လူသားနှင့် စကြဝဠာ
နိစ္စထာဝရ ပြီးပြည့်စုံ၍ လောကခပ်သိမ်းတို့၏ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်နှင့် အလ္လာဟ်၏ဘုန်းတော်၊ ဂုဏ်တော်၊ ဉာဏ်တော်အနန္တ၊ အလ္လာဟ်၏ အမရ်.စီမံမှု အမိန့်တော်နှင့် လုပ်ရပ်များကို လူသားတို့၏ ဆင်ခြင်တုံတရားနှင့် ဉာဏ်လွှာအဆင့်ဆင့်တို့က ထိုးဖောက် လွှမ်းခြုံသိမြင်နိုင်စွမ်း မရှိချေ။
သို့သော် ဖန်ဆင်းရှင် အလ္လာဟ်သည် ဖန်ဆင်းခံ လူသားအား ဆင်ခြင်တုံတရား ပေးပြီးနောက် ရုပ်စကြဝဠာအတွင်း၌ပင် လူသားတို့ဉာဏ် မမီနိုင်သော ထိုးဖောက်သိမြင်နိုင်သော သက်သေလက္ခဏာတော်များကို ပေးထား၏။ လူသားတို့၏ အသိဉာဏ်ကိုလည်း ခေတ်အဆက်ဆက်၌ မြှင့်တင်ပေးနေသည်။ ခေတ်အဆက်ဆက်တွင်လည်း လူသားတို့တွင်း၌ နဗီတမန်တော်များ ပွင့်ပေါ်စေ၍ တရားအလင်းများပေးခဲ့သည်။ နောက်ဆုံး တမန်တော်ချုပ်ကား မုဟမ္မဒ်သခင် ဖြစ်တော်မူ၍ နောက်ဆုံး တရားအလင်းကျမ်းကား ကုရ်အာန်တည်း။ ကုရ်အာန်ကျမ်းမြတ်အတွင်း၌ စာတွေ့၊ မျက်တွေ့၊ သက်သေရှာပြီး ဖန်ဆင်းခံ စကြဝဠာလောကများအတွင်း လက်တွေ့ သက်သေရှာကာ လူသားတို့ မမြင်နိုင်သော အလ္လာဟ်ရှိကြောင်း သက်သေလက္ခဏာများ တွေ့ရပေမည်။ အလ္လာဟ်သည် စကြဝဠာနှင့် သက်ရှိသက်မဲ့တို့ကို (စွေဖာသ်) ဂုဏ်တော်များအရ အဆင့်ဆင့် ထင်ရှား ဖြစ်ပေါ်စေတော်မူပြီးနောက် အလ်အလီမုဉာဏ်တော်အရ ဝဟီလမ်းညွှန်များသည် အလွန် သေးငယ်သော အဏုမြူမှုန်လေးမှ စကြဝဠာ၊ ဂလက်ဆီများထိ လွှမ်းခြုံသက်ရောက်လျက်ရှိပေရာ ထိုအရာများကလည်း အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံလျက်ရှိနေကြသည်။
လူသားတို့သည် အလ္လာဟ်၏ စကြဝဠာအတွင်း၌ နေကြ၏။ အလ္လာဟ်ပေးထားသော ကျေးဇူးတရားများကို ခံစားကြ၏။ အလ္လာဟ်နှင့် မည်သည့်အခါမျှ ကင်းကွား၍မရ။ အာကာသခေတ်တွင် ငွေကြေးနှင့် အချိန်ပေါင်းများစွာကုန်၍ ပညာရှင်ပေါင်းများစွာတို့၏ ရှာဖွေတွေ့ရှိမှု သိပ္ပံ အချက်တို့က ကုရ်အာန်ကျမ်းမြတ်နှင့် အလ္လာဟ်ကို ထောက်ခံ ဦးချနေပြီတကား။
>စကြဝဠာ မရှိရာမှ ရှိရာသို့ စတင်ထင်ရှား ဖြစ်ပေါ်စေခြင်း
“ထို အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်ကို မရှိရာမှ ရှိရာသို့ စတင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူ၏။ (ထိုမျှမကသေး) မည်သည့်အခါမဆို ထိုအရှင်မြတ်သည် တစ်စုံတစ်ခုသောအမှုကိစ္စကို စီရင်ဆုံးဖြတ် ပြဋ္ဌာန်းလိုတော်မူပါလျှင် “ဖြစ်စေ” ဟူသော အမိန့်တော်ပေးရုံမျှဖြင့် ထိုအမှုကိစ္စအဝဝတို့သည် အလိုရှိတော်မူသည့်အတိုင်း ဖြစ်ပေါ်လာလေသတည်း” (ကုရ်အာန် ၂း၁၁၇)
အထက်ပါ အာယာသ်တော်ကို ထင်ရှား ဖြစ်ပေါ်စေတော်မူခြင်း ကဏ္ဍတွင် ရှင်းခဲ့ပြီး ဖြစ်ပေသည်။ အကျဉ်းချုပ်မှာ. (၁)။ မိုးကောင်းကင်များ (စမာဝါသ်) ဟူသည် ဦးခေါင်း အထက်ရှိအရာအားလုံး စကြဝဠာများကို ရည်ညွှန်းသော ကုရ်အာန်၏ အသုံးအနှုန်း ဖြစ်သည်။ (၂)။ အလ္လာဟ်အရှင်မြတ်သည် စကြဝဠာခပ်သိမ်းကို မရှိရာမှ ရှိရာသို့ စတင်ဖြစ်ပေါ်စေသော မူလ ပထမ အကြောင်းတရား၏ အရှင်(ဘဒီးအွန်) ဖြစ်တော်မူ၏။ (၃)။ ဤသို့ဖြင့် ရုပ်စကြဝဠာ ခပ်သိမ်းကို ဖြစ်ပေါ်စေမည့် အခြေခံရုပ်ပစ္စည်း (သို့မဟုတ်) မူလပထမ အကြောင်းအရာကို စတင်ထင်ရှား ဖြစ်ပေါ်လာ၏။ (၄)၊ ထိုအခြေခံ မူလပထမ ရုပ်ပစ္စည်းတို့မှတစ်ဆင့် စကြဝဠာခပ်သိမ်း၊ သက်ရှိသက်မဲ့ အရာခပ်သိမ်းကို ဆင့်ကဲထင်ရှား ဖြစ်ပေါ်စေတော်မူခြင်း ဖြစ်၏။ (၅)။ ဘုန်းတော်အစုံ၊ ဂုဏ်တော်အနန္တဖြင့် နိစ္စထာဝရ ပြီးပြည့်စုံတော်မူသော အလ္လာဟ်အတွက် အလွန်လွယ်ကူတော်မူ၏။ “ဖြစ်စေ”ဟု အမိန့်ပေးရုံဖြင့် အလ္လာဟ်၏ဖြစ်စေလိုသော အရာတို့ဖြစ်ပေါ်လာကြကုန်၏။ (၆)။ ဤအဆင့်မှာ လူသားတို့ ဆင်ခြင်တုံတရားဖြင့် ဉာဏ်မမီနိုင်။ ထို့ကြောင့် စကြဝဠာ ဆင့်ကဲဖြစ်စဉ်တွင် သက်သေလက္ခဏာများကို အလ္လာဟ်က ပြထားပေ၏။
>စကြဝဠာ၏ ဆင့်ကဲဖြစ်စဉ်
“ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်ဘက်သို့လှည့်တော်မူခဲ့၏။ ထိုအချန်တွင် ယင်းမိုးကောင်းကင်သည် မီးခိုး၊ အခိုးအငွေ့သာ ဖြစ်ခဲ့၏” (ကုရ်အာန် ၄၁း၁၁)
စင်စစ် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်သည်မူလက ပိတ်လျက်(ဝါ) ပူးကပ်လျက်ရှိခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်း (မိုးကောင်းကင်နှင့် ကမ္ဘာဂြိုဟ်) နှစ်ခုလုံးကို ဖွင့်ပေးတော်မူခဲ့၏။ (ဝါ) တစ်ခုစီ ခွဲခြားတော်မူခဲ့၏။ (ဤသည်ကို) မယုံကြည်သူများ မသိမမြင်ခဲ့ကြလေသလော…….” (ကုရ်အာန် ၂၁း၃၀)
“ချီးမွမ်း ထောမနာခြင်း အပေါင်းတို့သည် လောကခပ်သိမ်းတို့ကို မဖြစ်ပေါ်မီကစ၍ ပြည့်စုံပြီးသည့်တိုင်အောင် အဆင့်ဆင့် ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ် အတွက်သာလျှင်တည်း” (ကုရ်အာန် ၁း၂) အထက်ပါ အာယာသ်တော်များမှ တစ်ဆင့်ဖန်ဆင်းရှင် အလ္လာဟ်က လူသားတို့ကို အသိပေးထားသည်မှာ
ရုပ်စကြဝဠာကြီးသည်………… (၁) မူလအစတွင် ဒုခန်းခေါ် အခိုးအငွေ့ အသွင်၊ (၂) မူလအစတွင် ရသ်ကန်းခေါ် အစုအဝေး တစ်ခု အသွင်တည်နေခဲ့ခြင်း၊ (၃) ထို့နောက် အလ္လာဟ်အရှင်မြတ်က ခွဲထုတ်ခဲ့ရာ (၄) အာလမီန်းခေါ် စကြဝဠာ ကမ္ဘာခပ်သိမ်းတို့ အဆင့်ဆင့်ဖြစ်ပေါ်ခဲ့၏။ ယနေ့ ခေတ်သစ်သိပ္ပံ၏ ယဆချက်မှာ စကြဝဠာကြီးသည် မူလအစတွင် Aprimary nebula mass ဓာတ်ငွေ့ တိမ်တိုက်ထုကြီး တစ်ခုတည်းအသွင်သာ ရှိခဲ့ကြောင်း၊ ထို့နောက် Big Bang မဟာပေါက်ကွဲမှုကြီး ဖြစ်ပေါ်၍ ဂလက်ဆီများ (စကြဝဠာ) များ၊ ထိုမှတစ်ဆင့် ကြယ်များ၊ ဂြိုဟ်များ စသည်ဖြင့် ဖြစ်ပေါ်လာကြောင်းဆိုကြ၏။ မဟာ ပေါက်ကွဲမှု သီအိုရီ {Big Bang Theory} ဟု ခေါ်သည်။
စင်စစ် ယနေ့ ၂၁ ရာစုခေတ်သစ်သိပ္ပံက လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ကျော်က ကုရ်အာန်ကျမ်းမြတ်ကို ထောက်ခံနေခြင်းသာ ဖြစ်သည်။ စကြဝဠာ၏ အစ(မွေးဖွားခြင်း)ကို တွေ့ရှိမှုသည် စကြဝဠာကို လုံးဝမပျက်စီးဘဲ နိစ္စထာဝရ တည်နေမည်ဟု ထင်နေသူများအတွက် စိတ်မချမ်းမြေ့ဖွယ် ဖြစ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် စကြဝဠာသည် “အစရှိလျှင် အဆုံး”လည်း ရှိမည်သာတည်း။ ရုပ်ဝါဒီ သိပ္ပံပညာရှင်တို့ကမူ လက်ရှိ စကြဝဠာပျက်သုဉ်းမည်၊ သို့သော် မူလပထမအခြေခံရုပ်ပစ္စည်းများအသွင် ပြန်ဖြစ်သွား၍ နောက်ထပ် စကြဝဠာသစ် ပြန်ဖြစ်ရန် အခြေခံရုပ်ပစ္စည်းများအဖြစ် ဆက်လက်တည်ရှိနေမည်ဟုဆိုသည်။ အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းမြတ်မှ တစ်ဆင့် ထိုအခြေခံ ရုပ်ပစ္စည်းတို့ကို မူလပထမ ဖြစ်စေသော အကြောင်းတရား၏ အရှင်သည် အလ္လာဟ်ဖြစ်ကြောင်းနှင့် ဆင့်ကဲဖြစ်စဉ်အတွက် သက်သေလက္ခဏာပေးရင်း “မယုံကြည်သူတို့ မသိမမြင်ကြလေသလော” ဟူ၍ မေးမြန်းထားပေသည်။
ယနေ့ သိပ္ပံက ထောက်ခံနေပေပြီ။ အလ္လာဟ်နှင့် ကုရ်အာန်ကို မည်သို့ငြင်းကြမည်နည်း။ ရုပ်စကြဝဠာကြီး အတွင်းဝယ် ဂြိုဟ် {planet} များသည် ကိုယ်ပိုင်လောင်စာ မရှိကြ၍ ကိုယ်ပိုင် အလင်းရောင်း မထုတ်လွှင့်ကြ။ ဥပမာ လူသားတို့၏ ကမ္ဘာဂြိုဟ် ‘လ’တို့ ဖြစ်သည်။ သို့သော် နေ (ကြယ်)မှ လာသော အလင်းရောင်ကို မှန်သဖွယ် အလင်းပြန်ကြသည်။ ထို့ကြောင့် လ၏ အလင်းရောင်ကို ကမ္ဘာဂြိုဟ်မှ မြင်ရပြီး ကမ္ဘာဂြိုဟ်မှ တစ်ဆင့် ပြန်သော အလင်းရောင်ကို အာကာသထဲမှ မြင်ရခြင်း ဖြစ်သည်။
ကယ်(Star) တို့သည် ကိုယ်ပိုင် လောင်စာများရှိ၍ လောင်ကျွမ်းနေပြီး ကိုယ်ပိုင် အလင်းရောင် ထုတ်လွှင့်ကြသည်။ ကျွန်ုပ်တို့၏ နေမင်းကြီးသည်လည်း ကြယ်တစ်စင်းပင်။ ဂလက်ဆီ {Galaxy}ဟူသည် (ဂြိုဟ်များ၊ အရန်ဂြိုဟ်များ အပါအဝင်) ကြယ်ပေါင်း သန်းပေါင်းများစွာတို့ စုဝေးလျက်ရှိသော ကြယ်အစုအဝေးကြီးတစ်ခု (မဟာစကြဝဠာတစ်ခု)ဖြစ်သည်။ အာကာသထဲတွင် ဂလက်ဆီခေါ် ကြယ်အစုအဝေးကြီးများ မရေမတွက်နိုင်အောင်ပင် အနှံ့အပြားရှိနေ၏။ တစ်နည်း ကြယ်မြို့တော်ကြီးပေါင်းများစွာ ရှိနေ၏။
>ကျွန်ုပ်တို့၏ နေစကြဝဠာ
“စင်စစ် ထိုအရှင်မြတ်သည်ပင် ညဥ့်နှင့် နေ့ကို လည်းကောင်း နေနှင့်လကို လည်းကောင်း ဖန်ဆင်းတော်မူခဲ့သော အရှင်ဖြစ်တော်မူ၏။ (ထိုဂြိုဟ်၊ နက္ခတ်) အသီးသီးတို့သည် (မိမိတို့ သက်ဆိုင်ရာ ဂြိုဟ်နက္ခတ်လမ်း အသီးသီးတွင် လှည့်ပတ်သွားလာ လှုပ်ရှားလျက်ရှိနေကြကုန်သတည်း” (ကုရ်အာန် ၂၀း၃၃)
လူသားတို့နေထိုင်ရာ ကမ္ဘာဂြိုဟ်သည် နေမိသားစု (ခေါ်) နေစကြဝဠာတွင်း၌ ပါဝင်သည်။ ကျွန်ုပ်တို့၏ နေမင်းကြီးကို ဗဟိုပြု၍ ကမ္ဘာ့ဂြိုဟ်အပါအဝင် ဂြိုဟ်ကြီး၉လုံးတို့က မိမိတို့အတွက် သတ်မှတ်ထားရာ လမ်းကြောင်းအတိုင်း သတ်မှတ်ထားချိန်အတွင်း သတ်မှတ်ထားသောအလျင်နှုန်းဖြင့် လည်ပတ်ရွေ့လျားနေကြ၏။ တစ်နည်းဆိုသော် ဖန်ဆင်းရှင်အလ္လာဟ်ကသတ်မှတ်ထားသော (၄င်းတို့၏သက္ကဒီရ်အတွင်း) အမိန့်တော်ကို နာခံနေကြသော မုစ်လင်မ် (နာခံသူ)များ ဖြစ်နေကြ၏။ ၄င်းကိုနေစကြဝဠာ {Solar System} ဟု ခေါ်ကြ၏ ဂြိုဟ်နက္ခတ် အသီးသီးသည် ကိုတိုင်လည်း (ဝင်ရိုးပေါ်တွင်) လည်ပတ်နေမှုနှင့် သတ်မှတ် လမ်းကြောင်းတွင်လည်း ရွေ့လျား သွားလာနေမှု အကြောင်း ကုရ်အာန်က ဖော်ပြထားမှုကို သိပ္ပံက ထောက်ခံလိုက်ခြင်းသာ ဖြစ်၏။
>ကျွန်ုတို့၏ ဂလက်ဆီ (OUR GALAXY) OR (MILKY WAY)
“ ချီးမွမ်း ထောမနာခြင်းအပေါင်းတို့သည် လောကခပ်သိမ်းတို့ကို ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ်အတွက်သာလျှင်တည်း ” (ကုရ်အာန် ၁း၂)
မိုးတိမ်ကင်းစင်သော ညများတွင် ကောင်းကင်ယံသို့ မော်ကြည့်က တောင်မှမြောက်သို့တန်းနေသော နို့နှစ်ရောင် အတန်းကြီးကို တွေ့ရပေမည်။ စင်စစ် ကြယ်ပေါင်းသန်းပေါင်း တစ်သိန်းကျော် (100 Billions) ပါဝင်သော “ကျွန်ုပ်တို့၏ ဂလက်ဆီ (Our Galaxy) ကို တွေ့ရခြင်း ဖြစ်၏။ မီလ်ကီးဝေး နဂါးငွေ့တန်းဟုလည်း ခေါ်၏။ ကျွန်ုပ်တို့၏ နေမိသားစု (ဝါ) နေစကြဝဠာသည် ပုံတွင်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ ဂလက်ဆီ၏ အစွန်တစ်နေရာတွင် အမှုန်ကလေးအသွင်သာရှိနေ၏။ ၄င်းအတွင်း များစွာသော ကြယ်တို့မှာ ကျွန်ုပ်တို့၏ နေ (ကြယ်)ထက် အဆများစွာ ပိုကြီး၏။ ထိုဂလက်ဆီ ကြယ်အစုအဝေးကြီးမှာ အလွန်ကျယ်ပြောလှ၏။ စကြဝဠာအတွင်း အလင်းရောင်သည် တစ်စက္ကန့်လျှင် ၁၈၆.၀၀၀ မိုင်နှုန်းဖြင့် အလျှင်မြန်ဆုံး ပြေး၏။ ထိုအလင်းရောင်သည်ပင်လျှင် ကျွန်ုပ်တို့၏ ဂလက်ဆီ တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းသို့ ထိုးဖောက်ရန် နှစ်ပေါင်းတစ်သိန်းကြာပေမည်။ ကျွန်ုပ်တို့၏ ဂလက်ဆီ၏ အချင်းမှာ ၆၀၀.၀၀၀.၀၀၀.၀၀၀.၀၀၀.၀၀၀. မိုင်ခန့်ရှိ၍ မည်သည့် အာကာသယာဉ် ဒုံးပျံ့မျှ ဖြတ်သန်း ထိုးဖောက်နိုင်မည် မဟုတ်။
>ကျွန်ုပ်တို့၏ ဂလက်ဆီကို ဘေးမှမြင်ရပုံနှင့် နေမိသားစု တည်နေရာ နေပတ်လမ်းကြောင်း
“ထို့ပြင် နေသည်လည်း သက်သေလက္ခဏာ တစ်ရပ်ပင်။ ထိုနေသည် မိမိသွားရာလမ်းအတိုင်း သွားလာလျှက် ရှိနေလေ၏။ ဤသည်ကား အလွန်တရာ နိုင်နင်း လွှမ်းမိုးတော်မူသော၊ အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်၏ တိုင်းတာသတ်မှတ်ချက် (သက္ကဒီရ်)ပင်ဖြစ်၏။ (ကုရ်အာန် ၃၆း၃ဂ)
လသည် ကမ္ဘာဂြိုဟ်ကို တစ်လလျှင် တစ်ပတ် ပတ်နေ၏။ သို့သော် ကုရ်အာန်အတွင်း၌ အလ္လာဟ်က နေသည် လည်ပတ်ရာ လမ်းကြောင်း ရှိနေသည်ဟု ဆိုထား၏။ နေပတ်လမ်းကြောင်းကား အဘယ်နည်း။ စင်စစ် (ကမ္ဘာအပါအဝင် ဂြိုဟ်၉လုံးပါဝင်နေသော) နေ ဦးဆောင်သည့် နေမိသားစုသည် ကျွန်ုပ်တို့၏ ဂလက်ဆီ၏ ဗဟိုကို တစ်နာရီလျှင် ၄၅၀.၀၀၀ မိုင်နှုန်း (၂၃၀ ကီလိုမီတာဝ/၀ စက္ကန့်) ဖြင့် အလွန် အရှိန်ပြင်းထန်စွာ ပတ်နေကြောင်း၊ တစ်ပတ်ပတ်မိရန် နှစ်ပေါင်း ၂၂၅ သန်း ကြာကြောင်း ခေတ်သစ် သိပ္ပံက ရှာဖွေတွေ့ရှိမှုသည် ကုရ်အာန်ကျမ်းမြတ်၏ အရှင်သခင်က အလ္လာဟ်ကို ဖန်ဆင်းရှင်ဖြစ်ကြောင်းထောက်ခံလိုက်ခြင်းသာ ဖြစ်သည်။ ကျွန်ုပ်တို့၏ ဂလက်ဆီ (ကြယ်အစုအဝေး) အတွင်းရှိ သန်းပေါင်းများစွာသော ကြယ်တို့သည်လည်း ကျွန်ုပ်တို့၏ နေမိသားစု ကဲ့သို့ပင် ကျွန်ုပ်တို့၏ ဂလက်ဆီ၏ ဗဟိုကို သတ်မှတ်ထားရာ လမ်းကြောင်းများမှ အရှိန်အဟုန်ပြင်းစွာ လှည့်ပတ်လျှက်ရှိကြ၏။ တိုက်ခိုက်မိကြခြင်း မရှိကြချေ။ ကျွန်ုပ်တို့သည် အလ္လာဟ်နှင့် အလ္လာဟ်၏ ဘုန်းတော်တို့ကို မည်သို့ငြင်းအံ့နည်း။

No comments:

Post a Comment