Saturday, 4 August 2012

အစ္စလာမ်တွင် ဂိုဏ်းဃဏစနစ်မရှိ

အစ္စလာမ်တွင် ဂိုဏ်းဃဏစနစ်မရှိ အလ္လာဟ်သည်သာလျင် စကြဝဠာ လောကခပ်သိမ်းတို့၏ အရှင်သခင် ဖြစ်တော်မူ၏။ အလ္လာဟ်သည်သာ လောကခပ်သိမ်းတို့၏ အုပ်ချုပ်မှုအာဏာကို စိုးပိုင်တော်မူ၏။ ထို့ကြောင့် အလ္လာဟ်သည်သာ နိစ္စထာဝရ ပြီးပြည့်စုံတော်မူသော ဉာဏ်တော်အနန္တဖြင့် ဖန်ဆင်းခံတို့အပေါ် ဝဟီလမ်းညွှန်အမိန့်ထုတ်နိုင်၏။ ပြီးပြည့်စုံသောမှန်ကန်မျှတမှုဖြင့် တရားစီရင်တော်မူနိုင်၏။ ထို့ကြောင့် ‘ဒီန်’ဟုခေါ်သော အစ္စလာမ်သာသနာတော်တွင် မပြီးမပြည့်စုံသော လူပုဂ္ဂိုလ်ကို အခြေခံသော ဂိုဏ်းဃဏဝါဒနှင့် လူဂ္ဂိုလ်ကိုးကွယ်မှုကို အလ္လာဟ်က ကုရ်အာန်မှ တစ်ဆင့်ပြင်းထန်စွာ တားမြစ်တော်မူသည်။ “သို့ရာတွင် လူသားတို့အနက်မှ အချို့တို့သည် အလ္လာဟ်နှင့် ပြိုင်ဆိုင်၍ အခြားအရာများ (နှင့် စွမ်းအင်များ)ကို ရွေးချယ်ယုံကြည် (ကိုးကွယ်)ကြလေသည်။ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အား ချစ်မြတ်နိုးဘိသကဲ့သို့ပင် ယင်းအရာများကို ချစ်ကြည်မြတ်နိုးကြကုန်၏။ သို့ရာတွင် ယုံကြည်ခြင်းသဒ္ဒါတရားရှိကြသူတို့မှာမူ အလ္လာဟ်ကိုသာလျှင် (ကျန်အရာအားလုံးထက်) ပိုမိုသာလွန် ချစ်မြတ်နိုးကြလေသည်………” (ကုရ်အာန် ၂း၁၆၅) “သို့ဖြစ်ပေရာ အသင်(လူသား)သည် လူသားတို့အား အလ္လာဟ် ဖန်ဆင်းတော်မူသော သဘာဝတရားနှင့်အညီ မိမိတို့၏ မျက်နှာကို (မှန်ကန်သော) ဒီန်သာသနာပေါ်၌ အာရုံစူးစိုက်လျက် ခိုင်ခံ့တည်တံ့စွာ ထားရှိလော့။ အလ္လာဟ်၏ဖန်ဆင်းမှု (သဘာဝ)တွင် မည်သည့် ပြောင်းလဲမှုမျှပင် အလျင်းမရှိချေ။ ဤသည်ပင်လျှင် ဖြောင့်မတ်မှန်ကန်သော ဒီန်သာသနာတော်ဖြစ်၏။ သို့တစေလည်း အများဆုံးသော သူတို့မှာမူကား မသိနားမလည်ကြပေ” (ကုရ်အာန် ၃၀း၃၀) “အကြင်သူတို့အနက်မှ ထိုသူတို့သည် မိမိတို့၏ ဒီန်သာသနာကို အစိတ်စိတ် အပိုင်းပိုင်းပြုလုပ်ခဲ့ကြပြီးလျင် ဂိုဏ်းဃဏအမျိုးမျိုး ဖြစ်ခဲ့ကြကုန်၏။ ဂိုဏ်းဃဏအသီးသီးတို့သည် မိမိတို့၌ရှိသော (ဝါးလမ်းစဉ်)များနှင့်ပင် ဝမ်းမြောက်လျက်ရှိကြ၏” (ကုရ်အာန် ၃၀း၃၂) “….သို့ဖြစ်ပေရာအသင်တို့သည် အရှင်မြတ်အားသာလျင် အိဘာဒတ်ပြုနာခံ ကိုးကွယ်ကြလေကုန်။ ဤသည် ဖြောင့်မတ် မှန်ကန်သော တရားလမ်းမှန်ပင် ဖြစ်၏။ သို့ပါလျက် ၄င်းတို့အကြားမှအုပ်စု (ဂိုဏ်းဝင်) အသီးသီးကွဲခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ မတရားကျူးလွန်သူများ၌ ပြင်းပြနာကျင်ဖွယ်သောနေ့၏ ပြစ်ဒဏ်ကြောင့် ပျက်စီးခြင်းရှိအံ့သတည်း” (ကုရ်အာန် ၄၃း၆၄-၆၅) “မုချဧကန် အသင်တို့၏ ဤအွမ္မသ် ညီနောင်သားချင်း အုပ်စုသည် တစ်ခုတည်းသော အွမ္မသ်အုပ်စုဖြစ်ပေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် ဖြစ်ပေရာ အသင်တို့သည် ငါအရှင်မြတ်အားသာလျင် သိစိတ် (သက္ကဝါတရား) ထားကြလေကုန်။ သို့ရာတွင် လူတို့သည် မိမိတို့၏ အချင်းချင်းတွင် မိမိတို့၏ (စုစည်းညီညွှတ်မှု) အရေးကိုအကွဲကွဲ အစိတ်စိတ်ပိုင်းဖြတ်ကာ (အုပ်စုအသီးသီး) ဖြစ်သွားခဲ့ကြကုန်၏။ အုပ်စုတိုင်းသည် မိမိတို့၌ ရှိသော အရာ (အယူဝါဒ)နှင့် ပျော်ပိုက်လျက်ရှိကြ၏။ (ကုရ်အာန် ၂၃း၅၂-၅၃) “ဧကန်စင်စစ် အကြင်သူတို့သည် မိမိတို့၏ (တစ်ခုတည်းသော) ဒီန်သာသနာကို အစိတ်စိတ်ခွဲပစ်ခဲ့ကြ၏။ ၄င်းနောက် ထိုသူတို့သည် ဂိုဏ်းဃဏအသီးသီး ကွဲခဲ့ကြ၏။ အသင် (နဗီတမန်တော် မုဟမ္မဒ်)သည် ထို (ဂိုဏ်းဃဏခွဲ)သူတို့နှင့် မည်သို့မျှ မပတ်သက်ပေ။ (ကုရ်အာန် ၆း၁၅၉) ကုရ်အာန်တွင်း၌ အလ္လာဟ်သည် ခေတ်အဆက်ဆက်ရှိ အလ္လာဟ်ကိုနာခံသူ (မုစ်လင်မ် အွမ္မသ်) အုပ်စုတိုင်းကို တစ်ခုတည်းသော အစ္စလာမ်ဒီန်သာသနာအား ဂိုဏ်းဃဏအသွင် အစိတ်စိတ် အပိုင်းပိုင်း မပြုရန်နှင့် အလ္လာဟ်တစ်ပါးတည်းကိုသာ အခြေခံထား၍ နာခံရန် သင်ကြားထား၏။ (ကုရ်အာန် ၄၂း၁၃-၁၄) အလ္လာဟ်သည်သာလျင် စကြဝဠာလောကခပ်သိမ်း၏ တစ်ပါးတည်းသော နာခံကိုးကွယ်ရာ အရှင်ဖြစ်တော်မူ၏။ အစ္စလာမ်သည်သာ လောကခပ်သိမ်း၏ တစ်ခုတည်းသော ဒီန်သာသနာဖြစ်၏။ မုစ်လင်မ်သည်သာ လောကခပ်သိမ်း၏ တစ်ခုတည်းသော အွမ္မသ် ဖြစ်၏။ ထို့ကြောင့် အစ္စလာမ်ဒီန်သာသနာကို ဂိုဏ်းဃဏအသွင်ပြုလုပ်ခြင်း၊ မိမိတို့၏ ဂိုဏ်းခေါင်းဆောင်ကို အလ္လာဟ်ထက်ပို၍သော်လည်းကောင်း၊ တန်းနူထား၍ သော်လည်းကောင်း၊ ချစ်မြတ်နိုးခြင်း၊ မိမိတို့၏ ဂိုဏ်းဃဏဝါဒကို အလ္လာဟ်၏ ဝဟီလမ်းညွှန် ကုရ်အာန်ကျမ်းမြတ်ထက် ရှေ့တန်းတင်ပြောဆိုကြခြင်း စသည်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို ဆန့်ကျင်ခြင်းသာ ဖြစ်၏။ အလ္လာဟ်သည် လူသားတို့အား ကုရ်အာန်မှတစ်ဆင့် မိမိတို့၏ ဆင်ခြင်တုံတရားကို အသုံးချရန် ဉာဏ်ကိုစေစားရန် အကြိမ်ပေါင်းများစွာ အမိန့်ပေးတော်မူထား၏။ တိရစ္ဆာန်တို့ထက် သာလွန်၍ ဆင်ခြင်တုံတရား ပေးထားပါလျက် အသုံးမချသူ လူသားသည် တိရစ္ဆာန်ထက်ပင်ဆိုးသေးသည်ဟု ဆိုထားသည်။ (ကု၇်အာန် ၇း၁၇၉)။ သို့သော် ဆင်ခြင်တုံတရား၏ အစွမ်းထက်မှုကို အသိအမှတ်ပြုသလို လူသားတို့၏ ဆင်ခြင်တုံတရား၏ မပြီးမပြည့်စုံမှု၊ အကန့်အသတ်ရှိမှု၊ အရာခပ်သိမ်းကို လွှမ်းခြုံထိုးဖောက်နိုင်စွမ်း မရှိမှုကိုလည်း သတိပေးထား၏။ ထိုအားနည်းချက်ကို ဖြေရှင်းရန် အလ္လာဟ်က နဗီတမန်တော်ပွင့်စေ၍ ဝဟီလမ်းညွှန်များ ပေးရ၏။ နောက်ဆုံး ဝဟီလမ်းညွှန်မှာ ကုရ်အာန်ဖြစ်၏။ ထို့ကြောင့် လူသား၏ မပြီးမပြည့်စုံသော ဆင်ခြင်တုံတရားသည် ကုရ်အာန်၏ အလင်းရောင် လမ်းညွှန်အောက်တွင်သာ မှန်ကန်စွာ အသုံးချနိုင်ကြောင်း အလ္လာဟ်က သတိပေးထား၏။ (ကုရ်အာန် ၂၇း၆၅-၆၆) ထို့အတူ အလ္လာဟ်၏ ဖန်ဆင်းမှု သဘာဝတွင် လူသားအပါအဝင် ညမ်သည့်အရာကမျှ အသစ်ထည့်သွင်းခြင်း ဖျောက်ဖျက်ပစ်ခြင်း စသည်တို့ကို မပြုလုပ်နိုင်ချေ။ အလ္လာဟ် ဖန်ဆင်းပြီးသော အရာ(ရုပ်နှင့် စွမ်းအင်)တို့ကိုသာ ပြုပြင်ပြောင်းလဲနိုင်ကြ၏။ (ကုရ်အာန် ၃၀း၃၀)။ သို့သော် အလ္လာဟ်သည် မိမိ အလိုရှိတော်မူသော အရာကို အသစ်ထည့်သွင်းသည်ဟု ကုရ်အာန် (၃၅း၁)တွင် ဆိုထား၏။ အလ္လာဟ်၏ ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေမှု အမရ်စီမံမှု အမိန့်တော် ‘ဖြစ်စေ- ဖြစ်လာ၏’ သဘာဝမှာ စကြဝဠာ လောကခပ်သိမ်း၌ ဆက်လက် သက်ရောက်လျက်ရှိ၏။ ‘ဖြစ်စေ-ဖြစ်ခဲ့သည်’ ဟူ၍ မဆိုထားချေ။ ‘ဖြစ်လာသည်’ဟုသာ ဆိုထား၏။ ထို့ကြောင့် ကုရ်အာန်ကျမ်းမြတ်စတင်ကျရောက်စဉ်မှစ၍ ခေတ်အဆက်ဆက် များစွာသော အသစ်အဆန်းများကို လူတို့တွေ့လာရ၏။ စကြဝဠာကြီး ပို၍ကျယ်ပြန့်နေမှုကို ရှာဖွေတွေ့ရှိလာ၏။ ရင်ဆိုင်ဖြေရှင်းရန် ပြဿနာအသစ် အသစ်တို့သည်လည်း ပေါ်ပေါက်လာ၏။ “(အသင် ပြောလော့) ငါသည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားသူကို (အမှန်နှင့်အမှား) စီရင်ဆုံးဖြတ်သူ တရားသူကြီးအဖြစ် ရှာဖွေရပါမည်လော၊ ထိုအရှင်မြတ်သည်ပင်လျင် အသင်တို့ထံသို့ (အလုံးစုံကို) လင်း၍ ပြထားပြီးဖြစ်သော (ကုရ်အာန်)ကျမ်းမြတ်ကို ချပေးသနားတော်မူခဲ့လေသည်။” (ကုရ်အာန် ၆း၁၁၄) “၄င်းပြင် အသင့်အား မွေးမြူ ဖန်ဆင်းတော်မူသော အရှင်မြတ်၏ ဒေသနာတော်သည် မှန်ကန်ခြင်းအရာ၌ လည်းကောင်း၊ မျှတခြင်း အရာ၌၄င်း စုံလင် ပြည့်ဝလှပေသှ်။ ထိုအသျှင်မြတ်၏ ဒေသနာတော်ကို ပြောင်လဲနိုင်သူဟူ၍ အလျင်းမရှိပြီ” (ကုရ်အာန် ၆း၁၁၅) “အို -ရစူလ်တမန်တော် (မုဟမ္မဒ်) အသင်သည် မိမိအရှင်မြတ်ထံတော်မှ ကျရောက်လာသမျှသော ဒေသနာတော်များကို ပို့ဆောင်ဟောကြားလော့၊ အကယ်၍ အသင်သည် (ထိုသို့ပို့ဆောင်ဟောကြားခြင်း) မပြုခဲ့ပါလျင် အသင်သည် ထိုအရှင်မြတ်၏ အကြောင်းကြားချက်ကို ပို့ဆောင်(ဟောကြား)သည် မမည်ချေ။ (တစ်နည်း- ရစူတမန်တော်ဖြစ်ပြီး တာဝန်မကျေချေ။) (ကုရ်အာန် ၅း၆၇) အထက်ပါ အာယာသ်တော်များအရ တမန်တော်ချုပ် မုဟမ္မဒ်သခင်သည် မိမိထံ အလ္လာဟ်ချပေးခဲ့သမျှကို ဝေဖန်ဖြစ်တော်မမူမီ ကုရ်အာန်ကျမ်းမြတ်အဖြစ် လူသားတို့ထံ ပေးခဲ့ပြီးဖြစ်၏။ မည်သည့် လျှို့ဝှက်ချက် ခြွင်းချန်ချက်မျှမရှိခဲ့။ အလ္လာဟ် ကိုယ်တော်တိုင်သည်လည်း ကုရ်အာန် ကျမ်းမြတ်ကို လုံခြုံစွာ စောင့်ရှောက်ထားပြီး ဖြစ်၏။ အလ္လာဟ်၏ ဖန်ဆင်းမှုများ၊ ကိယာမသ်မတိုင်မီမည်မျှတိုးလာစေကာမူ အလ္လာဟ်သည် အကြွင်းမဲ့ သိတော်မူသော အနန္တဉာဏ်တော်ဖြင့် ကုရ်အာန်ကျမ်းမြတ်ကို ပြီးပြည့်စုံစွာ အလုံးစုံကို ရှင်းလင်းထားပေသည်။ တမန်တော်မြတ် မုဟမ္မဒ်သခင်ရှိစဉ်ကလည်း ကုရ်အာန်ကိုသာ ဟောကြားခဲ့၍ စံပြအဖြစ် အောင်မြင်ငြိမ်းချမ်းသော ဘဝကိုတည်ဆောက်ပြသွားခဲ့သည်။ တမန်တော်မြတ်၏ စွန္နသ်ဓလေ့တော်နှင့် သြဝါဒတော် အစစ်အမှန်တို့သည် ကုရ်အာန်ကျမ်းမြတ်နှင့် လုံးဝ ဆန့်ကျင်မှု မရှိချေ။ ကုရ်အာန်ကျမ်းမြတ်တွင် အလ္လာဟ်သည် စိတ်နှင့် နဖ်စ်ဝိညာဉ်ဆိုင်ရာ ကျင့်စဥများကို ပြောင်းလဲမှု မရှိဘဲ တိကျစွာ ချမှတ်ထား၏။ သို့သော် ရုပ်ပိုင်းဆိုင်ရာ ကျင့်စဉ်များအတွက်မူကား ခေတ်ကာလကြာလေလေ အလ္လာဟ်၏ ဖန်ဆင်းမှု အသစ်အဆန်းများ ပေါ်လာလေ၊ လူသားတို့ရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာများလာလေ ဖြစ်၍ ကုရ်အာန်တွင် ကျယ်ပြန့်၍ ပြီးပြည့်စုံသောအခြေခံ စည်းမဉ်းများကိုသာ ချပေးထားလေသည်။ ပြဿနာအသစ်တိုင်းအတွက် ကုရ်အာန်ကျမ်းမြတ်၏ အလင်းရောင်အောက်တွင် စုပေါင်းအဖြေရှာ ညှိုနှိုင်းရန် ညွှန်ကြားထားလေသည်။ တစ်စုတစ်ဝေးတည်းရှိရန် ညွှန်ကြား၏။ “(အကြင် အီမာန်သက်ဝင်ယုံကြည်သူတို့သည်) ၄င်းတို့၏ အမှုကိစ္စများတွင် ‘ရှုရာ’ မိမိအချင်းချင်း ညှိုနှိုင်းတိုင်ပင် ဆောင်ရွက်ကြကုန်၏“ (ကုရ်အာန် ၄၂း၃၈) “အို…. သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်ကို နာခံကြလေကုန်။ တမန်တော်မြတ်ကို နာခံကြလေကုန် နာခံကြလေကုန်။ ထို့ပြင် မိမိတို့အနက်မှ အာဏာပိုင်များကို နာခံကြလေကုန်၊ တစ်ဖန် အကယ်၍ အသင်တို့သည် တစ်စုံတစ်ရာသော ကိစ္စနှင့်စပ်လျဉ်း၍ အငြင်းပွားခဲ့သော် အသင်တို့သည် အလ္လာဟ်ကို ၄င်း၊ နေက်ဆုံးနေ့တော်ကြီးကို ၄င်း သက်ဝင်ယုံကြည်ကြပါလျှင် (ထိုငြင်းပွားနေသော) ကိစ္စကို အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်ထံ ပြန်လည်၍ ပို့ဆက် (ရည်ညွှန်းကိုးကားမှုပြု) ကြလေကုန်။ ဤသည် (အသင်တို့အတွက်) အကောင်းဆုံးဖြစ်၍ အဆုံးသတ်တွင်လည်း အကောင်းဆုံးဖြစ်ပေမည်” “ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကြိုးတော် (ကုရ်အာန်)ကို တစ်စည်းတစ်လုံးတည်း စွဲမြဲစွာ ဆုပ်ကိုင်ထားကြလေကုန်။ ၄င်းပြင် အသင်တို့သည် အချင်းချင်း သွေးမကွဲကြကုန်လင့်” (ကုရ်အာန် ၃း၁၀၃) “၄င်းပြင် အသင်တို့သည် ထိုသူများကဲ့သို့ မဖြစ်ကြကုန်လင့်၊ ယင်းသူတို့သည် အချင်းချင်းကွဲခဲ့ကြကုန်သည့်ပြင် မိမိတို့ထံ (အလ္လာဟ်ထံမှ) ထင်ရှားသော သက်သေသာဓကများ ရောက်ရှိလာပြီးနောက်တွင်လည်း (ဂုဏ်တုဂုဏ်ပြိုင်လိုကြ၍) အချင်းချင်း ကွဲလွဲကြကုန်၏။ အမှန်သော်ကား ယင်းသူတို့အဖို့ ကြီးလေးသော ပြစ်ဒဏ်သည် ရှိ၏” (ကုရ်အာန် ၃း၁၀၅)

No comments:

Post a Comment