Saturday, 4 August 2012
အစ္စလာမ်- ဒီန်ကပေးသော ပန်းတိုင်
အလ္လာဟ်သည် လူသားကို ထင်ရှားဖြစ်ပေါ်စေခြင်းမှာ ဒုက္ခတရားများတွင် ထားရန်မဟုတ်။ မိမိကျူးလွန်သော ပြစ်မှုအတွက် ပြစ်ဒဏ်များပေးရန် မဟုတ်ပေ။ မဟာကရုဏာတော် ပေးရန်သာဖြစ်သည်။ (ကုရ်အာန် ၁၁း၁၁၉)။ ထို့ကြောင့် အလ္လာဟ်သည် စကြဝဠာလောကခပ်သိမ်း၊ သက်ရှိသက်မဲ့ ခပ်သိမ်းတို့ကို ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေပြီးနောက် သက်ဆိုင်ရာ ဖန်ဆင်းခံအသီးသီးတို့၏ သဘာဝနှင့် လျော်ညီသော လမ်းစဉ်များကို ချမှတ်၍ လမ်းညွှန်ဝဟီအမိန့်တော် ပေးလေသည်။ အလ္လာဟ်၏ အမိန့်တော်ကို နာခံ၍ ဘဝတည်ဆောက်က လူသားသည်လည်း အလ္လာဟ်၏ ကရုဏာတော် အနန္တကို မုချခံစားရ၍ ဤရုပ်လောနှင့် တမလွန်နှစ်ဘဝလုံးတွင် ပြီးပြည့်စုံသော ငြိမ်းချမ်းသာယာမှုကို ခံစားရပေမည်။
မုစ်လင်မ်တစ်ဦး၏ ပန်းတိုင်မှာ မိမိ၏ ရုပ်,ခန္ဓာ နှစ်ပါးလုံး၌ ကြောက်ရွံ့စိုးရိမ်ဖွယ်၊ ပူဆွေးဝမ်းနည်းဖွယ်ရာ ဒုက္ခများမှ ကင်းဝေးသော ငြိမ်းချမ်းမှုပင်ဖြစ်၏။ ထိုမှတစ်ဆင့် မိမိ၏ မိသားစု ပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်း အဆောက်အအုံ တစ်ခုလုံးကို အလ္လာဟ်လမ်းညွှန်နှင့်အညီ ကျင့်သုံးစေခြင်းဖြင့် ဤရုပ်လောက ကမ္ဘာကြီးအား အလ္လာဟ်၏ ကရုဏာတော်အနန္တ ကျရောက်စေခြင်းဖြင့် လောက၏ ငြိမ်းချမ်းသာယာမှုကို အဆင့်ဆင့် တည်ဆောက်ရေးပင် ဖြစ်သည်။ လူသား၏ သဘာဝမှာ ကမ္ဘာ၏ ကိုယ်စားလှယ် အဖြစ် အလ္လာဟ်က ဖန်ဆင်းထားခြင်း ဖြစ်၏။ စကြဝဠာအတွင်းရှိ အရာခပ်သိမ်းတို့မှာ လူသား၏ လက်အောက်ခံသာဖြစ်၏။ ကိုးကွယ်ရာများ မဟုတ်။ လူသား၏ ဘဝကံကြမ္မာကို လွှမ်းမိုးချယ်လှယ်သော အရာများမဟုတ်။ အလ္လာဟ့် လမ်းညွှန်နှင့်အညီ သက်ဆိုင်ရာ သဘာဝတရားတို့ကို စနစ်တကျ အသုံးချက ငြိမ်းချမ်းအောင်မြင် လုံခြုံသောဘဝ တည်ဆောက်နိုင်မည် ဖြစ်သည်။ (ကုရ်အာန် ၂း၃၀။ ၂း၃၄။ ၂၄း၅၅။ ၂၂း၄၁။ ၃၉း၇၄။) သို့သော် ဤရုပ်လောက၏ ငြိမ်းချမ်းမှုမှာ မတည်မြဲ၍ ယာယီသာဖြစ်၏။ ထာဝရပြီးပြည့်စုံသော တမလွန်၏ ငြိမ်းချမ်းမှု ‘ဂျန္နသ်’ရရှိရေးအတွက် တည်ဆောက်ရန် အခြေခံအုတ်မြစ်သာဖြစ်၏။ တစ်ဦးကောင်း တစ်ယောက်ကောင်း မဟုတ်ဘဲ လူသားထုတစ်ရပ်လုံးအတွက် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တမလါန်ဘဝသည် ထာဝရဖြစ်၏။ ပို၍ကောင်းမွန်သည်။ သေခြင်းတရားသည် ထိုပို၍ မြင့်သော အဆင့်သို့ပို့ရန် တံခါးဝသာ ဖြစ်သည်။ ဘဝ၏ အဆုံးပန်းတိုင် မဟုတ်ပေ။ (ကုရ်အာန် ၉၃း၎။ ၁၇း၁၈-၂၁)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment