Saturday, 4 August 2012

ကုရ်အာန်သည် နောက်ဆုံး အဆုံးအဖြတ်

“အလ္လာဟ်အရှင်မြတ်သည်ပင် တရားစီရင်သူ အပေါင်းတို့တွင် အကောင်းဆုံး တရားစီရင်တော်မူသော အရှင်မြတ်ပင် မဟုတ်ပါလော့” (ကုရ်အာန် ၉၅း၈) “ထို့ကြောင့် မုစ်လင်မ် အွမ္မသ်သည် ပြဿနာအသစ်တို့ အတွက် ‘ရှုရာ’ခေါ် စုပေါင်း ညှိုနှိုင်းတိုင်ပင် အဖြေရှာခြင်း၊ မိမိတို့၏ ဆင်ခြင်တုံတရားကို အဓိကအားဖြင့် ကုရ်အာန်ကျမ်းမြတ်၏ အလင်းရောင်အောက်တွင် တမန်တော်မြတ်၏ စွန္နသ်ဓလေ့တော်များနှင့် အညီအသုံးချခြင်းတို့ကို ပြုကြရပေမည်။ အစ္စလာမ် ပညာရှင်တို့သည် နောက်ဆုံးပြဿနာကို အငြင်းပွားမှု အဆုံးအဖြတ်မှာ ကုရ်အာန်ပေါ်တွင်သာ အခြေခံရမည်ဟု ခံယူကြသည်။ သို့သော် အကယ်၍ ကုရ်အာန်ကျမ်းမြတ်ကို ဖွင့်ဆိုမှုကွဲပြားခဲ့လျင် မည်သို့ ပြုကြမည်နည်း။ ဤပြဿနာကိုလည်း အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်က ကျမ်းမြတ်ကုရ်အာန်တွင် အဖြေပေးထား၏။ “အလိဖ်- လမ်- ရာ။ (ဤကုရ်အာန်သည်) အကြင်ကျမ်းဂန်သည် ယင်းကျမ်း၏ အာယာသ်တော်များသည် အုဟ်ကိမသ် အခြေခံအားဖြင့် မြဲမြံခိုင်ခံ့စွာ ရှင်းလင်း ပြုလုပ်ထားပြီးဖြစ်သည်။ ထို့ပြင် ထိုအာယာသ်တော်များကို (ဤကျမ်းတွင်း၌ပင်) ‘ဖုဆွိလသ်’ အသေးစိတ် ရှင်းလင်း ဖော်ပြပြီး ဖြစ်သည်။ (ဤသည်) ဉာဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော အရာခပ်သိမ်းကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ထံတော်မှ ဖြစ်၏။ အသင်တို့သည် အလ္လာဟ်မှတစ်ပါး အခြား တစ်စုံတစ်ရာကိုမျှ နာခံကိုးကွယ်မှု မပြုကြကုန်လင့်…..” (ကုရ်အာန် ၁၁း၁-၂) (ကုရ်အာန် ၃း၇။ ၄၁း၂-၃။ တို့တွင်လည်း ကြည့်ပါ) ထို့ကြောင့် ကုရ်အာန်ကျမ်းမြတ်တွင်ပါ စကားလုံးအသုံးအနှုန်းများ အာယာသ်တော်တို့၏ အဓိပ္ပာယ်များကို အလ္လာဟ်က ကုရ်အာန်အတွင်း၌ပင် ပြန်လည် ရှင်းလင်းထားကြောင်း ဆိုထား၏။ ထို့ကြောင့် ကုရ်အာန်ကျမ်းပါ စကားလုံးများ၏ အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ကုရ်အာန်တွင် အခြားနေရာများတွင် ထိုစကားလုံးကို မည်သည့်အဓိပ္ပာယ်ဖြင့် သုံးစွဲထားသည်တို့ကို ဆင်ခြင်၍သာ ဖွင့်ဆိုရ၏။ ကုရ်အာန်ကို ကုရ်အာန်၏ အသုံးအနှုန်းဖြင့်သာ ဖွင့်ဆိုရာ၏။ ကုရ်အာန်ကျမ်းလာ အာရဗီစကားလုံးများ အာယာသ်တော်များကို ကုရ်အာန်၏ပြင်ပမှ စကားလုံးအသုံးအနှုန်းများကို အခြေခံ၍ ဖွင့်ဆိုက ကွဲပြားသော ဖွင့်ဆိုမှုများ ဖြစ်ပေါ်လာလေတော့သည်။ ထို့ကြောင့် အလ္လာဟ်က အကြွင်းမဲ့သိတော်မူသော ဉာဏ်တော်ဖြင့် ကုရ်အာန်ကို ကုရ်အာန်ဖြင့်သာဖွင့်ဆိုရန် စည်းမျဉ်းသတ်မှတ်ပေးထားခြင်းသာ ဖြစ်၏။ ဤနည်းဖြင့်သာလျှင် ကမ္ဘာ့မုစ်လင်မ်ထု တစ်ရပ်လုံးသည် အလ္လာဟ်၏ ကြိုးတော် (ကုရ်အာန်)ကို တစ်စည်းတစ်လုံးတည်း ဆွဲကိုင်နိုင်ကြပေမည်။ ကုရ်အာန်ကျမ်းမြတ်၏ ပြင်ပမှ အတွေးအခေါ်များ စကားလုံးများဖြင့် ဖွင့်ဆိုကြက မုစ်လင်မ် အွမ္မသ်၏ စည်းရုံးညီညွတ်မှု ပျက်ပြားကြရပေတော့မည်သာ ဖြစ်၏။ တမန်တော်ချုပ် မုဟမ္မဒ်သခင်သည်လည်း ကုရ်အာန်၏ လမ်းညွှန်အတိုင်းသာ ဘဝတည်ဆောက်ပြခဲ့ခြင်းသာ ဖြစ်၍ တမန်တော်မြတ်၏ စွန္နသ်ဓလေ့တော် အစစ်အမှန်တို့သည် ကုရ်အာန်နှင့် မဆန့်ကျင်နိုင်ပေ။ အစစ်အမှန်မဟုတ်သော အရာများသာ ကုရ်အာန်နှင့် ဆန့်ကျင်ပေမည်။ ထို့အတူ တမန်တော်မြတ်ကို ဆက်ခံခဲ့ကြသော ဆွဟာဘဟ်ကြီးများ ဖြစ်ကြသော အဘူဘကရ်သခင်၊ အုမရ်သခင်၊ အုဆ်မန်းသခင်၊ အလီသခင်၊တို့သည်လည်း ကုရ်အာန်၏ အလင်းရောင်အောက်တွင် တမန်တော်မြတ်ကို စံနမူထား၍ စုပေါင်းတိုင်ပင် အဖြေရှာဆောင်ရွက်ခဲ့ကြသည်။ ဂိုဏ်းဃဏ မထူထောင်သွားခဲ့ကြ။ ထို့နောက်ပိုင်း ကာလများတွင် ရှေ့ဆောင် အီမမ်ကြီးများစွာတို့သည် မိမိတို့ရှိရာ ဒေသပတ်ဝန်းကျင်၏ လိုအပ်ချက်များနှင့်အညီ ပြဿနာအသစ်တို့အား ကုရ်အာန်ကျမ်းမြတ်ကို အဓိကထား၍ တမန်တော်မြတ်၏ ဓလေ့တော်များကို ကိုးကားကာ ဖြေရှင်းချက် ဓမ္မသတ်များပေးခဲ့ကြသည်။ ၄င်းတို့အနက် အီမာမ် အဘူဟနီဖဟ် (ဟစ်ဂျရီ ခုနှစ် ၈၀ မှ ၁၅၀)။ အီမာမ်မာလစ်က် (ဟစ်ဂျရီ ၉၃-၁၇၉)။ အီမာမ် ရှာဖီအီ(ဟစ်ဂျရီ ၁၅၀ မှ ၂၀၄)။ အီမာမ်အဟ်မဒ်ဘဲင်ဟမ်ဘလ် (ဟစ်ဂျရီ ၁၆၄- ၂၄၁)တို့မှာ ယနေ့တိုင် ထင်ရှားကျော်ကြားသော အီမာမ်ရှေ့ဆောင်ကြီးများ ဖြစ်ခဲ့ကြ၏။ သို့သော် မည်သည့် အီမာမ်ရှေ့ဆောင်ကြီးများကမျှ ဂိုဏ်းဃဏ မထူထောင်ခဲ့ကြပေ။ ထိုအီမာမ် ရှေ့ဆောင်ကြီး (၄)ပါးလုံးကလည်း ၄င်းတို့ အသီးသီး၏ ဓမ္မသတ် ဆုံးဖြတ်ချက်များကို မျက်စိမှိတ်၍ မလိုက်ကြရ။ ၄င်းတို့က မည်သည့် အခြေခံဇစ်မြစ် (ကုရ်အာန်နှင့် တမန်တော်မြတ်၏ ဓလေ့တော်)ကို ရည်ညွန်း ကိုးကားသည်ကို သိကြရမည်။ အကယ်၍ ၄င်းတို့၏ ဓမ္မသတ် ဆုံးဖြတ်ချက်များသည် (ကုရ်အာန်ကျမ်းမြတ်နှင့် သော်၎င်း၊ တမန်တော်မြတ်၏ စွန္နသ်ဓလေ့တော်များနှင့်သောဝ်၎င်း ဆန့်ကျင်နေလျင် ၄င်းတို့၏ ဆုံးဖြတ်ချက်များကို ပယ်ကြရမည်ဟု အတိအလင်းပင် ဆိုခဲ့ကြသည်။ ဂိုဏ်းဃဏ ဝါဒကို မထူထောင်ခဲ့ကြပေ။ (အလ္လာဟ်မဟ်ရှောင်ကာနိ ရေးသောဒုရရူဟ်ဗဟိယဟ်ကျမ်း) ဤသို့ဖြင့် ဟစ်ဂျရီခုနှစ် (၃)ရာစုသို့ ရောက်လာသောအခါ အစ္စလာမ့်သမိုင်းနှင့် တမန်တော်ချုပ် မုဟမ္မဒ်သခင်၏ ဟဒီးဆ်သြဝါဒတော်များကို စုဆောင်းသူ၊ ကျမ်းပြုသူပညာရှင်များစွာ ပေါ်ပေါက်လာလေသည်။ ၄င်းဟဒီးဆ်ကျမ်းများစွာ အနက် အီမာမ်ဘူခါရီ သခင်(ဟစ်ဂျရီ ခုနှစ် ၁၉၄-၂၅၆) ပြုစုသော ဆွဟီဟ် ဘူခါရီကျမ်း။ မုစ်လင်မ်သခင် (ဟစ်ဂျရီခုနှစ် ၂၀၂-၂၆၁) ပြုစုခဲ့သော မုစ်လင်မ်ကျမ်း။ အဘူဒါဝုဒ်သခင် (ဟစ်ဂျရီ ၂၀၅-၂၇၅)ပြုစုခဲ့သော စွန်နန် အဘူဒါဝုဒ်ကျမ်း။ သီရ်မိဇီသခင် (ဟစ်ဂျရီ ……..၂၇၉)ပြုစုခဲ့သော ဂျာမီသီရ် မိဇီကျမ်း။ နိဆာအီသခင် (ဟစ်ဂျရီ ၂၁၅ -၃၀၃) ပြုစုခဲ့သော စွန်နန် နိဆာအီကျမ်း။ အစ်ဘနူမာဂျာ သခင်(ဟစ်ဂျရီ ၂၀၉-၂၇၃) ပြုစုသော စွန်နန်အစ်ဘနူမာဂျာကျမ်း စသည့် (၆)ကျမ်းတို့မှာ ကျန် ဟဒီးဆ်ကျမ်းများအနက် အထင်ရှား အကျော်ကြားဆုံး ဖြစ်ပေသည်။ ထို အီမာမ်သခင်ကြီးများသည်လည်း မိမိတို့၏ ဘဝကို တမန်တော်မြတ်၏ သြဝါဒတော်များ စုဆောင်းမှုအတွက် မြှပ်နှံ၍ စုဆောင်းခြင်း ဆန်းစစ်ခြင်းတို့ကို ပြုခဲ့ကြ၏။ သိန်းပေါင်းများစွာသော ဟဒီးဆ်တော်များစွာ ရရှိခဲ့ပြီး မခိုင်မာဟု ယူဆသော ဟဒီးဆ်များစွာကိုပယ်ခဲ့ကြ၏။ ဥပမာ အီမာမ် ဘူခါရီ သခင်သည် ဟဒီးဆ်သြဝါဒ ၆ သိန်းစုဆောင်းရရှိသော်လည်း ၄င်း၏ ဘူခါရီကျမ်းတွင် ၇၀၀၀ ကျော်ကိုသာ ထည့်သွင်းခဲ့၏။ ကျန် အီမာမ်များမှာလည်း အလားတူပင် ဖြစ်ခဲ့၏။ ထိုအချိန်ကာလများတွင် အစ္စလာမ်၏ ရန်သူများစွာတို့သည် မုနာဖိက်ခေါ် မုစ်လင်မ် အယောင်ဆောင်၍ အစ္စလာမ်သာသနာကို အတွင်းမှ ဖျက်ဆီးရန် ကြံနေကြသော ကာလများ ဖြစ်၏။ ထို့ကြောင့် ဟဒီးဆ်ပညာရှင်များစွာတို့သည် မိမိတို့စုဆောင်းရေးသားသော အချက်အလက်များကို အထူးသတိထားခဲ့ကြရ၏။ ထိုဟဒီးဆ်သြဝါဒတော်ကို မည်သူက မည်သူထံမှ အဆင့်ဆင့် ရခဲ့ကြ၍ တမန်တော်မြတ်အထိ ကွင်းဆက်ကို လိုက်ကြ၏။ ထိုဆင့်ပြန်သူ အသီးသီးတို့၏ အကျင့်စာရိတ္တနှင့် ကိုယ်ရေးရာဇဝင် စသည်တို့ကိုလည်း လေ့လာကြရပြန်သည်။ ထို့ကြောင့် တမန်တော်မြတ်၏ သြဝါဒတော် ဟဒီးဆ် တစ်ပုဒ်ရေးရာတွင် ပထမပိုင်းတွင် ဆင့်ပြန်ပြောကြားသူ အမည်များကို အဆင့်ဆင့် ဖော်ပြပြီးမှ တမန်တော်မြတ်၏ သြဝါဒတော်ကို ရေးသား၏။ ကမ္ဘာပေါ်တွင် ကျမ်းပြုရာတွင် အလွန်စနစ်ကျစွာ ပြုခဲ့ကြခြင်း ဖြစ်သည်။ ဤသို့ဖြင့် ဟဒီးဆ်တစ်ပုဒ်၏ ခိုင်မာမှုအဆင့်အတန်း ဆန်းစစ်မှုကို လေ့လာသော ဟဒီးဆ် ပညာရပ်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် တမန်တော်မြတ်၏ အတ္ထုပ္ပတ္တိနှင့် အစ္စလာမ်သမိုင်းကို ပြုစုသူ ပညာရှင်များ ပေါ်ပေါက်လာခဲ့လေသည်။ သို့သော် များစွာသော မုနာဖိက်သာသနာ အယောင်ဆောင်တို့သည်လည်း တမန်တော်မြတ် မပြောခဲ့သော ဟဒီးဆ်အတုများကို တမန်တော်မြတ်၏ ဟဒီးဆ် ဟူ၍ပြောဆိုခဲ့ကြ၏။ တမန်တော်မြတ်၏ အတ္ထုပ္ပတ္တိနှင့် အစ္စလာမ့် သမိုင်းများကိုလည်း မှားယွင်းသော ဖော်ပြချက်များ ထည့်သွင်းရန် ကြိုးစားနေခဲ့ကြ၏။ ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်ထံမှ သံသယ ကင်းဖွယ်ဝဟီလမ်းညွှန် ဖြစ်၏။ တမန်တော်မြတ် ကိုယ်တိုင် ရှိစဉ်ကတည်းက သင်ကြားပေးခြင်း၊ ရေးမှတ်စေခြင်း၊ စစ်ဆေးခြင်းကိုပြု၍ ထားခဲ့ပေးခြင်း ဖြစ်၏။ အလ္လာဟ်ကိုယ်တော်တိုင်က အန္တရာယ်မျိုးစုံမှ ကင်းဝေးစေရန် ပျက်စီးမှု အပေါင်းမှ စောင့်ရှောက်ရန် တာဝန်ယူထားပြီး ဖြစ်၏။ သို့သော် တမန်တော်မြတ်၏ ဟဒီးဆ်သြဝါဒကျမ်းများ၊ အတ္ထုပ္ပတ္တိများ၊ အစ္စလာမ့်သမိုင်းတို့မှာ တမန်တော်မြတ် မရှိသည့်နောက်မှ လူသားပညာရှင်တို့က အထူးကြိုးစားပြုစုခဲ့ခြင်း ဖြစ်၏။ တမန်တော်မြတ်ကိုယ်တိုင် စစ်ဆေးပေးနိုင်ခဲ့ခြင်းမရှိ။ ထို့ကြောင့် တမန်တော်မြတ်၏ ဟဒီးဆ်သြဝါးများ၊ အတ္ထုပ္ပတ္တိဖော်ပြချက်များ စသည်တို့ကို အလ္လာဟ်၏ ဝဟီလမ်းညွှန် ကုရ်အာန်ဖြင့် စစ်ဆေးဖွင့်ဆို၍ ကိုက်ညီမှသာ လက္ခံကျင့်သုံးရမည် ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် တမန်တော်မြတ်သည် ကုရ်အာန်ကို သင်ကြားရန် ပွင့်ခဲ့ခြင်းဖြစ်ပြီး ဆန့်ကျင် သင်ကြားရန် မဟုတ်ပေ။

No comments:

Post a Comment