Friday 28 September 2012

(ဒိန်)အစားပေးမည့် နေ့တော်ကြီး၏ အရှင်

(ဒိန်)အစားပေးမည့် နေ့တော်ကြီး၏ အရှင်
(“….အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းကုန်သော သတ္တဝါတို့ကို ရှင်ပြန်ထစေတော်မူ၍၊ သူတော်စင်တို့အား ကောင်းကျိုး၊ မသူတော်တို့အား မကောင်းကျိုး) အစားပေးတော်မူမည် ဖြစ်သော နေ့တော်ကြီးကို အစိုးရတော်မူသော အရှင်ဖြစ်၏” (ကုရ်အာန်၁း၎)
“စင်စစ် အလ္လာဟ် အရှင်မြတ်သည် ကိယာမသ် ရှင်ပြန်ထမည့်နေ့တွင် မျှတသော ချိန်ခွင် (ချိန်တွယ်မှု)များ ထားရှိတော်မူမည်” (ကုရ်အာန်၂၁း၄၇)
“စင်စစ် အလ္လာဟ်အရှင်မြတ်သည် အက်တမ် အဏုမြူမှုန်ခန့်ပင် မတရား ပြုတော်မူသည် မဟုတ်ပေ….” (ကုရ်အာန်၎း၄၀)
သက်ရှိသက်မဲ့ ခပ်သိမ်းတို့၏ လမ်းဆုံးနှင့် ပန်းတိုင်
“….စင်စစ် အလ္လာဟ်သည်သာ ရှင်စေတော်မူ၏။ ထိုအရှင်မြတ်သည်သာ သေစေတော်မူ၏။ ထိုမှတပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော ကိစ္စအရပ်ရပ်တို့ကိုလည်း ခွဲခြားသိမြင်တော်မူသော အရှင်ဖြစ်တော်မူ၏။” (ကုရ်အာန်၃း၁၅၆)
“….စင်စစ် သေဆုံးရသည်ဖြစ်စေ(ဝါ) အသတ်ခံရသည်ဖြစ်စေ အသင်တို့သည် အလ္လာဟ် အရှင်မြတ်ထံတော်သို့သာလျှင် မုချ စုရုံးစေခြင်း ခံကြရပေမည်” (ကုရ်အာန်၃း၁၅၈)
“အလ္လာဟ် အရှင်မြတ်သည်ပင် (သေဆုံးရန် အချိန် ကျရောက်သော)(နဖ်စ်)ဝိညာဉ်များကို ၄င်းတို့ သေဆုံးချိန်၌ နုတ်သိမ်းတော်မူ၏”(ကုရ်အာန် ၃၉း၄၂)
“၄င်းပြင် ဧကန်အမှန် လမ်းဆုံးမှာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော် သို့သာဖြစ်သည်” (ကုရ်အာန်၅၃း၄၂)
စကြဝဠာခပ်သိမ်း၊ ကမ္ဘာဂြိုဟ်၊ လောကခပ်သိမ်းနှင့် သက်ရှိသက်မဲ့ အရာအားလုံးသည် အလ္လာဟ်ကြောင့်သာ ထင်ရှားဖြစ်ပေါ်လာကြ၏။ ၄င်းတို့အားလုံး၏ လမ်းဆုံမှာလည်း၊ အလ္လာဟ်ထံတော်သို့သာ ဖြစ်၏။ အခြားမည်သည့်လောကမျှမရှိ။ အလ္လာဟ်တစ်ပါးတည်းသာ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောအရှင်၊ ထိန်းသိမ်း စောင့်ရှောက်တော်မူသော အရှင်၊ တရားရောင်ခြည်ပေးတော်မူသော အရှင်၊ ပျက်သုဉ်းစေတော်မူသော အရှင်၊ အသစ်ပြန်လည် ဖန်ဆင်းမည့် အရှင်၊ အစားပေးမည့် အရှင်ဖြစ်တော်မူ၏။ သီးခြား အရှင်သခင်များ မည်သည့် လောကတွင်မျှ မရှိချေ။
နိစ္စထာဝရ ပြီးပြည့်စုံတော်မူသော အရှင်
“အလ္လာဟ်၊ ထိုအရှင်မြတ်မှ တစ်ပါး ကိုးကွယ်ခြင်း ခံထိုက်သူအလျင်းမရှိ။ (ထိုအရှင်သည်) အမြဲရှင်နေတော်မူသော အရှင်၊(သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့ကို) ထိန်းသိမ်း စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။ ထို အရှင်မြတ်အား ငိုက်မျဉ်းခြင်းသည်လည်းကောင်း၊ အိပ်စက်ခြင်းသည် လည်းကောင်း မဖိစီးနိုင်ချေ။ ထို အရှင်မြတ်သည်သာလျင်၊ အာကာသ မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်၌ ရှိရှိသမျှကို ပိုင်ဆိုင်တော်မူ၏။
ထိုအရှင်မြတ်၏ အထံတော်၌ ထိုအရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲ သူတစ်ပါး အတွက် အသနားခံ တောင်းပန်ပေးနိုင်သူကား အဘယ်နည်း။ ထိုအရှင်မြတ်သည် ထိုသူတို့၏ ရှေ့နောက်အဖြစ်အပျက် အကြောင်းကိစ္စ အလုံးစုံကို အကြွင်းမဲ့သိရှိတော် မူ၏။ သို့ရာတွင် ယင်းသူ(ဖန်ဆင်းခံ)တို့မှာ ထိုအရှင်မြတ် သိရှိတော် မူသော အကြောင်းကိစ္စ အဖြစ်အပျက်တို့အနက်မှ ထိုအရှင်မြတ် အလိုရှိတော်မူသော၊ အသိပေးတော်မူသော အကြောင်းကိစ္စမှ အပ တစ်စုံတစ်ရာကိုမျှ ဝန်းခြုံ၍ မသိရှိနိုင်ကြပေ။
ထိုအရှင်မြတ်၏ ကုရ်စီ (ဉာဏ်တော်၊ အာဏာ) သည် မိုးကောင်းကင် စကြဝဠာများနှင့် တကွ ကမ္ဘာဂြိုဟ် တစ်ခွင်လုံးကို ဝန်းခြုံလျက်ရှိချေသည်။ သို့ရာတွင် ယင်းမိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ် ကိုထိန်းသိမ်း စောင့်ရှောက်ခြင်းသည် ထိုအရှင်မြတ်အား ပင်ပန်းနွမ်းရိစေမည် မဟုတ်။ စင်စစ်မူကား ထိုအရှင်မြတ်သည် (မကြံစည် နိုင်အောင်)မြင့်မြတ်တော်မူသော အရှင်၊ ကြီးကဲထွက်မြတ်တော်မူသော အရှင်တည်း” (ကုရ်အာန် ၂း၂၅၅)
“အမှန်သော်ကား မည်သူမဆို ကြိုးပမ်းဆောင်ရွက် ခဲ့မူ ထိုသူတို့သည် မိမိအဖို့သာ ကြိုးပမ်းဆောင်ရွက် ခြင်းဖြစ်ချေသည်။ အကြောင်းသော်ကား အလ္လာဟ် အရှင်မြတ်သည် လောကခပ်သိမ်းတို့မှ လိုလားတောင့်တခြင်း ကင်းသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန် ၂၉း၆)
အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တမှု အပေါင်းမှ ကင်းစင်တော်၍ ပြီးပြည့်စုံနေပြီး နိစ္စထာဝရ ရှိနေတော်မူ၏။ အလ္လာဟ် အရှင်မြတ်၏ ဘုန်းတော်၊ ဂုဏ်တော်အပေါင်းတို့မှာ ကျင့်ကြံယူရသည် မဟုတ်ဘဲ အစနှင့် အဆုံးမရှိ ပြီးပြည့်စုံနေတော်မူ၏။ မည်သူ တစ်ဦးတစ်ယောက်မျှလည်း အလ္လာဟ်နှင့် ယှဉ်ရန်အတွက် ကျင့်ကြံ၍ရမည် မဟုတ်ချေ။

No comments:

Post a Comment