Friday 28 September 2012

အလ္လာဟ်ကို မည်သူဖန်ဆင်းသနည်း

အလ္လာဟ်ကို မည်သူဖန်ဆင်းသနည်း
“အသင်ပြောလော့။ ထိုအလ္လာဟ် အရှင်မြတ်သည် (အဟဒွန်း)တစ်ပါးတည်း ပြီးပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူ၏။ အလ္လာဟ် အရှင်မြတ်သည် (ဆုမဒွန်း) လိုလားတောင့်တခြင်း လုံးဝကင်းတော် မူသော အရှင်၊ သူတစ်ပါးတို့၏ မှီခိုအားထားရာ အရှင်၊ နိစ္စထာဝရ အရှင် ဖြစ်တော်မူ၏” (ကုရ်အာန် ၁၁၂း ၁-၂)
“ထိုအရှင်မြတ်သည် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မူခဲ့သည် မဟုတ်။ မည်သူ တစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းကိုမျှလည်း ခံခဲ့ရသည် မဟုတ်ချေ” (ကုရ်အာန်၁၁၂း၃)
“ထိုအရှင်မြတ်၌ ဂုဏ်ရည်တူ ဟူ၍လည်း တစ်ဦး တစ်ယောက်မျှပင် မရှိချေ” (ကုရ်အာန်၁၁၂း၎) (အစ္စလာမ့်ယုံကြည်ချက်)
အလ္လာဟ်အရှင်မြတ်သည် စကြဝဠာ၊ ကမ္ဘာ၊ လောကခပ်သိမ်းနှင့် သက်ရှိသက်မဲ့ အရာခပ်သိမ်း ကို ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေတော်မူခဲ့သည်။ သို့သော် အလ္လာဟ်သည် ထိုဖန်ဆင်းခံအပေါင်း တို့ကို မလိုအပ် မှီခိုစရာမလိုဘဲ တစ်ပါးတည်း ထာဝရပြီးပြည့်စုံနေတော်မူ၏။ ဖန်ဆင်းခံ အပေါင်းတို့ကသာ အလ္လာဟ်ကို လိုအပ်ကြပေသည်။ ဤသို့ ဆိုလျှင် အလ္လာဟ်ကို မည်သူက ဖန်ဆင်းသနည်း။ နိစ္စထာဝရတရား ဟူသည် အဆုံးသတ်ခြင်း ဟူသော အချိန်နှင့် အာကာသ ကန့်သတ်ချက်တို့မှ ကင်းလွတ်ရ၏။
အလ္လာဟ်အရှင်မြတ်သည် နိစ္စထာဝရ အရှင် ဖြစ်တော်မူပေရာ မွေးဖွားခံရခြင်းနှင့် သေဆုံးခြင်း စသည့် အကြောင်းတရားနှင့် အကျိုးတရား ကန့်သတ်ချက်မှ ကင်းလွတ်တော်မူ၏။ အလ္လာဟ်သည် မွေးဖွားခံရခြင်းနှင့် အလ္လာဟ်က မွေးဖွားခြင်းတို့မှ ကင်းစင်တော်မူ၏။ အလ္လာဟ်သည် အဖေလည်း မဟုတ်၊ သားလည်းမဟုတ်။ အလ္လာဟ်သည် စတင်ခြင်းနှင့် အဆုံးသတ်ခြင်းတို့မှ ကင်းစင်၍ နိစ္စထာဝရ ရှိနေတော်မူ၏။
ထို့ကြောင့် နိစ္စထာဝရ အရှင်ဟူသည် အစ(စတင်ခြင်း) ဖန်ဆင်းခံရခြင်း၊ ဝင်စားခြင်း၊ မွေးဖွားခံရခြင်းတို့မှ ကင်းစင်၏။ အလ္လာဟ်သည် ကျင့်ကြံစရာမလိုဘဲ အစအဆုံးမရှိ ဘဲ ဘုန်းတော် ဂုဏ်တော်အနန္တဖြင့် ပြီးပြည့်စုံနေတော်မူ၏။ ဖန်ဆင်းခံရသော အရှင်၊ မွေးဖွားခံရသော အရှင်သည် စတင်ခြင်း ရှိနေ၍ တစ်ချိန်တွင် အဆုံးသတ်ခြင်းရှိ၍ နိစ္စထာဝရ အရှင် ဂုဏ်တော်နှင့် မကိုက်ညီချေ။ နိစ္စအရှင် အလ္လာဟ်သည်သာ နိစ္စသစ္စာ တရားကို ပြီးပြည့်စုံစွာ ပေးနိုင်တော်မူ၏။ ကန့်သတ်ချက်ရှိသော အရာအားလုံး နိစ္စ တရားမဟုတ်ချေ။ အချိန်နှင့် အာကာသ၊ အကြောင်းတရားနှင့် အကျိုးတရား၊ တုဖက်နှိုင်းယှဉ်နိုင်မှု စသည်တို့သည် ဖန်ဆင်းခံလောက အတွက်သာ ဖြစ်ကြ၏။

No comments:

Post a Comment