Thursday 27 September 2012

ပြီးပြည့်စုံတော်မူသောအရှင်

ပြီးပြည့်စုံတော်မူသောအရှင် (အစ္စလာမ့်ယုံကြည်ချက်) အလ္လာဟ်သည် ပြီးပြည့်စုံနေတော်မူသည်ဟု ဆိုရာတွင် အလ္လာဟ်နှင့် ယှဉ်ပြိုင်နိုင်သော ဂုဏ်ရည်တူဟူ၍ လောကခပ်သိမ်း၌ တစ်ဦးတစ်ယောက်မျှပင် မရှိ။ အလ္လာဟ်ကို ကူညီရန် သားသမီးဟူ၍လည်း မရှိ။ အလ္လာဟ်တွင် ကိုယ်ခွဲလည်း မထား။ အလ္လာဟ်သည် မည်သည့် အရာကိုမှ မှီခိုအားထားရန်မလိုဘဲ တစ်ပါးတည်းသာ ပြီးပြည့်စုံနေခြင်းသာ ဖြစ်သည်။ လောကခပ်သိမ်းရှိ အရာခပ်သိမ်းမှာ အလ္လာဟ်၏ ဖန်ဆင်းခံများသာ ဖြစ်ကြပေရာ ဖန်ဆင်းခံအားလုံး တို့သည် တစ်ပါးတည်းသော အလ္လာဟ်ကိုသာ မှီခို အားထားနိုင်၏။ အလ္လာဟ်သည်လည်း နိစ္စထာဝရ ပြီးပြည့်စုံနေပေရာ ဖန်ဆင်းခံအားလုံးတို့၏ လိုအပ်ချက်ကို ထာဝရ ပြီးပြည့်စုံသော ငြိမ်းချမ်းမှု လမ်းညွှန်နှင့် အကူအညီကိုလည်း ပေးနိုင်၏။
>ဂုဏ်ရည်တူ မရှိ (အစ္စလာမ့်ယုံကြည်ချက်)
အလ္လာဟ်နှင့်ဂုဏ်ရည်တူသူဟူ၍ မရှိဟု ဆိုရာတွင် အတိတ်ကာလက လည်းမရှိခဲ့။ လက်ရှိလောကတွင်လည်း မရှိ။ နောင် အနာဂတ်ကာလတွင်လည်းရှိမည်မဟုတ်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ကျင့်ကြံအားထုတ် ၍လည်း အလ္လာဟ်နှင့် ယှဉ်နိုင်မည်မဟုတ်။ စကြဝဠာခပ်သိမ်း၊ လောကခပ်သိမ်း၊ နေရာ ကာလမရွး ဂုဏ်ရည်တူ မရှိခြင်းကို ဆိုလိုသည်။ ထို့ကြောင့် အလ္လာဟ်ကို အားထားသူ တစ်ဦးအတွက် မည်သည့်နေရာကာလတွင်မျှ ပူဆွေးဝမ်းနည်းစရာမရှိချေ။ကြောက်ရွံ့စရာလည်း မရှိချေ။
အလ္လာဟ်(၂)ပါး မရှိ (အစ္စလာမ့်ယုံကြည်ချက်)
အတိတ်ခေတ် ရှေးဟောင်း ပါရှန်းတို့သည် စကြဝဠာ အတွင်း၌ အကောင်းနှင့် အဆိုး စွမ်းအင်၂-ခု ရှိသည်ဟု ယုံကြည်ကြသည်။ မုရှ်ရိက် အာရဗ်တို့တွင်လည်း ‘ဘုသ်’ ကိုးကွယ်ရာရုပ်တု စုံတွဲ၂-စုံစီ ရှိခဲ့ကြသည်။ အစ္စလာမ်တွင် အလ္လာဟ်နှင့်ယှဉ်တွဲ၍ မည်သည့်အရာကိုမျှ ကိုးကွယ်ပိုင်ခွင့်မရှိ။
“အလ္လာဟ်အရှင်မြတ်က အသင်တို့သည် ကိုးကွယ်ရာ အရှင်နှစ်ပါး(ရှိသည်ဟူ၍ ယူဆကိုးကွယ်ခြင်း) မပြုကြကုန်လင့်ဟု မိန့်ကြားတော်မူခဲ့သည်။ ထို ကိုးကွယ်ရာ အရှင်သည်ကား (အလ္လာဟ်) တစ်ပါးတည်းသာ ဖြစ်တော်မူပေသည်….” (ကုရ်အာန်၁၆း၅၁)
ကိုးကွယ်ရာ အရှင်(၃)ပါး မရှိ
“ဧကန်အမှန် အကြင်သူတို့သည် ကာဖရ်များ (ငြင်းပယ်သူများ) ဖြစ်သွားကြကုန်၏။ ထိုသူများက အလ္လာဟ်အရှင်မြတ်သည်(ကိုးကွယ်ရာ) သုံးဆူအနက် တတိယ (ဘုရား)ဖြစ်သည်ဟု ပြောဆိုခဲ့ကြကုန်၏။….” (ကုရ်အာန်၅း၇၃)
ကိုးကွယ်ရာ အရှင်များစွာ မရှိ
“အလ္လာဟ်အရှင်မြတ်သည် သားတော်ဟူ၍ တစ်ဦး တစ်ယောက်မျှပင် ရွေးချယ် ပြုလုပ်ထားတော်မူသည် မဟုတ်ပေ။ ထိုအရှင်မြတ်နှင့်အတူ ကိုးကွယ်ရာဟူ၍လည်း (အခြား) တစ်ဦးတစ်ယောက်မျှပင် အလျင်းမရှိချေ။ ထိုသို့ (ကိုးကွယ်ရာအရှင်များစွာ) ရှိခဲ့ပါမူ ကိုးကွယ်ရာ အရှင်တိုင်းသည် မိမိဖန်ဆင်းထားသော အရာခပ်သိမ်း တို့ကို အမှန်ပင် ခေါ်ဆောင်ထွက်ခွာသွားခဲ့မည်သာ မက ထိုကိုးကွယ်ရာတို့အနက် တစ်ဦးသည် တစ်ဦး၏ အပေါ် မုချလွှမ်းမိုးခဲ့မည်သာ။ အလ္လာဟ်အရှင်မြတ် သည် ၄င်းတို့ကြံဖန် စွပ်စွဲ ပြောဆိုကြကုန်သော အကြောင်းကိစ္စတို့မှ လုံးဝ စင်ကြယ်သန့်ရှင်းတော်မူ ပေသည်” (ကုရ်အာန် ၂၃း၉၁)
ဂျင်န်များသည် အလ္လာဟ်နှင့် တွဲဖက်မဟုတ်
“သို့ပါလျက် ထိုသူများသည် ဂျင်န် (အကွယ်အရာ များနှင့် စွမ်းအင်များ)ကို အလ္လာဟ် အရှင်မြတ်၏ တွဲဖက်များအဖြစ် ပြုလုပ်ခဲ့ကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင် ယင်းတို့ကို ဖန်ဆင်းတော်မူခဲ့သည်…” (ကုရ်အာန်၆း၁၀၀)
လူသားတို့ မျက်စိဖြင့် မမြင်နိုင်သော အကွယ်ရှိ အရာများ၊ စွမ်းအင်များ (ဂျင်န်များ)သည် အလ္လာဟ်နှင့် တန်းတူမဟုတ်။ ကိုးကွယ်ရာလည်း မဟုတ်၊ ‘နတ်’များအဖြစ် ကြောက်ရွံ့ကိုးကွယ်ရန် မလို။ အလ္လာဟ်ကို ယုံကြည်အားထားသူ အဖို့ မည်သည့် နေရာ၊ ကာလတွင်မဆို မည်သည့် အရာကိုမျှ ကြောက်ရွံ့ ကိုးကွယ်ရန် မလိုချေ။
အလ္လာဟ်တွင် သားသမီးဟူ၍မရှိ
“၄င်းပြင် ယင်းတို့သည် မသိနားမလည်ကြပဲလျက် ‘အလ္လာဟ်’အရှင်မြတ်၌ သားသမီးများရှိသည်ဟူ၍ ကြံစည်စွပ်စွဲ ပြောဆိုကြလေသည်။ ထိုအရှင်မြတ်သည် ၄င်းတို့ စွပ်စွဲ ပြောဆိုကြသည် တို့မှ သန့်ရှင်းစင်ကြယ် မြင့်မြတ်တော်မူလှပေ သည်” (ကုရ်အာန် ၆း၁၀၀)

No comments:

Post a Comment