Thursday 27 September 2012

အလ္လာဟ်တွင် ကြင်ရာမရှိ

အလ္လာဟ်တွင် ကြင်ရာမရှိ
“ထိုအရှင်မြတ်သည် မိုးကောင်းကင် စကြဝဠာများနှင့် ကမ္ဘာဂြိုဟ်ကို စတင်ဖန်ဆင်း တီထွင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၌ ကြင်ရာ ကြင်ဖက် မရှိဘဲလျက် အဘယ်မှာလျင် ထိုအရှင်မြတ်၌ သားသမီး ရှိနိုင်ပါအံ့နည်း။ စင်စစ် ထိုအရှင်မြတ်သည်ပင် (သက်ရှိသက်မဲ့) အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့သည်။ ၄င်းပြင် ထိုအရှင်မြတ်သည်ပင်လျင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသော အရှင်တည်း” (ကုရ်အာန် ၆း၁၀၁)
အလ္လာဟ်အရှင်မြတ်သည် အိပ်၊ စား၊ ကာမ အရာခပ်သိမ်းတို့မှ ကင်းစင်တော်မူ၍ မည်သည့် သက်ရှိသက်မဲ့ကိုမျှ လိုအပ်ခြင်း ကင်းတော်မူ၏။ အရာခပ်သိမ်းသည် အလ္လာဟ်၏ ဖန်ဆင်းခံများသာ ဖြစ်ကြ၏။ အလ္လာဟ်သည် မည်သည့် ဖန်ဆင်းခံကိုမျှ မှီခိုအားထားရခြင်း၊ လိုအပ်ခြင်းမှ ကင်း၍ နိစ္စထာဝရ တစ်ပါးတည်း ပြီးပြည့်စုံနေတော်မူလေသည်။ မည်သည့်သား၊ သမီး၊ ကြင်ဖက်နှင့် အကူအညီကိုမျှ မလိုအပ်ချေ။ အလ္လာဟ်၏ လူသားတမန်တော်များသည် တွဲဖက် ကိုးကွယ်ရာ မဟုတ်
“စင်စစ် ငါအရှင်မြတ်သည် အသင့် (တမန်တော်မုဟမ္မဒ်) အလျင်ကလည်း လူသားများကို သာလျင် (ရစူလ် တမန်တော်များ အဖြစ်)စေလွှတ်တော်မူခဲ့၏။ ငါအရှင်မြတ်သည် ၄င်တို့ထံ ဝဟီလမ်းညွှန် အမိန့်တော်ကို ပို့တော်မူခဲ့လေသည်”
“….ထို့အပြင် ငါအရှင်မြတ်သည် ယင်း(ရစူလ် တမန်တော်)တို့အား အစာအာဟာရ (စားသောက်ခြင်း)မပြုကြသော ခန္ဓာကိုယ်များ (အဖြစ်) ပြုလုပ်တော်မူခဲ့သည်လည်း မဟုတ်ချေ။ ထိုရစူလ် တမန်တော်များသည်(သေဆုံးခြင်းမရှိဘဲ) အမြဲထာဝရ(အသက်ရှင်)နေသူများလည်း မဖြစ်ခဲ့ကြချေ” (ကုရ်အာန် ၂၁း၇-၈)
“(ငါအရှင်မြတ်သည် ယင်းတမန်တော်များအား) ထင်ရှားသော သက်သေသာဓကများနှင့်တကွ (စေလွှတ်တော်မူခဲ့သည်)....”(ကုရ်အာန်၁၆း၄၄)
လူ့သမိုင်းအစမှ ခေတ်တိုင်း၊ လူမျိုးတိုင်း၊ ယဉ်ကျေးမှုတိုင်းတွင် အလ္လာဟ်သည် လူသားတို့တွင်မှ တမန်တော်များကို ရွေးချယ်ပွင့်ပေါ်စေတော်မူခဲ့သည်။ ထိုလူသား တမန်တော်တို့သည် အလ္လာဟ်ထံမှ တရားရောင်ခြည်ကို‘ဝဟီ’အဖြစ် အမြင့်ဆုံး ဉာဏ်တော်နှင့် သက်သေများ လက်ခံရှိခြင်းမှတစ်ပါး၊ ကိုးကွယ်ခြင်း ခံထိုက်သူများ မဟုတ်ချေ။ လူသားတို့အား အလင်းပြ ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။ အလ္လာဟ်၏ သားတော်များ မဟုတ်ကြချေ။ အလ္လာဟ်၏ ကောင်းကင်စကြဝဠာ တမန်တော်တို့သည်လည်း တွဲဖက်ကိုးကွယ်ရာ မဟုတ် (အစ္စလာမ့် ယုံကြည်ချက်)
“ဧကန်စင်စစ် အာခိရတ် တမလွန်ကို မယုံကြည်သော သူတို့သည် မလာအိကဟ်’ ကောင်းကင်တမန်တော်တို့အား မိန်းမများ၏ အမည်နာမများဖြင့် မှည့်ခေါ်ကြကုန်၏” (ကုရ်အာန် ၅၃း၂၇)
“…စင်စစ်မှာကား ကောင်းကင်တမန်တို့သည် ထိုအရှင်မြတ်၏ သားသမီးများမဟုတ်ချေ။ ထိုအရှင်မြတ်၏ မြင့်မြတ်သော ကျွန်များသာ ဖြစ်ကြကုန်၏” (ကုရ်အာန် ၂၁း၂၆)
အလ္လာဟ်အရှင်မြတ်သည် ရုပ်စကြဝဠာ ခပ်သိမ်းကို ဖန်ဆင်းတော်မူပြီးနောက် စကြဝဠာအသီးသီး ကမ္ဘာအသီးသီးတွင် အလ္လာဟ်သတ်မှတ်ထားသော အမိန့်နှင့် စနစ်များအတိုင်း တစ်သဝေမတိမ်း ဖြစ်ပေါ်နေစေရန် မလာအိကဟ်တို့ကို တာဝန်အသီးသီး ပေးအပ်ထားပေသည်။ စကြဝဠာအတွင်းရှိ စွမ်းအင်အသီးသီးတို့သည် သတ်မှတ်ရာနိယာမများကို လိုက်နာနေခြင်းသည် မလာအိကဟ်တို့၏ ဆောင်ရွက်ချက်သာဖြစ်သည်။
သို့သော် ထိုမလာအိကဟ်တို့သည် လူသားတို့ ကိုးကွယ်အားထားရာ ဘုရားများ၊ နတ်များ၊ စွမ်းအားများ မဟုတ်ကြ။ သဘာဝမိခင်ကြီး ဟူ၍လည်း ကိုးကွယ်ရာ မဟုတ်ချေ။ ထို့အတူ၎င်း တို့သည် အလ္လာဟ်၏ သားသမီးများအဖြစ် အလ္လာဟ်နှင့် ယှဉ်တွဲ ကိုးကွယ်ရာများလည်း မဟုတ်ချေ။ ၄င်းတို့သည်လည်း အလ္လာဟ်၏ ဖန်ဆင်းခံများသာ ဖြစ်ကြကုန်၏။ ၄င်းတို့ကို အမည် အမျိုးမျိုးပေး၍ ရပ်တုများ အသွင်ပြုကာ ကိုးကွယ်ရာများအဖြစ် မပြုအပ်ချေ။
မည်သည့် ရုပ်တုကိုမျှလည်း အလ္လာဟ်နှင့် ယှဉ်တွဲ မကိုးကွယ်ရ(အစ္စလာမ့် ယုံကြည်ချက်)
“ယင်း(ဆိုခဲ့ပြီးသော ရုပ်တု)တို့မှာ အသင်တို့ ကိုယ်တိုင်သည်လည်းကောင်း၊ အသင်တို့၏ အဖ၊ ဘိုးဘေးတို့သည်လည်းကောင်း၊ မှည့်ခေါ်ထားသော အမည်နာမများသာလျင် ဖြစ်ကြကုန်၏။ အလ္လာဟ်သည် ယင်းတို့ကို (ကိုးကွယ်ရန်)နှင့် စပ်လျဉ်း၍ မည်သည့် သက်သေ တစ်စုံတစ်ရာမျှပင် ချပေးတော်မူသည် မဟုတ်ပေ။ ထိုသူများသည်ကား ထင်မြင်ချက်နှင့် စိတ်အလိုများကိုသာလျင် လိုက်နာလျက် ရှိကြကုန်၏။ အမှန်မှာ ၄င်းတို့ထံ ၄င်းတို့၏ အရှင်ထံမှ အမှန်တရားလည်းရောက်ရှိလာခဲ့ချေပြီ” (ကုရ်အာန် ၅၃း၂၃)

No comments:

Post a Comment