Wednesday 26 September 2012

လူသားအချင်းချင်းသည်လည်း အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်ရာမဟုတ်

လူသားအချင်းချင်းသည်လည်း အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်ရာမဟုတ်
ကမ္ဘာဂြိုဟ်ရှိလူသားတို့ကို တရားရောင်ခြည်ပေးရန် နိစ္စထာဝရ ပြီးပြည့်စုံနေသော အလ္လာဟ်သည် မတည်မြဲသော လူ့လောက၌ လူဝင်စားစရာ မလိုချေ။ ကမ္ဘာဦးမှအစမှ ခေတ်အသီးသီး လူသားမျိုးနွယ်တိုင်းတွင် လူသားတို့တွင်းမှ လူသား တမန်တော်အသီးသီးကို ပွင့်ပေါ်စေ၍ အလ္လာဟ်သည် တရားရောင်ခြည်ကို ဝဟီအဖြစ်ပေးခဲ့၏။ ထိုတမန်တော်များမှတစ်ဆင့် ၄င်းတို့ပွင့်ပေါ်ရာဒေသရှိ လူသားတို့အား အလင်းပေးခဲ့သည်။ လူ့သမိုင်းအစမှစ၍ ခေတ်အသီးသီး၊ ဒေသအသီးသီးတွင် တစ်သိန်းနှစ် သောင်းလေးထောင်သော တမန်တော်တို့ ပွင့်ခဲ့ ကြသည်။ နောက်ဆုံး ဝဟီဉာဏ်တော်ရသူ တမန်တော်ချုပ်ကား အာရေဗျတွင် ခရစ်သက္ကရာဇ် (၆၁၀)ခုနှစ်တွင် ပွင့်ပေါ်ခဲ့သောမုဟမ္မဒ်သခင် ပင်တည်း။
နောက်ဆုံး တရားရောင်ခြည် ကျမ်းကား “ကုရ်အာန်”ပင်တည်း။ နောက်ထပ် တမန်တော်အသစ်၊ တရားရောင်ခြည်ကျမ်းအသစ် လာစရာမရှိတော့ချေ။ ကုရ်အာန်သည် ခေတ်တိုင်း၊ လူမျိုးတိုင်းအတွက် ကမ္ဘာ့နောက်ဆုံးနေ့တော်ကြီးတိုင် ရှိနေပေတော့မည်။ ကုရ်အာန်ကျမ်းမြတ်နှင့် အစ္စလာမ်(ဒီန်-သာသနာ) ကို ထိန်းသိမ်းရန်သီးခြား လူတန်းစား တစ်ရပ်မလိုချေ။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်ကိုယ်တော်တိုင် ထိန်းသိမ်းရန် ကတိတော်ထားပြီးဖြစ်ချေ၏။ (ကုရ်အာန် ၉း၃၁-၃၄/ ၅၇း၂၃)
အလ္လာဟ်ထံမှ တရားရောင်ခြည်လမ်းညွှန် ကုရ်အာန်သည် ခေတ်တိုင်း၊ ဒေသတိုင်း၊ ကျား-မ မရွေး လူသားတိုင်း အတွက် ဖြစ်သည်။ လွယ်ကူ၏။ စနစ်ကျ၏။ ထိရောက်၏၊ ပြီးပြည့်စုံ၏။ အလ္လာဟ်သည် လူသားအတွင်း အဆင့်အတန်းကို “သက္ကဝါ”(ခေါ်)အလ္လာဟ်သိစိတ်ဖြင့် ချစ်ကြောက် ရိုသေ နာခံမှု၊ ယုံကြည်မှုနှင့် ကျင့်ကြံအားထုတ် နာခံမှုဖြင့်သာ ခွဲခြား၏။ မည်သူမဆို ကျား-မ မရွေး အစ္စလာမ်ကို ကြိုးပမ်းအားထုတ်က နောက်ဆုံးတွင် အလ္လာဟ်နှင့် နီးစပ်မှုရသူ(ဝလီ) အဆင့်ကို ရောက်ရှိနိုင်ပါသည်။ အလ္လာဟ်၏ တမန်တော် အဆင့်ကိုမူ အလ္လာဟ်က သတ်မှတ်ပေးသူများသာ ရကြ၏။ ‘ဝလီ’အဆင့်ကား ကျင့်ကြံမှုဖြင့် မည်သူမဆို ရနိုင်၏။ သို့သော် တမန်တော်များ၊ ဝလီများသည်လည်း အလ္လာဟ်နှင့် တန်းတူထား၍ ကိုးကွယ်အားထားရမည့်သူများ မဟုတ်ချေ။
>သောဝ်ဟီးဒ်-လောကခပ်သိမ်းအတွက် နိစ္စသစ္စာစကား
ဖန်ဆင်းရှင်သည်သာ ဖန်ဆင်းခံတို့၏ လိုအပ်ချက်ကို ပြီးပြည့်စုံစွာ သိနိုင်ပေ၏။ ပြီးပြည့်စုံသော အရှင်သည်သာ ပြီးပြည့်စုံသော လမ်းညွှန်မှုကိုပေးနိုင်၏။ နိစ္စထာဝရအရှင်သည်သာ ထာဝရငြိမ်းချမ်းမှု တရားကိုပေးနိုင်၏။ ထို့ကြောင့် စကြဠာလောကခပ်သိမ်းကို ဖန်ဆင်းစောင့်ရှောက် တော်မူသော၊ ဖျက်သိမ်းပြီး ပြန်လည်စစ်ဆေးမည် ဖြစ်သော၊ နိစ္စထာဝရပြီးပြည့်စုံတော်မူသော အလ္လာဟ်သည်သာ လူသားတို့၏ ကိုးကွယ်ရာ ဖြစ်ပေသည်။ အခြားမည်သည့် အရာကိုမျှ အလ္လာဟ်နှင့် တန်းတူ တွဲဖက်ကိုးကွယ်၍မရချေ။ ထို့ကြောင့်နေရာမရွေး၊ ကာလမရွေး၊စကြဝဠာမရွေး ခပ်သိမ်းနှင့်ယှဉ်သော နိစ္စသစ္စာစကား (ကလီမဟ်) သည်ကား….
အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ရာမရှိ (အစ္စလာမ့်ယုံကြည်ချက်)
အလ္လာဟ်ကိုမြင်နိုင်သလား အမြင်အာရုံများသည် ထိုအရှင်မြတ်အား(စိတ်ငုံ) ငုံမိနိုင်သည်မဟုတ်ပေ။ ထိုအရှင်မြတ်သည်ကား အမြင်အာရုံများကို(စိတ်ငုံ) ငုံမိလျက် ရှိတော်မူ၏။ (ကုရ်အာန် ၆း၁၀၃)
အလ္လာဟ်၏ ဂုဏ်တော်များနှင့် သက်သေ လက္ခဏာများ

အလ္လာဟ်သည် တစ်ပါးတည်းနှင့် နိစ္စထာဝရ ပြီးပြည့်စုံနေတော်မူ၏။ အလ္လာဟ်သည် ကျင့်ကြံစရာမလိုဘဲ အစအဆုံးမရှိ၊ လျော့နည်းသွားခြင်းမရှိဘဲ ပြီးပြည့်စုံနေတော်မူ၍ အလ္လာဟ်အလိုရှိတော်မူ၍ ကိစ္စတစ်ခုခုပြုတိုင်း သက်ဆိုင်ရာဂုဏ်တော်တိုင်းထင်ရှားလာ၏။ အလ္လာဟ်၏ အနန္တဂုဏ်တော်ကြောင့် စကြဝဠာ၊ ကမ္ဘာလောက၊ သက်ရှိသက်မဲ့ ခပ်သိမ်းတို့ဖြစ်ပေါ်လာ၏။
ထို့ကြောင့် အလ္လာဟ်သည် မည်သည့် ဖန်ဆင်းခံကိုမျှမလိုပဲ အစအဆုံးမရှိ ပြီးပြည့်စုံနေတော်မူ၏။ ဖန်ဆင်းခံ တိုင်းသည်သာ မပြီးမပြည့်ကြ၍ ဖန်ဆင်းရှင် အလ္လာဟ်ကိုသာ မှီခိုကြရ၏။ ဖန်ဆင်းခံ အချင်းချင်းသည် တစ်ဦးကိုတစ်ဦး ကိုးကွယ်ရာ မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခံတိုင်းသည် အလ္လာဟ်၏ ဂုဏ်တော်များ ကြောင့် ထင်ရှားဖြစ်ပေါ်လာရသော်လည်း ၄င်းတို့ ကိုယ်တိုင် အလ္လာဟ်မဟုတ်ကြဘဲ အလ္လာဟ်ရှိကြောင်း သက်သေများသာ ဖြစ်နေကြ ပေသည်။

No comments:

Post a Comment