Monday 24 September 2012

အလ္လာဟ်သည် မည်သည့်အရာနည်း ၁

အလ္လာဟ်သည် မည်သည့်အရာနည်း
“….ထိုအလ္လာဟ်အရှင်မြတ်သည် ၄င်းတို့ စွပ်စွဲပြောဆိုကြသည် တို့မှ သန့်ရှင်းစင်ကြယ် မြင့်မြတ်လှတော်မူပေသတည်း” (ကုရ်အာန် ၆း၁၀၀)
“ထို့ပြင် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူဟူ၍လည်း တစ်ဦး တစ်ယောက်မျှပင် မရှိပေ” (ကုရ်အာန် ၁၁၂း၎)
“ထိုအရှင်မြတ်နှင့်တူသောအရာ တစ်စုံတစ်ရာမျှပင် မရှိပေ” (ကုရ်အာန် ၄၂း၁၁)
အလ္လာဟ်သည်မွေးခြင်း၊ သေခြင်း ကန့်သတ်မှုကင်းသော နိစ္စအရှင်ဖြစ်တော်မူ၏။ လူသားတို့မှာ မွေးခြင်း၊ သေခြင်းကန့်သတ်မှု အတွင်းမှ အနိစ္စတရားဖြစ်၏။ အလ္လာဟ်သည် ဘုန်းတော် အနန္တဖြင့် ထာဝရပြီးပြည့်စုံနေတော်မူ၏ လူသားတို့၏ အတွေး၊ အမြင်၊ အသိ၊ အကြား၊ ဆင်ခြင်တုံ့တရား၊ အသိဉာဏ်စသည့် ရုပ်နာမ်စွမ်းအင် အားလုံးတို့မှာ မပြီးမပြည့်စုံကြဘဲ ကန့်သတ်မှု အတွင်း၌သာ ရှိ၏။
ထို့ကြောင့် ကန့်သတ်မှု အတိုင်းအတာကင်းသော အလ္လာဟ်ကို ကန့်သတ်မှုအတွင်းရှိသော လူသားတို့က မခြုံငုံမိနိုင်၊ မသိနိုင်၊ မမြင်နိုင်ချေ။ နိစ္စထာဝရ ပြီးပြည့်စုံနေတော်မူသောအလ္လာဟ်ကို မတည်မြဲသော မပြီးမပြည့်သည့် လူသား၏ ရုပ်နာမ် စွမ်းရည်တို့ဖြင့် မသိနိုင်၊ မမြင်နိုင်၊ ဉာဏ်မမီနိုင်၊ မခြုံငုံနိုင်ချေ။
ထို့ကြောင့် “အလ္လဟ်သည် မည်သည့်အရာဖြစ်သည်” ဟူ၍ ထိုလူသားတို့၏ စွမ်းရည်တို့ဖြင့် ဖော်ပြနိုင်စွမ်းမရှိချေ။ အကယ်၍ အလ္လာဟ်သည် မည်သည့်အရာ ဖြစ်ကြောင်း၊ မည်သည့်အရာနှင့် တူကြောင်း လူသားတို့၏ အသိစွမ်းရည်တို့ဖြင့် ဖော်ပြပါကလည်း အလ္လာဟ်သည်လည်း ကန့်သတ်မှုဘောင်အတွင်း ရောက်ရှိသွားပြီး နိစ္စထာဝရ ပြီးပြည့်စုံသည့် ဂုဏ်တော်နှင့် ကိုက်ညီတော့မည် မဟုတ်တော့ချေ။
ထို့ကြောင့် ကုရ်အာန်တွင်း၌ အလ္လာဟ်နှင့်တူညီသောအရာ၊ အလ္လာဟ်နှင့် နှိုင်းယှဉ်နိုင်သောသူဟူ၍ အလျင်းမရှိကြောင်း ပြဆိုထားခြင်းဖြစ်၏။ ကျွန်ုပ်တို့ အလ္လာဟ်ကို မည်သည့်အရာထင်သနည်း။ ထိုထင်သည့်အရာ တိုင်းသည် အလ္လာဟ်မဟုတ်၊ အလ္လာဟ်သည် လူသားတို့တွေးထင်သော စွပ်စွဲပြောဆိုသော အရာတို့မှ ကင်းစင်တော်မူ၏။ စင်စစ်ကျွန်ုပ်တို့ သိသော ထင်သောအရာ ခပ်သိမ်းတို့မှာ အလ္လာဟ်၏ ဖန်ဆင်းခံ လောက အတွင်းမှ ဖန်ဆင်းခံများသာ ဖြစ်ကြ၏။ အလ္လာဟ်မဟုတ်။ အလ္လာဟ်သည် လူဝင်စားခြင်းလည်းမရှိ။ အလ္လာဟ်ကို ရုပ်တူထု၍ ဖော်ပြ၍လည်းမရ။ အလ္လာဟ်သည် ဓာတ်ကြီး(၄)ပါး အစုအဝေးနှင့် ရုပ်, နာမ် တရားတို့မှ ကင်းစင်တော်မူ၏။ ရုပ်, နာမ် အပေါင်းတို့ကို ဖြစ်စေသော ပကတိအကြောင်းတရား၏ အရှင်ဖြစ်တော်မူ၏။
အလ္လာဟ်၏“ဇဒ်” ပရမတ် အနှစ်သာရသဘောနှင့် အလ္လာဟ်၏“ဆွီဖတ်” ဂုဏ်တော်တို့ကို လူသားတို့၏ အာရုံများနှင့် ယှဉ်သော ဆင်ခြင်တုံ့ တရားနှင့် အသိဉာဏ် အဆင့်ဆင့်တို့ဖြင့် ဝန်းခြုံ စောကျောနိုင်စွမ်းမရှိချေ။ အလ္လာဟ်၏ ဂုဏ်တော် အနန္တအနက် (၉၉)ပါး ကိုသာ လူသားတို့သိကြ၏၊ ကုရ်အာန်ကျမ်းမြတ်တွင် ဖော်ပြထားသော အလ္လာဟ်၏ ဂုဏ်တော်များကို ယေဘုယျအားဖြင့် (၂)မျိုး ခွဲခြားနားလည်နိုင်သည်။“ အလ္လာဟ် ဘာမဟုတ်သလဲ”ကို ပြသော ဂုဏ်တော်များနှင့် “အလ္လာဟ်ဘာလဲ” ဆိုသည်ကို လူသားတို့ နားလည်နိုင်အောင် ဥပမာတင်စားပြသော ဂုဏ်တော်များနှင့် ဖော်ပြချက်တို့ဖြစ်သည်။
“အလ္လာဟ် ဘာမဟုတ်သလဲ” ကိုပြသော ဂုဏ်တော်တို့တွင် မပြီးမပြည့်စုံမှု အားလုံးကို ငြင်းပယ်ထားသည်။ ဥပမာ-အလ္လာဟ်နှင့် ဂုဏ်ရည်တူ၊ နှိုင်းယှဉ်နိုင်သူ၊ တွဲဖက်နိုင်သူ၊ သားသမီး စသည်တို့ကို မရှိခြင်းကို ပြသည်။ ထို့ပြင် လူသားတို့၏ ဆင်ခြင်တုံ့တရားနှင့် အဉာဏ်တို့ ဝန်းခြုံ စောကျောနိုင်မှုမရှိခြင်းကိုလည်း ပြသည်။
ဥပမာ-အလ္လာဟ်တွင် ရုပ်’ နာမ်’ခန္ဓာ’ အို၊ နာ၊ သေ၊ မွေးခြင်း သင်္ခါရ မရှိ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မရှိ၊ လူဂ္ဂိုလ် နတ်ဗြဟ္မာ မဟုတ်၊ ဖြစ်ခြင်း ပျက်ခြင်း ကင်း၏။ အာကာသနှင့် အချိန်ဟူ၍မရှိ၊ အချိန်နှင့် အာကာသဟူသည် ရုပ်တရား၏ သတ်မှတ်မှုသာဖြစ်၏။ အလ္လာဟ်တွင် ကန့်သတ်မှု၊ တိုင်းတာနိုင်မှု၊ အရွယ်အစား နှိုင်းယှဉ်ဖော်ပြနိုင်မှု အလျင်းမရှိ။ လူသားတို့ သိသော၊ မြင်သော အရာအားလုံးသည် တစ်ခုမျှ အလ္လာဟ်မဟုတ်။ အလ္လာဟ်သည် အချိန်နှင့် အာကာသကန့်သတ်မှု မရှိမီကတည်းက ရှိနေတော်မူ၏။
‘အလ္လာဟ်ဘာလဲ’ ကို ဥပမာတင်းစား၍ပြသော ဂုဏ်တော်နှင့် သဘောတို့တွင် အလ္လာဟ်ရှိနေခြင်း၊ နိစ္စထာဝရ ရှိရန် မမြဲလိုအပ်တော်မူသော အရှင်၊ ကိုးကွယ်ခြင်း ခံထိုက်တော်မူသော အရှင်၊ မသေဘဲ ရှင်နေတော်မူသော အရှင်၊ အကြွင်းမဲ့ကြားတော် မြင်တော် သိတော်မူသော အရှင်၊ အလ္လာဟ်၏ အလိုတော်စကား၊ အမိန့်တော်၊ အာဏာတော်၊ ဖန်ဆင်းတော်မူခြင်း စသည်တို့ဖြစ်သည်။
စင်စစ် အလ္လာဟ်သည် လူသားတို့ကဲ့သို့ မျက်စိ, နား ပါရှိ၍ မြင်တော် ကြားတော်မူခြင်းကို ဆိုလိုခြင်း မဟုတ်ချေ။ ထို့အတူ အလ္လာဟ်၏ လက်တော်၊ မျက်နှာတော်၊ ပလ္လင်တော်၊ ကလောင်တံ၊ သင်ပုန်းတော်ကြီး စသည်တို့မှာလည်း သဒ္ဒါနည်းအရ တင်စား ဥပမာပေး၍ ရှင်းပြထားခြင်း များသာဖြစ်ပေသည်။ (အစ္စလာမ့် ယုံကြည်ချက်)

No comments:

Post a Comment