မေမေ သားကိုညာတယ်
ဟုတ်ပါတယ်…မေမေ ကျွှန်တော့်ကို ညာတယ်။ ကျွှန်တော့်မေမေ ညာခဲ့ဖူးတယ်။ ညာတာမှခဏခဏပဲ။ မှတ်မိသလောက်ပြောရမယ်ဆိုရင်တော့ ကျွှန်တော် ငယ်ငယ်တုန်းကပေါ့…
ကျွှန်တော်တို့မိသားစုလေးဟာ ဆင်းရဲသားမိသားစုပါ။ စားရမယ့်သောက်ရမယ့်ဘဝတွေကို အကြိမ်ကြိမ်ဖြတ်ကျော်ခဲ့ဖူးတယ်။ မလောက်မငနဲ့ချို့တဲ့တဲ့ဘဝတွေပါ။ စားစရာထမင်းကအစ မလောက်မငတဲ့ အခါ ကျွှန်တော်တို့ထမင်းပန်းကန်ထဲကို မေမေက သူ့ပန်းကန်ထဲက ထမင်းတွေ ထည့်ထည့်ပေးလေ့ရှိတယ်…။
ကျွှန်တော်တို့က“မေမေ..စားလေ”လို့ ပြောကြတော့ မေမေက“မေမေ မဆာပါဘူးသားတို့ရယ်…”တဲ့။ အဲဒါ ကျွှန်တော်မှတ်မိတဲ့အထဲမှာ ပထမဆုံးမေမေညာတာ။
ကျွှန်တော်တို့ နည်းနည်းကြီးလာတဲ့အချိန် တစ်နေ့မှာ မေမေက မြစ်ထဲမှာ ငါးထွက်မျှားတယ်။ မျှားလို့ရတဲ့ ငါးတွေကိုမေမေက ကျွှန်တော်တို့ အဟာရဖြစ်အောင်လို့ စွပ်ပြုပ်လုပ်ပြီး ကျွှေးတယ်။ မေမေက ကျန်တဲ့ ငါးအရိုးမှာကပ်နေတဲ့ အသားလေးတွေကို ကိုက်စားနေတာတွေ့ရတော့ ကျွှန်တော့်ပန်းကန်ထဲက ငါးတစ်ကောင်ကို မေမေကိုလှမ်းပေးလိုက်ချိန်မှာမေမေက “သားစားပါကွယ်…မေမေက ငါးမကြိုက်လို့ပါ”တဲ့။ အဲဒါ မေမေကျွှန်တော်ကို ဒုတိယအကြိမ်ညာတာ…။
နောက်တစ်ခါ ကျွှန်တော်တို့ ကျောင်းစရိတ်ရအောင်ဆိုပြီး မေမေက အပ်ထည်တွေကို အိမ်မှာယူပြီးချုပ်တယ် ဆောင်းညတစ်ညမှာ သန်းခေါင်ကျော်လောက် ကျွှန်တော်နိုးလာတဲ့အချိန်အထိ အမေဟာ မီးမှိန်မှိန်အောက်မှာ ချမ်းချမ်းစီးစီးနဲ့ အထည်တွေချုပ်နေတာတွေ့တော့“မေမေ…အိပ်တော့လေ မနက်ဖန်လည်း အလုပ်သွားရဦးမယ် မဟုတ်လား” ဆိုတော့မေမေက“သားပဲသွားအိပ်ပါကွယ်…မေမေ…မအိပ်ချင်သေးလို့ပါ ”တဲ့ အဲဒါလည်း မေမေညာတာပဲ ။
ကျွှန်တော် ဆယ်တန်းစာမေးပွဲဖြေတုန်းကဆို မေမေကျောင်းကိုလိုက်ပို့တယ်။ ကျွှန်တော်တို့ စာမေးပွဲခန်းထဲဝင်နေချိန်မှာတော့ မေမေဟာနေပူကျဲကျဲထဲမှာ စောင့်နေရတာပေါ့။ ကျွှန်တော်တို့ ပြန်ထွက်လာတဲ့အခါမှာ မေမေက အသင့်ယူလာတဲ့ လိမ္မော်ရည်တိုက်တယ်။ မေမေ့မှာလည်း ချွှေးတွေထွက်နေတော့ အအေးခွက်ကိုမေမေ့ဘက်ကမ်းပေးလိုက်ချိန်မှာ မေမေက“သောက်ပါသားရယ်၊ မေမေရေမဆာပါဘူး”တဲ့။ အဲဒိတုန်းကလည်း မေမေညာခဲ့တာပဲ။
ဖေဖေဆုံးပြီးတဲ့နောက်မှာ မေမေက ဖအေလည်းသူ၊ မအေလည်းသူအဖြစ်နဲ့ ရုန်းကန်ခဲ့ရပါတယ်။မေမေ့အလုပ်ကရတဲ့ငွေကလည်း ကျွန်တော်တို့ နေ့စဉ်စားသုံးစရိတ်နဲ့ပဲ လုံးလည်ချာလည်လိုက်နေခဲ့တယ်။ ငွေပိုငွေလျှံမရှိခဲ့ဘူး။ အဲဒိမှာ ကံကောင်းချင်တော့ ကျွန်တော်တို့ ရပ်ကွက်ထဲမှာပဲနေတဲ့ မေမေနဲ့လည်းရင်းနှီးတဲ့ ဦးလေးကြီးတစ်ယောက်က ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတယ်…။ ကျွန်တော်တို့အပေါ်မှာလည်း ကြင်နာတတ်ပါတယ်။ အဲဒိလိုကိစ္စကြီးငယ်ကို ကူညီဖြေရှင်းပေးနေတာလည်း ပတ်ဝန်းကျင်ကသိပါတယ်။ မေမေ့တစ်ယောက်တည်း မိသားစုကို ဆင်းဆင်းရဲရဲနဲ့ရုန်းကန် ကျွေးမွေးနေတာကိုလည်း သိတဲ့အိမ်နီးချင်းတွေက မေမေ့ကို နောက်အိမ်ထောင်ပြုဖို့ ဖြောင့်ဖြကြတယ်။ အဲဒိမှာ မေမေက “ကျမအတွက် ဒီကလေးတွေရှိရင်ပြီးတာပဲ ကျန်တဲ့အချစ်တွေ မလိုအပ်ပါဘူးရှင်” လို့ငြင်းခဲ့တယ်။ အဲဒါဟာလည်း မေမေညာခဲ့တာပါ။
ကျွန်တော်ဘွဲ့ရပြီးချိန်မှာတော့ မြို့မှာအလုပ်တစ်ခုရခဲ့တယ်။ အဲဒါနဲ့ မေမေ့ကို အလုပ်တွေပေးမလုပ်ဘဲ အနားယူဖို့ ပြောခဲ့တယ်။ ဒါပေမယ့်မရပါဘူး။ မေမေက မနက်ခင်းတိုင်း ဈေးထဲမှာ ဟင်းသီးဟင်းရွက်တွေ သွားရောင်းပါတယ်။ ကျွန်တော် မေမေ့ဆီ လိုအပ်မယ့်ငွေတွေ ပို့ပေးတော့ မေမေက ပြောင်းလဲမသွားဘဲ“မေမေငွေမလိုပါဘူးသားရယ်” လို့ဆိုပြန်တယ်။ ဒါလည်း မေမေညာတာပဲပေါ့…။ မြို့မှာ ကျွန်တော်အလုပ်ကောင်းလာတော့ ဝင်ငွေလစာလည်း ကောင်းလာတယ်။ ဒါနဲ့ မြို့လယ်ခေါင်မှာ တိုက်ခန်းငှားပြီးနေနိုင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော် ၇လွှာက တိုက်ခန်းမှာ မေမေ့ကိုခေါ်ထားဖို့ကြိုးစားတော့ မေမေက“သားရယ်၊ မေမေအမြင့်မှာ မနေရဲဘူးကွယ်” ဆိုပြီးငြင်းခဲ့ပြန်တယ်။ အဲဒိလို မေမေ ကျွန်တော့်ကို ညာပြီးနယ်မှာပဲ နေမြဲနေ၊ ဟင်းရွက်ရောင်းတဲ့အလုပ်ကို လုပ်မြဲလုပ်နေခဲ့ပါတယ်။
မေမေ အသက်ရွယ်ကြီးရင့်လာတဲ့အခါ မေမေ့မှာ ကင်ဆာရောဂါခံစားခဲ့ရပြီးနောက်ဆုံး ဆေးရုံတင်ရတဲ့အထိ ဖြစ်လာခဲ့တယ်။ ကျွန်တော် သတင်းကြားတဲ့အချိန် မေမေရှိရာ နယ်မြို့လေးကို ကျွန်တော် အပြေးအလွှားသွားခဲ့တယ်။ မေမေကို ဆေးရုံကနေ အိမ်ကို ပြန်သယ်လာကြတယ်။ ကျွန်တော်ရောက်သွားတော့ မေမေဟာ ကုတင်ပေါ်မှာ အိပ်လျက်သား။ ပိန်ချုံးပြီးအားနည်းနေပုံရတဲ့ မေမေကို တွေ့ရတဲ့အချိန်မှာ ကျွန်တော့်မျက်ဝန်းမှာ မျက်ရည်တွေ အလိုလို စီးကျလာခဲ့ပါတယ်။ ဒါကို မေမေက အားယူပြုံးပြပြီး “မငိုပါနဲ့ သားရယ် မေမေ ဘယ်လိုမှ မခံစားရပါဘူး” တဲ့။ ဒါဟာ မေမေကျွန်တော့်ကို နောက်ဆုံးညာခဲ့တာပါ။ ဒီဝေဒနာနဲ့ပဲ မေမေ ကျွန်တော်တို့ကို အပြီးအပိုင်ခွဲခွာသွားခဲ့တယ်လေ…။
တကယ်တော့ မေမေက ကျွန်တော်တို့ကိုငဲ့ညှာပြီး ညာခဲ့မိတာပါ။ မေမေ လောကကြီးမှာ မရှိတော့ပေမယ့် မေမေ့ရဲ့သားသမီးတွေအပေါ် စာနာငဲ့ညှာမှုတွေ၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေနဲ့ နွေးထွေးတဲ့ မေမေ့ မေတ္တာတွေကို ငတ်မွတ်နေဆဲပါ။ အခုအချိန်မှာမှ မေမေ့ကျေးဇူးတွေ ပြန်ဆပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ကမ္ဘာပေါ်မှာ အမေသက်ရှိထင်ရှားရှိနေသေးတဲ့ သားသမီးတွေအတွက် ဒီဇာတ်လမ်းလေးကို ဖတ်ပြီး မိဘကျေးဇူးသိနိုင်တဲ့ ကံကောင်းသူများဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း…….
No comments:
Post a Comment