Sunday 31 July 2011

ဆွလာသ်၏အရေးပါမှု


ဆွလာသ်၏အရေးပါမ
(၁) မည်သူ့အတွက်ရည်သန်၍ ဆွလာသ်ဝတ်ပြုမည်နည်း
ဆွလာသ်ဝတ်ပြမှု၊ ဆုမွန်ဒုအာအ်တောင်းခံမှုတို့ကို အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းအတွက်သာ ရည်သန်၍ ပြုရပေမည် ။ (Quran 1:5/ 6:162/ 20:14/ 13:14-15)
(၂) မည်သူတို့ ဆွလာသ် ဝတ်ပြုတည်ဆောက်ကြရမည်နည်း
*…ဆွလာသ်ကျင့်စဉ်သည် မိမိ၌အမှန်တရားကို သက်ဝင်ယုံကြည်မှု အီမာန် ရှိကြောင်းနှင့် အလ္လာဟ်အရှင်မြတ်ကို နာခံအပ်နှင်းကြောင်း သင်္ကေတဖြစ်ရာ မုစ်လင်မ်အမျိုးသား၊ အမျိုးသမီးတိုင်းအပေါ်တွင်မပြုမနေရ(ဖရဒွ်) တာဝန်ဖြစ်ပေသည် ။                      (Quran 8:3-4/14:31)
*…ဆင်ခြင်တုံ့တရားကင်းလွတ်ပြီး ရူးသွပ်နေသူ၊ အရွယ်မရောက်သေးသူများအပေါ်၌ မပြုမနေရ တာဝန်မဟုတ်ပေ။ အစ္စလာမ်တွင် အဓမ္မစနစ်မရှိပါ ။                  (Quran 2:256)
*…အမျိုးသမီးများအနေဖြင့် လစဉ်ပုံမှန်ရာသီပန်းပွင့်ချိန် (၃)ရက်မှ(၁၀)ရက်အတွင်းနှင့် ကလေးမွေးဖွားပြီး သွေးဆင်းချိန်(၄၀)ရက်အတွင်း ဆွလာသ်ဝတ်ပြုခြင်းမှ ခြွင်းချက်ပေးထား၏။ သန့်စင်သွားချိန်မှသာပြန်လည် ဝတ်ပြုရမည်။ ထိုကာလများအတွင်း လွတ်သွားသော ဆွလာသ်များအတွက် ပြန်လည်အစားထိုးဝတ်ပြုစရာ မလိုတော့ပါ ။
*…ထို့ကြောင့် တမန်တော်မြတ်က “မုစ်လင်မ်တစ်ဦးနှင့် ကာဖိရ်တစ်ဦး၏ ကွာခြားချက်မှာ ဆွလာသ်ကျင့်စဉ်”  ဟုဆိုခဲ့ခြင်းဖြစ်သည်။ (မုစ်လင်မ် သြဝါဒကျမ်း) ဆိုလိုသည်မှာ လူသားနှစ်ဦးအနေဖြင့် ဝတ်စားဆင်ယင်မှုနှင့် ဘာသာစကား တူညီနိုင်သော်လည်း ဆွလာသ်ဝတ်ပြုချိန်ရောက်လျှင် မုစ်လင်မ်ဖြစ်သူသည် အလ္လာဟ်အရှင်မြတ် ရှေ့မှောက်သို့ ဆွလာသ်ဝတ်ပြုမှုဖြင့် အခစားဝင်ရောက်ခြင်းဖြစ်ပါသည် ။
*…ဆွလာသ်ကျင့်စဉ်သည် နားရက်မရှိသော ကျင့်စဉ်ဖြစ်သည်။ စစ်ပွဲကာလ၌ဖြစ်ပါစေ ဆွလာသ်ကျင့်စဉ်ကိုစွန့်၍ မရချေ ( Quran 4:101-103)။ အကြောင်းသော် မုစ်လင်မ်တို့၏ ဦးတည်ချက်မှာ တိုက်ပွဲမဟုတ်၊ ရန်သူကိုကြောက်ခြင်းလည်းမဟုတ်၊ နယ်ချဲ့ရန်အတွက်လည်းမဟုတ်၊ အလ္လာဟ်အရှင်မြတ်ကို သတိရ တသရေးနှင့် မည်သူမဆို လွတ်လပ်စွာ ကိုးကွယ်ကျင့်သုံးခွင့် ရရှိရေးသာဖြစ်ပါသည်။
*…နာမကျန်း၍ဖြစ်စေ၊ ဘေးအန္တရာယ်တစ်စုံတစ်ရာကို စိုးရိမ်ရလျှင်ဖြစ်စေ မတ်တပ်ရပ်၍ ဝတ်မပြုနိုင်ပါက လမ်းလျှောက်လျက်ဖြစ်စေ၊ စီးနင်းလျက်ဖြစ်စေ၊ သတ်မှတ်ချိန်ဆွလာသ်ကို ဝတ်ပြုကြရပေမည် ။
(Quran 2:238-239)
*…မိမိဘဝတွင် အခက်အခဲများကြုံတွေ့ရပါကလည်း (ဆွဗရ်)ကြံ့ခိုင်ခြင်းတရားထားလျက် ဆွလာသ်ကျင့်စဉ်ဖြင့် အလ္လာဟ်အရှင်မြတ်ထံမှ အကူအညီတောင်ခံရန် အလ္လာဟ်အရှင်မြတ်က ညွှန်ကြားထား၏။ ( Quran2:153)
ထို့အတူ မိမိကြိုမသိသော အနာဂတ်ကိစ္စရပ်အတွက် အိစ်သိခါရဟ် ဆွလာသ် ဝတ်ပြု၍ အလ္လာဟ်အရှင်မြတ်ထံမှ အကူအညီ အသိထူးကို တောင်းခံနိုင်ပါသည်။
*…မိမိ၏ အိမ်သူအိမ်သားများ၊ တပည့်များ၊ ဆွလာသ်ဝတ်ပြုကြစေရန် အကြီးအကဲက စီစဉ်ညွှန်ကြားရမည်ဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်က လမ်းညွှန်ထား၏။ (Quran 20:132)။ တမန်တော်မြတ်ကလည်း ကလေးများကို(၇)နှစ်အရွယ်တွင် ဆွလာသ်ဝတ်ပြုကြစေရန်၊ (၁၀)နှစ်အရွယ်တွင်ဝတ်မပြုပါက ကရုဏာပညာဖြင့် ပြစ်ဒဏ်ပေးဆုံးမခြင်းအားဖြင့် ဝတ်ပြုမှုအလေ့အကျင့်ပြုစေရန် ညွှန်ကြားထား၏ ။  (အဗူဒါဝုဒ်ကျမ်း ၊ အဟ်မဒ်ကျမ်း )


စာရေးသူ                                                                                  စီစဉ်တင်ဆက်သူ
ငြိမ်းချမ်းလုလင်                                                                    မီုးစက် (အလ်အဇ်ဟရ် အစ္စလာမ့်သိပ္ပံ)

No comments:

Post a Comment