Friday 28 September 2012

မဟာကရုဏာတော်ရှင် (အရ်ရဟ်မားန်)

မဟာကရုဏာတော်ရှင် (အရ်ရဟ်မားန်)
“(အလ္လာဟ် အရှင်မြတ်သည်) မဟာကရုဏာတော် ရှင်၊ အနန္တ ကောင်းချီး မင်္ဂလာတော်ရှင် ဖြစ်တော်မူ၏” (Quran 1:3)
“ကရုဏာပြုသူတို့တွင် ကရုဏာအပြုဆုံးသော အရှင်ဖြစ်တော်မူ၏” (Quran 12:64)
အလ္လာဟ် အရှင်မြတ်သည် (အရ်ရဟ်မားန်) (ခေါ်) မဟာ ကရုဏာတော်ရှင်ဟူသော ဂုဏ်တော်နှင့်အညီ လောကခပ်သိမ်း အရာခပ်သိမ်း ကို ကရုဏာတော်ဖြင့်သာ လွမ်းခြုံထားတော်မူ၏ (Quran 40:7 / 7:156)
အလ္လာဟ်သည် လူသားအပါအဝင် ဖန်ဆင်းခံတို့အား ဒုက္ခပေးရန် ဖန်ဆင်းထားခြင်း မဟုတ်ချေ။ လူသားတို့ကို အမျက်တော် ရှကာ ဒေါသကြီးနေသော၊ ခွင့်မလွှတ်တတ်သော အရှင် မဟုတ်ချေ၊ အလ္လာဟ်ကို လက်ခံသူကိုဖြစ်စေ၊ လက်မခံသူကိုဖြစ်စေ၊ ဤလောက၌ အရ်ရဟ်မားန် ဟူသော ဂုဏ်တော်နှင့်အညီ ဖန်ဆင်းခံတို့၏ အခြေခံလိုအပ်ချက်ကို ပေးနေမည်သာ ဖြစ်၏။
“အရ်ရဟီမ်” အလွန့် အလွန် သနားကြင်နာတော်မူ သောအရှင် ဟူသောဂုဏ်တော်နှင့် အညီကောင်းမှုတစ်ခုပြုသူအား အကျိုးဆုလာဘ် အဆပေါင်းများစွာပေးတော်မူ၏။ ဥပမာ စပါးစေ့ တစ်စေ့မှ စပါးနှံပေါင်းများစွာ ဖြစ်ပေါ်စေ၏။ မကောင်းမှုတစ်ခုပြုသူကို မကောင်းမှုနှင့် ညီမျှသော ပြစ်ဒဏ်ကိုသာ ပေး၏၊ စင်စစ် ဒုက္ခဟူသည် လူသားတို့၏ လုပ်ရပ်ကြောင့်သာ ဖြစ်၏။ စင်စစ် အလ္လာဟ်သည် လောကခပ်သိမ်းတွင် အကြင်နာဆုံး ကရုဏာရှင် ဖြစ်တော်မူ၏။
(အရ်ရှ်) ပလ္လင်တော်၏ အရှင်
“ထို(အလ္လာဟ်) အရှင်မြတ်သည် ကြီးကျယ်မြင့်မြတ် လှစွာသော အရ်ရှ်ပလ္လင်တော် (အာဏာတော်)ကို စိုးပိုင်တော်မူသော အရှင်မြတ်ဖြစ်တော်မူ၏” ( Quran 9:129) “စင်စစ် မိုးကောင်းကင်များ၌ရှိကြကုန်သော စစ်တပ်များသည် လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌ ရှိကြကုန်သော စစ်တပ်များသည်လည်းကောင်း အလ္လာဟ် ပိုင်ဆိုင်တော်မူသော စစ်တပ်ပင် ဖြစ်ကုန်၏။ ထို့ပြင် အလ္လာဟ်သည်ကား ဘုန်းတော်များနှင့် ပြည့်စုံတော်မူသော၊ ဉာဏ်တော် အနန္တနှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူပေသတည်း” (Quran 48:7)
“……စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ပရိယာယ်ဖြင့် ကြံဆောင်သူများတွင် အကောင်းဆုံး ကြံဆောင် စီမံနိုင်တော်မူသော အရှင်ဖြစ်တော်မူ၏ (Quran 3:54)
“….ထိုအရှင်မြတ်၏ အမိန့်တော်ကို ရွှေ့ဆိုင်းနိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် အလျင်းမရှိ” (Quran 13:41)
“….နေ့စဉ် ထိုအရှင်မြတ်သည် (ဘုန်းတော်ဖြင့် စကြဝဠာ လောကခပ်သိမ်း အတွက်) အရေးကိစ္စတစ်ခုခုကို ဆောင်ရွက်လျက် ရှိနေတော်မူ၏။ (Quran 55:29)
“မုချ ဧကန် ကမ္ဘာဂြိုဟ်နှင့် မိုးကောင်းကင်၌ ရှိရှိသမျှသော အရာဝတ္ထုများသည် မည်သည့် တစ်စုံတစ်ခုမျှ အလ္လာဟ်ထံတော်၌ ဖုံးကွယ်သည်ဟူ၍ မရှိချေ”(Quran 3:5) (အစ္စလာမ့် ယုံကြည်ချက်)
အရာခပ်သိမ်းကို လွှမ်းခြုံတော်မူသော အရှင်
“မုချဧကန် အလ္လာဟ်အရှင်မြတ်သည်ကား (အနန္တဘုန်းတော်ရှင် ဖြစ်တော်မူသည့်အတိုင်း) ခပ်သိမ်း(ကုန်သောလောက)တို့ကို လွှမ်းခြုံတော်မူသောအရှင်၊ အလုံးစုံကို အကြွင်းမဲ့ သိတော်မူသောအရှင်” (ကုရ်အာန် ၂း၁၁၅)
“မိုးကောင်းကင် (စကြဝဠာ)များနှင့် ကမ္ဘာဂြိုဟ်တို့၏ အာဏာ အပေါင်းတို့သည် ထိုအရှင်မြတ်၌သာ ရှိပေသည်။ ထို့ပြင် အရေးကိစ္စ အလုံးစုံတို့မှာ၊ ထိုအရှင်မြတ်ထံသို့သာလျှင် ပြန်လည်ရောက်ရှိ ကြရပေမည်” (ကုရ်အာန် ၅၇း၅)
…..“စင်စစ် အဆုံးအဖြတ်မှာ အလ္လာဟ်၏ ထံတော်၌ပင်ရှိ၏” (ကုရ်အာန် ၄၂း ၁၀)
အလ္လာဟ်အရှင်မြတ်သည် စကြဝဠာ ကမ္ဘာလောက ခပ်သိမ်းကို ဖန်ဆင်းဖြစ်ပေါ်စေပြီးနောက်၊ မထိန်းနိုင် မသိမ်းနိုင် ဖြစ်နေသော အရှင်မဟုတ်ပေ။ မောပန်း၍ အနားယူခြင်းလည်း မရှိချေ။ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိ၏။ အရာခပ်သိမ်းအပေါ် အလ္လာဟ်၏ အမိန့်အာဏာ လွှမ်းခြုံလျက်ရှိ၏။ မည်သူ့ကိုမျှလည်း အာဏာဖက်စပ် ခွဲဝေမထားချေ။ လောကခပ်သိမ်းကိုလည်း ကြွင်းမဲ့သိမြင်၊ ကြားတော်မူသော အရှင်ဖြစ်၏။ မည်သူကမျှလည်း အလ္လဟ်ကို မစွပ်ဖက်နိုင်ချေ။ (အစ္စလာမ့် ယုံကြည်ချက်)
တရားအလင်းရောင်ခြည် နူရီတော်ရှင်
“အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင် (စကြဝဠာ) များနှင့် ကမ္ဘာဂြိုလ်၏ နူရ်(တရား အလင်းရောင်ခြည်တော်ရှင်) ဖြစ်တော်မူ၏” (ကုရ်အာန်၂၄း၃၅)(အစ္စလာမ့်ယုံကြည်ချက်)
အလ္လာဟ် အရှင်မြတ်သည် တရားဓမ္မ၏ အရှင် ဖြစ်တော်မူ၏။ ဖန်ဆင်းခံအားလုံးတို့မှာ ထိုတရားကို သိစေခြင်း ခံရသူများသာဖြစ်၏။ လူသားတို့တွင် ပွင့်ခဲ့ကြသော နဗီတမန်တော် အပေါင်းတို့သည် တရား“နူရ်ရောင်ခြည်” သိစေခြင်း ခံခဲ့ကြရသူများသာ ဖြစ်ခဲ့ကြ၏။ ထိုလူသား တမန်တော်များမှ တစ်ဆင့်သာ ကမ္ဘာ့လူသားတို့က တရားရောင်ခြည်ကို သိရ၏။ စင်စစ် အလ္လာဟ်၏ နူရ် တရားရောင်ခြည်သည်လည်း လောကခပ်သိမ်း ကို လွှမ်းခြုံလျက်ရှိ၏။ လူသားတို့ထက် အလျင်တရားရှိ၏။ တရား၏ အရှင်မှာ အလ္လာဟ် ဖြစ်တော်မူ၏။ အလ္လာဟ်သည်သာ လူသားနဗီတို့အား တရားသိစေတော်မူသော အရှင် ဖြစ်တော်မူ၏။

No comments:

Post a Comment