Friday, 4 May 2012

လူသားချင်းစာနာစိတ်ဖြင့် ထုံမွမ်းနေသည့်

လူသားချင်းစာနာစိတ်ဖြင့် ထုံမွမ်းနေသည့် စေတနာ ဆရာဝန်ကလေး လူသားချင်း စာနာစိတ်ကြီးမားလှသည့် ဤတောင် အာဖရိကသားဆရာဝန်ကလေး၏ နက်ရှိုင်းလှသော ကရုဏာတရားနှင့် ရေကုန်ရေခန်း စွမ်းဆောင်မှုစွမ်းပကားတို့ကြောင့် ဆင်းရဲကြောင့်ကြမကင်းကြသော လူသားထောင်ပေါင်းများစွာအဖို့ မျှော်လင့်ချက်ရောင်ခြည်များ ပွင့်လန်းခဲ့ရသည်။ …အင်မတီအာဇ် ဆုလိုင်မာန်သည် သောကဖိစီးစွာနှင့် သူ၏ဟော်တယ်ခန်းလေးထဲသို့ တစ်လှမ်းချင်းလျောက်လာခဲ့သည်။ သူနှင့် သူ့အဖွဲ့သားတို့မှာ ဗျူရိုကရက်ဆန်လှမှုနှင့် နိုင်ငံရေးပယောဂတို့ကြောင့် ခေါင်းနပမ်းကြီးနေကြရသည်။ (၃၁)နှစ်အရွယ်သာရှိသေးသည့် အာဖရိကသား ဆရာဝန်ကလေးမှာ ၁၉၉၃ ခု၊ စက်တင်ဘာလ ၉ရက်နေ့က ခရိုအေးရှးဆိပ်ကမ်းမြို့ ပလောက်(စ)သို့ ရောက်လာခဲ့သည်။ ကမ္ဘာ့အကြီးဆုံးရွေ့လျားဆေးရုံယာဉ်ကြီးကို စစ်မီးတောက်လောင်နေရာ ဘော့စနီးယားဒေသရှိ မော်စတာမြို့သို့ တင်ပို့နိုင်ရေးကိစ္စ အတွက် ဖြစ်သည်။ ခရိုအေးရှားကိုကျော်ဖြတ်ပြီး သယ်ဆောင်ခွင့်ပါမစ်ရရေးက မလွယ်ကူလှချေ။ အစွမ်းကုန်ကြိုးပမ်းနေခဲ့ရရှာသည်။ ရန်ဘက်နိုင်ငံတွေ မဟုတ်လား။ ပြဿနာက မသေးလှချေ။ ပလောက်(စ)မြို့ရှိ အရာရှိအရာခံများက မုစ်လင်မ်နယ်မြေသို့ ဆေးရုံယာဉ်တန်းကြီး တင်သွင်းလာခြင်းကို အတိအလင်းဆန့်ကျင်ကန့်ကွက်နေခဲ့ကြသည်။ ဖျက်ဆီးပစ်မည် တကဲကဲချိမ်းခြောက်နေကြသည်။ နောက်ဆုံးအားထားစရာ ကောက်ရိုးတစ်မျှင်ဟုပဲဆိုရလေမလား။ လမ်းတစ်နေရာရှိ စစ်ဆင်ရေးဂိတ်မှ စစ်သားများက လက်နက်ပါမပါကို စစ်ဆေးနေကြပြီ။ မျက်မှန်နှင့် ဆရာဝန်လေးရော သူ့ကိုကူညီမည့်သူများမှာလည်း ရင်တထိတ်ထိတ်နှင့်။ သေနတ်များဖြင့်လည်း ချိန်ထားခံနေရသေးသည်။ ဆုလိုင်မာန်ခမျာ လုံးဝခေါင်းခဲနေရရှာသည်။ စိုးတရွံရွံနှင့်။ “အင်း တကွက်လေးမှားရုံနှင့် ဒို့ကိုတော့ အသေပစ်သတ်ကြမှာပါကလား”ဟု စဉ်းစားနေမိခဲ့သည်။ ရဲစခန်းကိုခေါ်ပြီး နာရီပေါင်းများစွာ စစ်ဆေးမေးမြန်းခံခဲ့ရသည်။ မိမိတို့သည် ဘော့စနီးယန်းတိုက်ပွဲဝင်များမဟုတ်ကြောင်းကို အာပေါက်မတတ် အသေအလဲ ရှင်းပြခဲ့ရသည်။ အဆုံးမတော့ သူတို့ကို ထွက်ခွာခွင့်ပြုလိုက်သည်။ သူတို့မောင်းနှင်သွားစဉ်မှာတော့ သူတို့တတွေ၏ ဦးခေါင်းထက်ဝယ် ကျည်ဆံများကဝဲပျံလျက်။ ကွန်တိန်နာကားကြီး ၂၈စီးနှင့် ကုတင် ၁၂၆ လုံးဆန့် ဆေးရုံကြီးကို ပုံထုတ်ဖန်တီးရန် ကြံစီခဲ့ရသည်ကပင် လနှင့်ချီပြီးကြာညောင်းခဲ့သည်။ အခုကျမှ သွားခွင့်မရဆိုပါက မဖြစ်သင့်သောကိစ္စပင်ဟု ဆုလိုင်မာန်က တွေးမိသည်။ တကယ်လည်း မျှော်လင့်ချက်ကင်းမဲ့ရမည့်ပုံနှယ် ထင်ခဲ့ရသည်။ ဆုလိုင်မာန်ကတော့ မရေရာမသေချာမှုနှင့် စိုးတထင့်ထင့်ဘဝက ဘယ်လိုဆိုသည်ကို သိထားပြီးသူပင် ဖြစ်သည်။ တောင်အာဖရိကနိုင်ငံ ဂျိုဟန်းနက်စဘာဂ်မြို့တွင် မလှမ်းမကမ်းရှိ မြို့တစ်မြို့ဖြစ်သည်။ ပိုချက်စ်စထရွမ်းမြို့တွင် မုစ်လင်မ်မိဘများက သူ့ကို မွေးဖွားခဲ့သည်။ သူခုနှစ်နှစ်သားမှာပင် မိခင်နှင့် ဖခင်တို့က လင်ခန်းမယာခန်းပြတ်စဲခဲ့ကြရာ သူ့ဘဝက အစိတ်စိတ်ကျေကွဲခဲ့ရသည်။ နောက်ငါးနှစ်အကြာတွင် မိခင်နှင့်အတူ ဒါဗန်ရှိ ဇာတိမြို့သို့ ပြောင်းရွှေ့ခဲ့ကြသည်။ နောင်တွင် သူ့ညီမနှစ်ဦးကပါ ရောက်လာခဲ့ကြသည်။ အလုပ်သမားတန်းလျားတွင်းရှိ အဖွားဖြစ်သူ၏ အိမ်ခန်းတွင် နေခဲ့ကြရသည်။ တစ်ချိန်တွင် အင်မတီအာဇ်ခမျာ ကားနှစ်စီးတိုက်လူများက သူ၏အိမ်နီးချင်းကို အိမ်ပြင်ထုတ်ကာ ဖမ်းဆီးခေါ်ဆောင်ပြီး လည်မျိုကိုဓားတင်သွားခဲ့သည်ကို ကြုံတွေ့လိုက်ရသည်။ ထိုလူကား အသက်မသေခဲ့ချေ။ သူ့ခမျာကတော့ အရွယ်ကလည်းငယ်လေတော့ ကြောက်လန့်တုန်လှုပ်နေရုံမှတစ်ပါး လူနာကို ဘာမှလုပ်မပေးနိုင်ခဲ့ချေ။ “အင်း ငါသာ ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ရင်တော့ အရေးပေါ်လူနာကို ဘယ်ပုံဆောင်ရွက်ရမယ်ဆိုတာကို သိမှာပဲ”ဟု သူကစဉ်းစားမိခဲ့သည်။ ထိုစဉ်ကတည်းက စပြီးဆေးပညာကို သင်ယူလိုစိတ်က သူ့တွင်စွဲလန်းသွားခဲ့သည်။ ပိုချက်ဖ်စထရွမ်းမြို့သို့ ပြန်လည်စိတ်ရောက်သွားကာ သူတို့၏မိသားစုဆရာဝန်ကြီး ဒေါက်တာ အစ္စမာအီလ် ဟာဖိဂျီး၏ ဆေးကုသပုံကို သူကစိတ်ဝင်တစား ရှိနေတတ်သည်။ ဟာဖိဂျီးကား မိသားစုအရေးကြီးလျှင် ကူညီတတ်စမြဲဖြစ်သည်။ အင်မတန်မှပင် စိတ်ရင်းစေတနာကောင်းလှသည်။ ဖျားနာနေချိန်တွင် ကုရ်အာန်ကျမ်းစာထဲမှ စကားရပ်များနှင့် သင်ခန်းစာများကိုတင်ပြရင်းက ဝေဒနာကို သက်သာအောင် ပြုပေးတတ်ပုံကို သတိရနေမိသည်။ ဆုလိုင်မာန်ကား သူကဲ့သို့ပင် ဆရာဝန်ကြီးတစ်ဦးဖြစ်ချင်မိခဲ့သည်။ သူ့ဘဝရည်မှန်းချက်ကို သူက အခိုင်အမာချမှတ်ခဲ့သည်။ စာကို အထူးကြိုးစားဆည်းပူခဲ့ရာ မကြာမီ ဂုဏ်ထူးမှတ်ထိရလာခဲ့သည်။ ထိုစဉ်က ကျောင်းကိုလမ်းလျောက်သွားရသည်ကပင် ကျောချမ်းစရာဟု ဆိုရပါမည်။ လူဖြူလူမည်းခွဲခြားစည့်စနစ်ကြောင့် လမ်းတွင် လူရမ်းကားများ၏ အနိုင်ကျင့်မှုကို ခံရကိန်းကရှိနေသည်။ အမေဖြစ်သူမှာလည်း သား၏ လုံခြုံရေးကိုအချိန်ပြည့် စောင့်ကြပ်မပေးနိုင်ချေ။ “ကိုယ့်အန္တရာယ်ကို ကိုယ်ဖာသာကိုယ် ဘယ်ပုံရင်ဆိုင်သွားရမယ်ဆိုတာကိုသာ ပြင်ဆင်ထားတော့ သားရေ” ဟုသာ အားပေးစကား ဆိုနိုင်ခဲ့သည်။ မိခင်၏စကားက နားထဲတွင် စွဲနေသည်။ သူ့ကိုယ်သူ ကာယနှင့် စိတ္တပိုင်းဆိုင်ရာကြံ့ခိုင်မှုတည်ဆောက်ရန်အတွက် သန္နိဋ္ဌာန်ချကြိုးပမ်းသွားခဲ့သည်။ ဘောလုံးအသင်းနှင့် သူကဆက်ခဲ့သည်။ တွန်းတွန်းတိုက်တိုက်ကစားကြရင်းက ရန်ဖြစ်ရပြန်တော့ သူက ခံရဘက်ကချည်းဖြစ်နေသည်။ အာလုံးက သူ့ကိုသူဘယ်ပုံကာကွယ်ရမည့်ပုံစံကို သင်ကြားပေးခဲ့ကြသည်။ ပထမနှစ်တွင် သူက ကစားသမားအဖြစ်ဖြင့် နေခဲ့ရသည်။ ဒုတိယနှစ်မှာတော့ ကက်ပတိန်ဖြစ်ခဲ့ပြီ၊ နှစ်အနည်းငယ်ကြသည်တွင် နာခံတတ်သော ပင်ကိုယ်သဘာဝရှိ လူငယ်ကလေးမှာ လူသိများကျော်ကြားလာခဲ့ရာမှ လူငယ်ခေါင်းဆောင်ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။ နေတယ် ဆေးတက္ကသိုလ် တက်ရောက်ခဲ့ချိန်တွင် မုစ်လင်မ်ကျောင်းသားကျောင်းသူများအသင်းနှင့် ဆက်မိရာက လူငယ်ခေါင်းဆောင်မှုစခန်းစည်းရုံးရေးကိစ္စကို ဆောင်ရွက်ခဲ့ရသည်။ သတင်းစာစဉ်များဖြန့်ချီခြ့ရသည်။ စီမံကိန်းများအတွက် ငွေရှင်ကြေးရှင်များထံမှ ငွေပဒေသာပင်များကို စိုက်ထူလာနိုင်အောင် လွယ်လင့်တကူ စည်းရုံးလှူံ့ဆော်နိုင်သူ ဖြစ်လာခဲ့သည်။ စေတနာရှင်များကွန်ယက်ကိုပါ ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ယူနိုင်ခဲ့သည်။ ၁၉၈၅ ခုနှစ်အဆုံးတွင် သူကဘွဲ့ရခဲ့သည်။ ဆရာဝန်အသစ်စက်စက် ဆုလိုင်မာန်နှင့် သူ့ဇနီးတို့မှာ ဘွဲ့မရခင်တစ်နှစ်အလျင်ကပင် လက်ထပ်ယူခဲ့ကြခြင်းဖြစ်သည်။ သူတို့ဇနီးမောင်နှံက ပီတာမရီဇ်မြို့သို့ ပြောင်းရွှေ့ခဲ့ကြပြီး ဆေးခန်းဖွင့်ခဲ့ကြသည်။ ယခုတော့ သူ၏အိပ်မက်ကို အကောင်အထည်ဖော်ခဲ့နိုင်ပြီ။ “ကျွန်တော် ဒီဒေသကိုသွားပြီး ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို ကြည့်ပါရစေ”ဟု ဒေါက်တာ ဆုလိုင်မာန်က ဆိုသည်။ ၁၉၉၀ ပြည့်နှစ် အောက်တိုဘာလ အတွင်းက အသက် ၂၈ နှစ်ရှိ ဆရာဝန်လေးမှာ ဒါဗန်မြို့ရှိ အစ္စလာမ့်ဆေးသိပ္ပံအသင်နှီးနှောပွဲတွင် တက်ရောက်ခဲ့စဉ်ကက ကြားရသည့်သတင်းကြောင့် သူ့ခမျာ စိတ်အနှောင့်အယှက် ကြီးစွာပေါ်ခဲ့ရသည်။ မြောက်ပိုင်း မိဇမ်ဗစ်နိုင်ငံ နာကာလာ ဒေသသားများမှာ ပြည်တွင်းစစ်မီးကြောင့် ဒုက္ခပွေနေကြရသည်။ နောက်နှစ်ပတ်အကြာတွင် သူနှင့်အဖွဲ့သားများမှာ သူပုန်တို့သိမ်းပိုက်ထားရာဒေသသို့ ဖုံထူထပ်လှသောလမ်းများကို ဖြတ်ရင်းက အေရာမဗုံးကျင်းကြီးများကြားမှကျော်နင်းပြီး ခရီးဆက်လာခဲ့ကြသည်။ နာကာလာကိုရောက်ချိန်ကြမှပဲ ဆုလိုင်မာန်ခမျာ ရင်အေးရတော့သည်။ ဆင်းရဲတွင်းနက်လွန်းလှသူများ ကိုမြင်ပြီး သူ့မျက်နှာမှ အပြုံးရိပ်သည်ပင် မှိန်လျော့သွားရသည်။ စစ်ဘေးကြောင့် ရွာအများအပြားမှာ ပျက်စီးခြင်းမလှ ပျက်စီးနေရပြီ၊ ရွာသူရွာသားများမှာ ရရာပစ္စည်းများကိုယူငင်ပြီး အသက်လုပြေးလွှားနေကြရသည်။ စားစရာမရှိ၊ ရေမရှိ၊ စောင်မရှိ၊ ဆေးမရှိ၊ ကူးလူးသွားလာစရာယာဉ်လည်းမရှိ၊ ဘာဆို ဘာမှမရှိတော့၊ ရောဂါဘယကသာ ထူပြောမင်းမူနေသည်။ ဘောင်းဘီစကိုလာဆွဲသဖြင့် ဆုလိုင်မာန်က ငုံ့ကြည့်လိုက်သည်တွင် အရိုးပေါ်အရေတင်နေသည့် မိန်းမငယ်လေး တစ်ဦးကို တွေ့လိုက်ရသည်။ ပွေ့ချီယူလိုက်တော့ သေးသွယ်သည့် လက်ကလေးက သူလည်ပင်းကို ရစ်သိုင်းပွေ့ဖက်ထားသည်ကို ခံစားလိုက်ရသည်။ ကျွန်မကို ပစ်မသွားပါနဲ့ ဟူ၍လည်း အသနားခံနေသည်။ ဆုလိုင်မာန်ခမျာ ကျိတ်မနိုင်ခဲမရ ကျေကွဲဝမ်းနည်းသွားရရှာသည်။ တောင်အာဖရိကသား ဆရာဝန်ကလေးမှာ နကာလာတွင် ရက်အတန်ကြာနေထိုင်ခဲ့သည်။ ဒုက္ခပေါင်းစုံ ခါးစည်းမျိုသိပ်ပြီး ခံစားနေကြသည့် လူထုကြီးအဖြစ်ကြောင့် သူ့ရင်မှာမောခဲ့ရသည်။ “အင်း သူတို့တတွေကိုကယ်တင်နိုင်မဲ့ နည်းလမ်းကောင်းတစ်ခုခုကိုတော့ မလွဲမသွေ ရှာမှဖြစ်မယ်”ဟု ဆိုလိုင်မာန်က စဉ်းစားနေခဲ့သည်။ ရွာရှိကျန်းမာရေးတာဝန်ခံ ဒေါက်တာ ယဟီယာ အဗူဂရန်ထံ ဤဆေးရုံကလေးအတွက် မရှိမဖြစ်လိုအပ်သည့်အရာများကား ဘာတွေလဲဟု ဖွင့်မေးခဲ့သည်။ “အပူတပြင်းလိုအပ်နေတာတွေကတော့ အခြေခံဆေးဝါးတွေ၊ ဂွမ်းထုတ်တွေ၊ ပတ်တီးတွေ၊ စောင်တွေ၊ ဒရစ်ပ်တွေနှင့် ပိုးသတ်ဆေးရည်တွေပဲ”ဟု အဖြေကိုရခဲ့သည်။ “ဒါတွေကို ငါရှာကြံပြီး ပို့ပေးလိုက်မယ်”ဟု ဆူလိုင်မာန်က ကတိပေးခဲ့သည်။ အိမ်ပြန်ရောက်သည်နှင့် စပါယ်ရှယ်ဘဏ်စာရင်းကို သူကဖွင့်ခဲ့သည်။ အိမ်တွင် ဖက်(စ်)စက်ကို တပ်ဆင်ခဲ့သည်။ ကျောင်းသားဘဝတုန်းက သိကျွမ်းခဲ့ရာသူငယ်ချင်းများနှင့် အလှူရှင်များထံသို့ ဖုန်းဆက်ခေါ်ခဲ့သည်။ နိုင်ငံတလွှားရှိ လုပ်ငန်းရှင်ကြီးများနှင့် မုစ်လင်မ်ဆရာဝန်များထံသို့ ငွေကြေးနှင့် ပစ္စည်းများကိုထောက်ပံ့ပါရန် ပန်ကြားခဲ့သည်။ ပထမဆုံးအဖြစ် ပီတာ မရိဇ်ဘာဂ်မြို့ရှိ ဟော်တယ်တစ်ခုသို့ ဖုန်းဆက်ခဲ့သည်။ မန်နေဂျာဖြစ်သူထံ “အခြေခံအထောက်အပံ့တွေလိုနေတာကြောင့် လူများစွာဟာ သေရတော့မယ်။ တတ်နိုင်တဲ့ဘက်ကနေဘာပဲဖြစ်ဖြစ် ကူညီစမ်းပါဗျာ”ဟု မေတ္တာရပ်ခံခဲ့သည်။ နာရီပိုင်းအတွင်းမှာပင် နို့မှုန့်ဗူးများ၊ ဆန်များနှင့် ရိက္ခာခြောက်များက သွန်ပြီးဝင်လာခဲ့သည်။ သူလှမ်းပြီးအကူအညီတောင်ခဲ့သူတိုင်းက လိုလိုလားလားပင် ကူညီလာခဲ့ကြသည်။ ဆုလိုင်မာန်၏ မိသားစုကား အင်တိုက်အားတိုက် ကြိုးစားခဲ့ကြသည်။ တောင်အာဖရိက တလွှားရှိမြို့ကြီးပြကြီးတိုင်းသို့ ဆက်သွယ်ခဲ့ကြသည်။ လူချင်းမသိစေဦး ဖုန်းလမ်းညွှန်စာအုပ်ကတစ်ဆင့် ပန်ကြားခဲ့သည်။ ဘာသာရေးနှင့် လူမှုရေးအသင်းများသို့လည်း အကြံဉာဏ်တောင်းခံခဲ့သည်။ တစ်ပတ်အတွင်းမှာပင် အမျိုးသားစေတနာရှင်ကွန်ယက်ကြီးကို သူကတည်ဆောက်ယူနိုင်ခဲ့သည်။ ဒေါ်လာနှစ်သိန်းကျော်ရခဲ့သဖြင့် ပထမအသုတ်အနေဖြင့် နကာလာသို့ ထောက်ပံ့ရေးပစ္စည်းများကို သင်္ဘောဖြင့် တင်ပို့ပေးခဲ့သည်။ ဤပစ္စည်းများတွင် အဗူဂရန်အတွက် ဖက်(စ်)စက်တစ်ခုလည်း ပါဝင်လဲ့သည်။ ရက်သတ္တပတ်အနည်းငယ်အကြာတွင် သူ့ထံမှ ဖက်(စ်)က ဆုလိုင်မာန်ထံသို့ဝင်လာခဲ့သည်။ “လူတွေ တပျော်တပါးနဲ့ သင်္ဘောပေါ်က ပစ္စည်းတွေချနေကြတာကို မင်းမြင်ချင်စမ်းပါရဲ့။ အဆုံးမတော့ အခုမှ ငါ သူတို့တွေကို ထိထိရောက်ရောက် ကူညီနိုင်ပြီဟေ့၊ မင်းနဲ့တကွ အလှူရှင်အားလုံးကို ကျေးဇူးကမ္ဘာပါပဲကွာ”ဟု သူကစာရေးလိုက်သည်။ နကာလာကို ဆက်လက်အကူအညီပေးနိုင်ရေးအတွက် ဆုလိုင်မာန်က ဝကဖုလ် ဝါးကီဖီးန် ဖောင်ဒေးရှင်းခေါ် အလှူရှင်များ၏ လက်ဆောင် ပဒေသာပင်ကို သီးစေခဲ့သည်။ ဤအခါမှစပြီး လူသားချင်းစာနာမှုအပြည့်ဖြင့် သူ့ခမျာ ဒေါ်လာ ၄သန်းနီးပါးတန်ဖိုးရှိ အစားအစာနှင့် ဆေးဝါးအထောက်အပံ့အကူအညီများကို စစ်ဘေးသင့်ဒေသများနှင့် သဘာဝဘေးဒဏ်ဒေသများသို့ ထောက်ပံ့ပေးကမ်းနိုင်ခဲ့သည်။ လူတစ်ဖက်သားကို ကူညီမှုပရ လုပ်ငန်းဘက်တွင် နစ်နေသော ဆုလိုင်မာန်၏ ဘဝကမူ တတိတိ လုံးပါး,ပါးစပြုနေခဲ့ချေပြီ။ ဒေသနှစ်ခုတွင် ရုံးခွဲများဖွင့်ပြီး ဤဖောင်ဒေးရှင်ဒလုပ်ငန်းဇောက်ချဆောင်ရွက်နေရသဖြင့် သူ့ခမျာအားချိန်ပင် မရှိတော့ အိမ်မှာလဲဖောင်ဒေးရှင်းလုပ်ငန်းက ဝင်နေပြန်သဖြင့် မိသားစုဘဝသည်ပင် မလွတ်တော့ချေ။ ဇိုဟရာကလည်း ပါရမီဖြည့်ဘက်ဖြစ်ခဲ့သည်ပင်။ လင်သည်မောင်ကလည်း “အေး မင်းရဲ့ပံ့ပိုးမှုကြောင့်သာ ဒီလုပ်ငန်းကို ငါဖိဖိစီးစီး လုပ်နိုင်တာဟေ့”ဟု ပြောရုံနှင့် သူမက အင်္ကျီလက်ကိုပင့်ပြီးသားဖြစ်မေသည်။ ရန်ပုံငွေတိုးတက်ရရှိရေးအတွက် သူမဖက်ကလဲ ပါဝင်ကူညီခဲ့သည်။ ခင်ပွန်းသည်ဆုလိုင်မာန်က တိုင်စာနှင့်ဝေဖန်စာတွေကို ဖတ်ရ၊ ဘေးဒုက္ခဆိုက်ဒေသတွေကို ကွင်းဆင်းကြည့်ရနှင့် မအားလပ်ရှာတော့ တာဝန်အားလုံးက သူမပခုံးပေါ်ပုံပြီး ကျလာခဲ့သည်။ လင်သားက အကူအညီတောင်းလာသူတို့၏ ရင်ဖွင့်ချက်ကို ကိုယ်တိုင်နားဆင်နေရရှာပေသည် မဟုတ်လား။ ၁၉၉၁ ခုနှစ်တွင် ပင်လယ်ကွေ့ စစ်ပွဲဒဏ်သင့် အီရတ်နိုင်ငံသားများအတွက် ရန်ပုံငွေကို ရှာကြံနိုင်ခဲ့ပြီး ဘင်္ဂလားဒေရှ်နိုင်ငံမှ လေမုန်တိုင်းဒဏ်သင့် ဒုက္ခသည်များထံသို့လည်း ကွန်တိန်နာကြီးများစွာဖြင့် အစားအစာနှင့် အထောက်အပံ့ပစ္စည်းများကို ပေးပို့ပေးနိုင်ခဲ့သည်။ ကုန်ပစ္စည်းများကို မည်သို့တင်ပို့ရန်မှန်းမသိသဖြင့် တောင်အာဖရိကနိုင်ငံ၊ နိုင်ငံခြားရေးဌာနသို့ ဖုန်းဆက်မေးမြန်းခဲ့ရင်း အရှေ့ဖျားဒေသဆိုင်ရာ အရာရှိကြီး မဲလကွမ် ဖာဂူဆန်ထံသို့ မိမိအနေဖြင့် လေယာဉ်တစ်စီးအလိုရှိကြောင်းကို ပန်ကြားခဲ့သည်။ ရက်အနည်းငယ်ကြာမှာ ဖာဂူဆန်က အကြောင်းပြန်ခဲ့သည်။ “ဝမ်းနည်းပါတယ်။ လေယာဉ်တော့မရှိဘူး။ ရေတပ်က သင်္ဘောတစ်စီးတော့ရနိုင်ကောင်းရဲ့”ဟု ဖြစ်သည်။ ဆုလိုင်မာန်က ကမ်းလှမ်းချက်ကိုလက္ခံခဲ့ပြီး ကွန်တိန်နာကြီးများကို အက်စ် အေ အက်စ် ဒရာကင်စဘာဂ်သင်္ဘောဖြင့် ပင်လယ်ရပ်ခြားထိ တင်ပို့ကူညီပေးခဲ့သည်။ ဘင်္ဂလာဒေ့ရှ် အရာရှိများက သင်္ဘောကို ကမ်းကပ်ခွင့်မပေးခဲ့ချေ။ တောင်အာဖရိကနိုင်ငံသည် အသားအရောင်ခွဲခြားရေးဝါဒကို ကျင့်သုံးသည့်အတွက်ဆိုပြီး အကြောင်းပြချက်ပေးခဲ့ကြသည်။ အဆုံးတွင် ခွင့်ပြုပါမစ်မရမီ ရက်အတန်ကြာစေ့စပ်ဆွေးနွေးရေးကို ဆုလိုင်မာန်က ဆောင်ရွက်ခဲ့ရသည်။ ဝေဖန်ရေးသမားများထံ “ကျပ် အတွက်တော့ လူသားချင်းစာနာစိတ်နဲ့ ကူညီရေးက အဓိကပဲ ဆာတန်မာရ်နတ်ရဲ့ အကူအညီပဲယူရယူရ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေကို ကူညီနိုင်မယ် ဆိုရင်တော့ ယူရမှာပဲ”ဟု သူက ချေပပြောဆိုခဲ့သည်။ ဇိုဟရာခမျာလည်း မသက်သာလှပေ။ စိုးရွံ့မကင်းရှိနေကြသော လူမမာများ၏ တစာစာအော်သံကို အလေးထားရ။ တစ်ဖက်မှ ကလေးထိန်းကျောင်းတာဝန်ကိုလဲယူရ၊ မိမိ၏ ကလေး လေးယောက်ကိုလည်းပြုစုရ၊ အလှူရှင်များ၏လက်ဆောင်ဖောင်ဒေးရှင်းလုပ်ငန်းဆောင်ရွက်တာများကိုလည်း လည်ပတ်မပျက်အောင်ပြုရဆိုတော့ စိတ်ဖိစီးပြီး ရူးပင် ရူးချင်သေးရဲ့ဟု တွေးခဲ့မိတော့သည်။ ခင်ပွန်းသည်ကိုကြည့်ပြန်တော့လဲ ရုပ်မြင်သံကြားမြင်ကွင်းထက်ကိုကြည့်ရင်းက ဆောက်တည်ရာမရဖြစ်နေရှာပြန်သည်။ ယူဂိုဆလာဗီးယားတွင် လူမျိုးရေးအရ သွေးချောင်းစီးသတ်ဖြတ်မှုကြီးကြောင့် ၁၉၉၂ ခု၊ သြဂုတ်လတွင် ထိုဒေသသို့ သွားရောက်ခဲ့ပြီး မောစတာမှ လူများအား အဘယ်ပုံကူညီရမည်ကို စနည်းနာခဲ့ရှာသည်။ သူမြင်ရသမျှအပေါ် မယုံရဲရဲ ဖြစ်ခဲ့ရသည်။ အိမ်ကောင်းယာကောင်းဟူ၍ ဘာဆိုဘာမှ မတွေ့ရတော့။ ပြည်သူများမှာ အပျက်အစီးများကြားမှာပင် ဖြစ်သလိုနေနေကြရသည်။ တစ်နေ့လျှင် ငါးဦးကျ သေဆုံးနေသည်။ ဆေးကုသမှုဆိုသည်က ဝေလာဝေးဖြစ်နေသည်။ ဆေးရုံတစ်ရုံ အပူတပြင်းလိုနေသည်ကတော့ သေချာလှသည်။ တောင်အာဖရိကသို့ပြန်လာပြီး ရန်ပုံငွေကို တိုးမြှင့်ကောက်ခံခဲ့သည်။ တောင်အာဖရိက ကာကွယ်ရေး တပ်မတော်အတွက် ဆေးဘက်ဆိုင်ရာ ယူနစ်အတွက် ယာဉ်ယန္တယားများကို တာဝန်ယူဆောက်လုပ်ပေးနေသည့် ပရီတိုးရီးယားကုမ္ပဏီနှင့်လည်း ဆက်သွယ်ခဲ့သည်။ အင်ဂျင်နီယာများထံချဉ်းကပ်ပြီး “ကွန်တိန်နာများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ရွေ့လျားဆေးရုံယာဉ်ကြီးကို ကျုပ်တော့လိချင်ရဲ့ဗျာ”ဟု ပြောကြားတင်ပြခဲ့သည်။ “ဒီကွန်တိန်နာတွေထဲမှာပဲ ခွဲစိတ်ခန်း အထူးကုသဆောင်၊ အမှောင်ခန်းပါတဲ့ ဓာတ်ခွဲခန်း၊ သွားရောဂါကုသဆောင်၊ ဇီဝကမ္မဗေဒဆောင်နဲ့ ဓာတ်ကင်ခန်းတွေနဲ့ ပိုးသတ်ဆောင်တွေပါတဲ့ ဆေးရုံမျိုးလိုချင်တာပါ” အထွေထွေရောဂါကုရော အထူးကုရောပါ ယှဉ်တွဲလုပ်နိုင်စေရမယ်လေ။ အဲဒီဆေးရုံကားကလည်း မောစတာကို ရောက်ရောက်ချင်းမှာပဲ လုပ်ငန်းကိုစနိုင်ရပါမယ်”ဟု ဆိုခဲ့သည် ဤသည် သေးသေးမွှားမွှား အော်ဒါကားမဟုတ်ပြီ။ အင်ဂျင်နီယာများကလည်း ဤစိန်ခေါ်ချက်ကြီးကိုမမှုဘဲ မဖြစ်မနေ အကောင်အထည်ဖော်ခဲ့ကြသည်။ ဆုလိုင်မာန်က သူတို့တတွေနှင့် နာရီပေါင်းများစွာ အချိန်ပေးနေထိုင်ခဲ့ရသည်။ ကွန်ပြူတာဖြင့် အကောင်းဆုံးဆေးရုံယာဉ်ယန္တယားကြီး ပုံစံကို အမျိုးမျိုး ပုံဖော်ယူကြည့်ခဲ့ကြသည်။ ၁၉၉၃ ခု၊ ဂျွန်လတွင် အလှူရှင်များ၏လက်ဆောင်ဖောင်ဒေးရှင်းတွင် ရန်ပုံငွေက ဒေါ်လာ ၁.၃သန်းထိ ရှိလာခဲ့သဖြင့် ကမ္ဘာအကြီးဆုံးသော ဆေးရုံယာဉ်ယန္တယားကြီးကို ကွန်တိန်နာကြီးများဖြင့် စပ်ဟပ်ပြီးတည်ဆောက်ယူနိုင်ခဲ့သည်။ ဤအော်ပရေးရှင်းက ချောချောမွေ့မွေ့နှင့် ပြီးစီးခဲ့ပြီ။ ခရိုအေးရှားနိုင်ငံ ကလောက်(စ)မြို့ကိုရောက်ချိန်အထိဟု ဆိုရပါမည်။ ဤနေရာကျမှ ကွန်တိန်နာကြီးများမှာ လအတန်ကြာအထိ လိုရာသို့မရောက်ဘဲ ခရီးတန့်နေခဲ့ရသည်။ ဆုလိုင်မာန်ခမျာ ဥရောပနှင့် တောင်အာဖရိကအကြား လူးလားခေါက်ပြန်သွားနေခဲ့ရသည်။ ကုလသမဂ္ဂနှင့် ဥရောပအစိုးရများထံမှ ထောက်ခံမဲရရေးအတွက် ကြိုးပမ်းနေခဲ့ရသည်။ သုံးလကြာပြီးကျမှသာ ကွန်တိန်နာဆင်ဆေးရုံကားကြီးက ပလောက်(စ)မြို့မှ ထွက်ခွာခွင့်ကို ရခဲ့တော့သည်။ ဒါတောင်မှ မောစတာမရောက်မီ ခုနှစ်မိုင်ခန့်အကွာတွင် ဘော့စနီးယားနှင့် ခရိုအေးရှားစစ်သားများက လမ်းမှဟန့်တားလိုက်ပြီး နောက်ပြန်လှည့်ဟု ဂျီကျခံခဲ့ရသေးသည်။ ဆေးရုံယာဉ်တန်းကြီးကား အဆုံးမတော့ ဒါဗန်မြို့မှ ထွက်ခွာလာပြီး ခြောက်လအကြာ ၁၉၉၄ ခု၊ ဖေဖော်ဝါရီလတွင် မော်စတာမြို့သို့ ရောက်ရှိလာခဲ့တော့သည်။ ယင်းကိုမြေအောက်ကုန်လှောင်ရုံတစ်ခုတွင် ဆေးရုံအဖြစ်ရောက်မဆိုက်မှာပင် စတင်လှုပ်ရှားစေခဲ့သည်။ ဆုလိုင်မာန်ကား နောက်စတ်ကြိမ်ထပ်ပြီး အောင်ပွဲခံခဲ့ပြန်သည်။ သို့သော် သူ့ခမျာ သူ့ဆေးခန်းကိုတော့ သူမဖွင့်နိုင်တော့ချေ။ ဇိုဟရာခမျာမှာလည်း ဖောင်ဒေးရှင်းလုပ်ငန်းကြီး လည်ပတ်မပျက်ရေးအတွက် အလုပ်ကပါ ထွက်လိုက်ရတော့သည်။ မိသားစုခမျာ ဘာဝင်ငွေမှမရှိတော့သဖြင့် ဒုက္ခပွေခဲ့ကြရသည်။ သည်းမခံနိုင်တော့သည့်အဆုံး လင်မယားချင်းပါ ကတောက်ကဆဖြစ်ကြရတော့သည်။ ဆုလိုင်မာန်မှာ စိတ်ညစ်ရတော့သည်။ မိမိ၏ဇနီးမယား သားသမီးအရေးထက် သူတစ်ပါးအရေးကို ဦးစားပေးခဲ့မိသည့် သူ့ကိုယ်သူကိုပင် အပြစ်ဖို့မိခဲ့တော့သည်။ ကားကိုချရောင်းခဲ့ရပြီ။ အသက်အာမခံကိစ္စကိုပါ ဖြတ်တောက်ပစ်ခဲ့ရသည်။ အပိုမဖြုန်း ချွေတာသုံးဖို့ ကြံစီခဲ့ရသည်။ အလုပ်တစ်ခုကိုပါ စတင်ရှာစပြုခဲ့ရသည်။ ဖောင်ဒေးရှင်းမှာပင် ထောက်ပံ့ကြေး ယူပြီးလုပ်ခြင်းက ပိုပြီးအဆင်ပြေစရာတော့ရှိနေသည်။ ၁၉၉၄ ခုနှစ်၊ ဂျွန်လတွင် လုပ်ငန်းရှင်တစ်စုက သူ့ထံချဉ်းကပ်လာခဲ့ကြပြီး၊ ဖောင်ဒေးရှင်းကို အချိန်ပြည့် လုပ်ကိုင်ပေးမည်ဆိုပါက ထောက်ပံ့လစာပေးပါမည် တင်ပြလာခဲ့ကြသည်။ အစဉ်တဆက် ဖောင်ဒေးရှင်းသို့ ရက်ရက်ရောရော လှူဒါန်းမပျက်စေရပါဘူးဟု ကတိပေးလျှင် မိမိဘက်ကလည်း ငြင်းစရာမရှိပါဟု သူက တောင်းဆိုခဲ့သည်။ ပီတာမရီဇ်ဘာဂ်မြို့တွင် အိမ်တစ်လုံးဝယ်ပြီး ဖောင်ဒေးရှင်းရုံးခန်းဖွင့်ခဲ့ရာ ဆုလိုင်မာန်က အတွင်းရေးမှူးတာဝန်ကို ယူခဲ့သည်။ အဆုံး၌ သူ၏မိသားစုမှာလည်း သူတိုပအိမ်နှင့်သူတို့မို့ အဆင်ပြေခဲ့ရသည်။ ဇနီးမောင်နှံနှစ်ဦးအကြား သံယောဇဉ်နှောင်ကြိုးကလည်း ပိုပြီးခိုင်မြဲသွာခဲ့ရပါတော့သည်။ နောက်လတွင် ဆုလိုင်မာန်က ဘော့စနီးယားမြို့သို့ ဆေးရုံကို တရားဝင်ဖွင့်လှစ်ရန်ကိစ္စနှင့် ပြန်လာခဲ့ရသည်။ လူနာများ တရုန်းရုန်းနှင့်ဖြစ်နေပြီပဲကိုး။ အုပ်ထိန်းသူတစ်ဦးက သူ့ထံသို့ အူလျားဖားလျား ပြေးလာခဲ့ပြီ။ “ကျုပ်ရဲ့သားက ဒီဆေးရုံမှာ ပထမဆုံးမွေးခဲ့တဲ့ကလေးပဲ”ဟု ဆုလိုင်မာန်ကို ပြောလာသည်။ ဆက်ပြီး “သူ့နာမည်ကို ကျုပ်က အင်မတီအာဇ်လို့ပေးထားတယ်။ မောစတာက လူတွေကို အကျိုးပြုခဲ့တဲ့ လူကြီးမင်းအပေါ် ဒါဟာ အကောင်းဆုံးဂုဏ်ပြုချက်လို့ ကျုပ်ထင်တယ်”ဟု ဆုလာပေရာ ဒေါက်တာလေးခမျာရင်ဝယ်ပီတိဖြာခဲ့ရသည်။ နောက်လအနည်းငယ်အကြာမှာတော့ ဆုလိုင်မာန်က ဖောင်ဒေးရှင်း၏ ဦးစားပေးလုပ်ငန်းက ဘာဖြစ်ရမှာကို စတင် စဉ်းစားခဲ့မိသည်။ “အင်း… ကမ္ဘာတစ်လွှား ရပ်ဝေးခြေခြားက လူတွေရဲ့ အရေးကို အထူးအရေးပေးပြီးလုပ်တာတော့ လုပ်ခဲ့ပြီးပြီ။ ငါ့ရဲ့ နေရင်းဒေသကလူတွေ ရင်ဆိုင်ခံစားနေကြရတဲ့ ဒုက္ခဘေးကိုတော့ ငါဘယ်လိုပုံကုစားပေးရမှာလဲ”ဟု ဖြစ်သည်။ နှစ်မကုန်ခင်လေးမှာပင် ဤကိစ္စအတွက် အခွင့်အလန်းက ပေါ်လာခဲ့သည်။ ခရစ်စမတ်ကာတွင် တောင်အာဖရိက ကွာဇူလူးနေတယ်နယ်ရှိ အင်ပင်ဒယ်မြို့တွင် ဟာရီကိန်းမုန်တိုင်းဒဏ်ခံခဲ့ရသည်။ ဆုလိုင်မာန်က မိသားစုများနှင့် မိတ်သင်္ဂဟများထံ အကူအညီတောင်းခံခဲ့သည်။ မှော်ပဉ္စလက်ပြသည့်အလား အစားအစာအဝတ်အထည်နှင့် စောင်များကို နာရီအနည်းငယ်မှာပင် ဒေါ်လာ ၂၂.၀၀၀ ဖိုး ဝယ်ယူနိုင်ခဲ့သည်။ ခရစ်စမတ်နေ့ အရုဏ်မတက်မီမှာပင် ငှားထားသည့်ကားများဖြင့် စုဆောင်းရယူခဲ့သည်။ “အေး… အဲဒါကမှ တကယ် ခရစ်စမတ်လက်ဆောင်အစစ်တွေကွ ”ဟု ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးက ဆုလိုင်းမာန်ကို ပြောခဲ့သည်။ “ခရစ်ယာန်တွေကို သူတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးမှာ မုစ်လင်မ်တွေဘက်က ကူညီရိုင်းပင်းမှုပဲ”ဟု ချီးကျူးစကားဆိုခဲ့သည်။ ဆုလိုင်မာန်ကား ဤဒုက္ခထက်မက ခံစားနေကြရသောသူ၏ တောင်အာဖရိကနိုင်ငံသားများအတွက် လုံးဝ ရတက်မအေးရှာခဲ့ချေ။ ကျန်းမာရေးဌာနနှင့်ပူးပေါင်းပြီး ကျေးလက်ဒေသများတွင် ဆေးဝါးမပြတ်တောက်ရေး အကူအညီဆိုင်ရာ စီမံကိန်းတစ်ရပ်ကို ချမှတ်ခဲ့သည်။ ၁၉၉၅ ခု၊ မေလပိုင်းတွင် ပီတာမရီဇ်ဘာဂ်မြို့ပြင်ရှိ ကွာပါတာခေါ် ဆင်ခြေဖုံးဒေသသို့ အစိမ်းရောင် ကွန်တိန်နာကြီးအပြည့် ပစ္စည်းများတင်ပြီး ကြီးကြပ်လိုက်ပါသွာခဲ့သည်။ ကွန်တိန်နာအတွင်းမှာက ဆေးခန်းကောင်းတစ်ခုစာ ကိရိယာတန်ဆာပလာနှင့် ဆေးဝါးအပြည့်ပါလာခဲ့သည်။ နာရီအနည်းငယ်အတွင်းမှာပင် လုပ်ငန်းစနိုင်ခဲ့သည်။ ဒေသတွင် ဆေးရုံများနှင့် မမျှဖြစ်နေသည့် အာဖရိက ကျေးလက်ပြည်သူများအတွက် ဤသည် ပထမဆုံး နယ်လှည့်ဆေးခန်းဟု ဆိုရပါမည်။ အလှူရှင်များ လက်ဆောင်ဖောင်ဒေးရှင်းကြီးက တန်ဖိုးအားဖြင့် ဒေါ်လာ ၁၁.၀၀၀ ခန့်တန် ဆေးခန်းများစွာကို စီစဉ်ပေးနိုင်ခဲ့သည်။ ထိုစဉ်ကစပြီး ဆေးခန်းလေးခန်း ဖွင့်ပေးခဲ့ပြီး ဤလထဲတွင် နောက်ထပ်နှစ်ခု ထပ်ဖွင့်ဦးမှာဖြစ်သည်။ ဤနှစ်အတွင်း ဆေးခန်းများစွာကို ဆိုးချဲ့ဖွင့်လှစ်သွားရန် လျာထားခဲ့သည်။ တစ်ခုချင်းကို ဆရာဝန်မှအစ ဆေးဝါးအထိ ဖောင်ဒေးရှင်းက တာဝန်ယူပေးခဲ့သည်။ “ရေရှည်မှာတော့ လူမှုရေးစင်တာများထိ တိုးချဲ့သွာနိုင်ဖို့နဲ့ အိမ်ယာ အခြေစိုက်လုပ်ငန်းများထိ လုပ်သွားလိုပါတယ်”ဟု ဆုလိုင်မာန်က ဆိုခဲ့သည်။ သူ့ခမျာ မမောစတမ်းပင်။ မကြာမီမှာပင် မရိဇ်ဘာဂ်မြို့တွင် လိုအပ်နေသူများကိုရည်ရွယ်ပြီး ကဲယားလိုင်း တယ်လီဖုန်းလိုင်းကို စီစဉ်ပေးခဲ့သည်။ မူးယစ်ဆေးဝါးကဲ့သို့သော လူမှုရေးပြဿနာများဖြေရှင်းချက်အဖြစ် တိုင်းရင်းသားပိုင် ရေဒီယိုအစီအစဉ်မှနေပြီး ပညာပေးတင်ပြခဲ့သည်။ ရုရှားရှိ ချီချင်ပဋိပက္ခသားကောင်းများအတွက်ပါ သူ၏ဖောင်ဒေးရှင်းက ရန်ပုံငွေ ဒေါ်လာ ၁၀၀,၀၀၀ မက ရခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် တောင်အာဖရိက အစိုးရက ချီးမြှင့်ခဲ့သည့် နိုင်ငံသားများအတွက် အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုကို ဆုလိုင်မာန်က ရရှိခဲ့ပေရာ အံ့သြစရာမဟုတ်ဟု ဆိုရမည်သာ။ ၁၉၉၅ ခုနှစ်တွင်လည်း ဤနှစ်အတွက် တောင်အာဖရိက ဂုဏ်ဆောင်လူငယ်လေးဦးထဲတွင် တစ်ဦးအဖြစ် သူ့အမည်ပါလာခဲ့ပြန်သည်။ အလှူရှင်များ၏လက်ဆောင် ဖောင်ဒေးရှင်းမှ ဦးဆောင်သူတစ်ဦးဖြစ်သည့် မုဟမ္မဒ် အာဆ်မောလ်က ဆုလိုင်မာန်၏ တသီးတသန့်အရည်အသွေးဝိသေသထူးများကို ဤသို့ စုစည်းတင်ပြသွာခဲ့သည်။ “ဘယ်လို အခက်အခဲတွေပဲရှိရှိ သူကအရာရာကို အစအဆုံးမြင်တတ်ရှုတတ်သူပဲ။ ဒီထက်မက ဆိုရမှာကတော့ လူ့အဖွဲ့အစည်းအတွင်းက များပြားလှတဲ့ မညီမျှမှုတွေကို သူ့ရဲ့အကြင်နာတရားရဲ့ နှိုးဆော်ချက်နှင့် မဖြစ်မနေ တည့်မတ်အောင်ပြုပေးသွားတဲ့ အရည်အသွေးပါပဲ”တဲ့ ဆုလိုင်မာန်ကတော့ ယခုဘဝနှင့်ပင် ပျော်ပိုက်နေချေပြီ “ရန်ပုံငွေဘယ်လောက်ပဲရရ ကျုပ်တော့ ကျေနပ်တယ်လို့ မရှိပါဘူးဗျာ ဒုက္ခသည်တစ်ဦးဦးရဲ့ မျက်လုံးထဲကိုကြည့်လိုက်လို့ သူ့ရဲ့မျက်လုံးထဲမှာ ဒုက္ခပြေလျောပြီဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည်သန်းနေတာကို မြင်ရရင်ပဲ ကျေနပ်နေရတာမျိုးပါ။ ကျုပ်ဟာ တကဲ့ကြွယ်ဝချမ်းသာမှုကို ရထားတဲ့သူပါ”ဟု ဆိုခဲ့သူသည်ကား ဆုလိုင်မာန်ပင်။ သူကား “ဘယ်အခါမှာမှ ပေးဆပ်မပျက်ခဲ့သူ”ဟု ဆိုရမည်သာ။ (ရည်ညွှန်း= ၁၉၉၇ ခုနှစ် ဇန္နဝါရီလထုတ် READER DIGEST မဂ္ဂဇင်းပါ KAREN MACGREGOR ရေးသားသည့် the Doctor Who Never Stop Giving ကို ပြန်ဆိုချက်) ဖြစ်ရပ်မှန်။ (ပရဝင်း)

No comments:

Post a Comment