Friday, 4 May 2012
စံနမူရယ် ယူတတ်ပါလေမှ
စံနမူရယ် ယူတတ်ပါလေမှ
ရန်သူတို့ဘက်က မက်လုံးပေးပြီးအရေးဆိုလာသည်။ “အို… အဘူသွာလိဗ် အသင်၏ တူတော်မောင်အနေနှင့် အဖိုးအနဂ္ဃများပြားလှသော ရွှေငွေကျောက်သံပတ္တမြားများကို အလိုရှိသည်ဆိုအံ့၊ ကျွှန်ုပ်တို့ပေးရန်အသင့်ပါ၊ သို့တည်း မဟုတ် အာရေဗျ တစ်ဝန်းမှ အချောအလှဧကရီ လှပျိုဖြူများကို လက်ဆက်လိုသည်ဆိုအံ့။ ကျွှန်ုပ်တို့ဘက်က လိုက်လျောရန် အသင့်ရှိသည်သာ။ သို့တည်းမဟုတ် အာရေဗျပြည်ကြီး၏ ထီးဆောင်းမင်း ဧကရာဇ်အဖြစ် စိုးစံလိုပါသည်ဆိုအံ့။ ကျွှန်ုပ်တို့ဘက်က ဖြည့်ဆည်းရန် အသင့်ရှိပါ။ အသင့် တူတော်မောင်ဘက်ကသာ အစ္စလာမ်ဖြန့်ချီမှု လုပ်ငန်းကြီးကို ရပ်တန်းက ရပ်စေလိုကြောင်း တင်ပြပေးလှည့်ပါ”
ဘကြီးတော်အဘူသွာလိဗ်ခမျာတုန်လှုပ်ခြင်းကြီးစွာ ဖြစ်မိသည်။ အားလည်းလျော့သွားရှာသည်။ တူတော်မောင်၏ အဖြေကို စိုးရိမ်စွာနှင့် ငံ့လင့်နေမိသည်။
“ဘကြီးတော် အလ္လာဟ် အရှင်မြတ်အား တိုင်တည်၍ ပြောပါရစေ ကုရိုက်ရှ်မျိုးနွယ်၏ ဤအကြီးအကဲများသည် ကျွှန်တော်၏ လက်တစ်တွင် နေကိုလည်းကောင်း၊ အခြားတစ်ဘက်တွင် လကိုလည်းကောင်း ပေအပ်နိုင်ကြသည်ပင် ရှိစေကာမူ ကျွန်တော်သည် မိမိ၏တာဝန်ကိုမူ စွန့်လွှတ်မည် မဟုတ်ပါ”
တမန်တော်မြတ်၏ ထိရောက်ပြတ်သားစွာဆိုလာသည့် အဖြေစကားက…
(၁)
နေကပူပြင်းလှသည်။ ရန်ကုန်တွင် အပူချိန်က ၁၀၂၀။ပြည်တွင် ၁၀၄၀။အပူဒဏ်က မသက်သာလှ။ ဓနိမိုးအိမ်အတွင်းမှာပင် မနေနိုင်လောက်အောင် ပူလှသည်။ ကျွန်တော်ကရေးလက်စ စာမူကို စီစစ်နေခိုက်ဝယ် စလာမ်သံနှင့်အတူ ဆရာမကြီး ဒေါ်ခင်စန်းလွင်က ဆိုင်းမဆင့် ဗုံမဆင့် ပေါက်ချလာသည်။ ရောက်လာသည်နှင့် အချိန်ဆွဲမနေ။ လာရင်းကိစ္စကို တန်းပြောချလာသည်။
“ဆရာ ကျွန်မနွေရာသီ အစ္စလာမ် ရက်တိုသင်တန်း ဖွင့်ထားတယ်၊ဆရာက အစ္စလာမ်နှင့် သိပ္ပံဘာသာရပ်ကို ပို့ချပေးဖို့ လာပင့်တာ”
“ဘယ်တော့ပို့ချရမှာလဲ”
“ဘယ်တော့တွေ ဘာတွေလုပ်မနေနဲ့၊ ဒီကနေ့(၂)နာရီ သင်တန်းစမှာ”
“ဗျာ”
အာမေဍိက်သံကျွန်တော့်နှုတ်က ထွက်သွားသည်။ ယခုပဲ နံနက်(၁၀)နာရီကျော်နေပြီကိုး။ သို့နှင့်ကျွန်တော်က၊
“ဆရာမ ကျွန်တော်နောက်နေ့ သင်ပေးမယ်လေ”ဟု ဆင်ခြေတက်ခဲ့ရာ ဆရာမကြီးက
“အို…နောက်နေ့တွေဘာတွေ လုပ်မနေနဲ့၊ ကျွန်မက ခင်ဗျားသင်မယ့် အကြောင်း ကြေငြာထားပြီးပြီ”
ဒီတော့ ကျွန်တော်လည်း ရှေ့ဆက်ဘာမှမပြောသာ “အင်း….”ဟုလက်ခံလိုက်ရသည်သာ “ဓမ္မတေးလည်းသင်းပေးဦး”ဟူသော နောက်ဆက်တွဲ တာဝန်ကိုပါ ခေါင်းညိတ်လိုက်ရသည်။ သင်တန်းက အားရစရာပင်။ သင်တန်းတက်သူ ဦးရေခြောက်ဆယ်တွင် သင်တန်းသူကချည်း ငါးဆယ် ရှိနေသည်၊ သြော်ကမ္ဘာမှာလည်း အမျိုးသမီးဦးရေကများလှသည်မဟုတ်ပါလော။ သူတို့လေးတွေ၏ တက်ကြွပုံကိုကြည့်ပြီး ကျွန်တော်သည်ပင် အားတက်မိသည်။ အားတက်မိသလို အတွေးတစ်ခုလည်းပေါက်မိခဲ့သည်။ ယနေ့ တစ်ကမ္ဘာလုံးက ဟေလီကြယ်တံခွန် ဟေလီကြယ်တစ်ခွန်နှင့် ဖြစ်နေကြသည်။ ဤကြယ်ကြီးကို မြင်နိုင်မည့်ရက်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။ သူကနှစ်(၈၀)မှ တစ်ခါ တစ်ခါပေါ်လာတတ်သည့် ဧည့်သည်ကြီးရယ်ကိုး။ တို့မုစ်လင်မ်ဘဝကလည်း ဟေလီကြယ်တံခွန် အလား ရယ်သို့။ကောင်းသော လုပ်ငန်းစဉ်ကလေးများ ချမှတ်ခြင်းတော့ရှိကြပါရဲ့ သို့သော် တစ်ကြိမ်မျှ အကောင်အထည် ဖော်ပြီးသည်နှင့် ဤလုပ်ငန်းက စုန်းစုန်းမြုပ် ပျောက်သွားတတ်သည်။ နောက်တစ်ကြိမ် ထပ်ဖြစ်ဖို့ဆိုသည်က…
ဟေလီကြယ်တံခွန်ရယ်သို့၊အလှမ်းဝေးလွန်းနေသည်။
(2) *
အစ္စလာမ်နှင့် သိပ္ပံသင်ခန်းစာ ကိုတော့ ပို့ချပေးပြီးခဲ့ပြီ။ ယခုတစ်လော စာစောင်တစ်ခုကိစ္စ တာဝန်ပိနေ၍၊ ဓမ္မတေး သင်ပေးဖို့က အချိန်မရသေးပေ။ တစ်ခုခုတော့ တစ်ခုခုအကြောင်းရှိ မည်သာ။ ဤဟာကွက်တစ်ခုက ဘာကြောင့်မှန်းမသိ။ အရိုးစွဲရောဂါရယ် သို့ဖြစ်နေသည်။ စာစောင် ကော်မတီများက စာစောင်ထုတ်ဖို့ စာမူတော့ တောင်းကြသည်။ ပြင်းထန်လေးနက်သော စည်းကမ်းချက်တစ်ရပ်အဖြစ်“မည်သည့်စာမူကိုမျှ စာမူခ အလျဉ်းချီးမြှင့်မည် မဟုတ်” ဟူသော သည်းကမ်းချက်ကို အသားပေးထည့်ရိုက် ထားတတ်ကြသည်။ စဉ်းစားရတော့ ကျပ်သည်သာ။ စာတစ်အုပ်ထုတ်လျင် စာမူလက်နှိပ်စက်ရိုက်ခ။ စာအုပ်ချုပ်ခ၊ စာမူဖတ်ခ၊ရိုက်ခ၊စီခ၊ ဒီဇိုင်းဆွဲခနှင့် ကာလာခွဲခ စသည့်ဖြင့် ဘယ်ကိစ္စမှ အခ မလွတ်ချေ။ အတွင်းစက္ကူ၊ မျက်နှာဖုံး စက္ကူလည်း ပိုက်ဆံပေးဝယ်ရသည်သာ၊ ဆင်ကောင်ကြီးဝယ်ပြီး ချွန်းဖိုးကျမှနှမြောသလို၊ စာမူခကျမှ တွက်ကပ်နေကြ သည်။ စာမူရှင်ခမျာမတော့ မိမိရေးမည့် စာမူပါရှိရာ စာအုပ် စာပေတို့ကိုငွေနှင့် စက်ဝယ် ရရှာသည်ကိုမှ မတွေးကြံလေသလား။
သြော်… တမလွန်ကျမှ အလ္လာဟ်အရှင်ထံပါးတွင် စာမူခကို စုပြုံထုတ်ယူရမှာလေသလား။ ဒီလိုတော့လည်း
စာစောင်ကိစ္စအားချိန်ရတော့မှသင်တန်းဘက် ဖြစ်ခြေဦးလှည့်ခဲ့သည်။ သူတို့လေးတွေက တမျှော်မျှော်နှင့်ရှိနေကြသည်။ ယနေ့ခေတ်တွင် စတီရီယိုတေးများ ခေတ်စားလှသည်။ ဓမ္မတေးများဖြင့် အစ္စလာမ်အသိကိုဆင့်ပွားပို့ချမှုကလည်း အခြေအနေ အချိန်အခါ အလျောက်လိုအပ်လှသည်သာ တရား၏ အသံကလေယံကြောဝယ် ပဲ့တင်ထပ်နေရမည်ကိုး။
ဤသည်၏ စိတ်ပိုင်းဆိုင်ရာ အကျိုးတရား တန်ပြန် သက်ရောက်မှုကလည်း မသေးလှပေ။ သို့အတွက် ဤဏ္ဍကိုလည်းလက်လွှတ်၍မဖြစ်။ ဓမ္မတေး သင်ပေးစက သူကလေးကို ကျွန်တော်မတွေ့ခဲ့။ သင်တန်းပေးစဉ် ကတည်းက သင်တန်းသူ သင်တန်းသား အစုအဝေးထဲတွင် သူကလေးကို မတွေ့မိခဲ့။ ယခုအုပ်စု(၃)နှင့်(၄)ကို ဓမ္မတေး သင်ပေးဖို့ တာဝန်ကျလာရာ အုပ်စု(၃) ကိုသင်ပေးခဲ့ပြီးပြီ။ သူကလေးက အုပ်စု(၄)တွင် ပါသည်။ ဓမ္မတေး သ်ပေးနေစဉ် သူကလေးက ကျွန်တော့်နောက်ဝယ်ရှိနေသည်မို့ ကျွန်တော်က မမြင်မိခဲ့ခြင်း ဖြစ်သည်။ ခပ်ရွတ်ရွတ် သင်တန်းသားတစ်ဦး၏ နှုတ်မှ “သီရိဒုံ” ဟု ခေါ်သံကြားရပြီး မရှေးမနှောင်းမှာပင် သူကလေး၏ “ဘာသီရိဒုံလဲ…ဟင်း” ဟု သော ချစ်စဖွယ်ချိုလွင်သော အသံက်ုကြားလိုက်မိသည်။ “အို…အတော်လဲ လှပါကလား” ယခုမှ သူကလေးကို ကျွန်တော် မြင်မိသည်။ လှပသော ရုပ်သွင်ကလေးများကို မကြာမကြာ မြင်တွေ့ဖူးပါသည်။ ဖိုတီကိတ်၏ချစ်စဖွယ် မျက်နှာထားရှင်လေးလိုလှရက်လေသူလေး ဟုလည်း မနှိုင်းရက်ပါ။ သူကလေးအလှက ဤထက်ပိုတာ အမှန်ပါ။ ရင်ထဲအေးမြသွားရသည်။ ဘဝင်ခိုက်သွားရသည် အသည်းနှလုံးကိုဆွဲထုတ် ယူခြင်းခံရသည် သို့ခံစားမိသည်။ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်၏ ဖမ်းစားမှုကြောင့်မဟုတ်၍ အေးမြပါလှသည်။ ပကတိရိုးသား စင်ကြယ်သော မျက်နှာကလေးကိုက…
“အင်း…ထိုင်းဘုရင့်သမီး သီရိဒုံနဲ့ မျက်နှာချင်းကလဲ ဆင်လွန်းတာကိုး”
သူကလေးက သူမကူးထားသော ဓမ္မတေးစာ အုပ်ကို ကျွန်တော်ရှေ့ချပေးလာသည်။ ကျွန်တော် ဓမ္မတေးတိုင်းပေးစဉ်၊ သူမရေးထားချက်၌ စာကျကျန်နေသဖြင့် ဖြည့်စွက်ရေးပေးရန် ဘောလ်ပင်ကိုတောင်းယူလိုက်သည်။ သူကလေးက ဘောလ်ပင်လှမ်းအပေး၊ ကျွန်တော့် လက်နှင့် သူကလေး၏နူးညံ့လှသော လက်ချင်းထိ သွားသည်။ ရင်ထဲဖိုသွားရသည်။ ဓမ္မတေး သင်ပေးအပြီးတွင် သူကလေးက ကျွန်တော့်ကို ချိုလွင်သော အသံသာကလေးနှင့်…
“ဆရာ…ကျွန်မတို့အိမ် လာလည်ပါ၊ ကျွန်မ အမှတ်(…)(…)လမ်းမှာနေပါတယ်၊ လာလည်နော်ဆရာ၊ ဆရာကလေ သိပ်ပြီး အသံကောင်းတာပဲ” ဟုဆိုလာသည်။ သူကလေး၏ အပြောနှင့် သူကလေး၏ အကြည့်တွင် ကျွန်တော့် အပေါ်အားကျ အထင်ကြီးစိတ်က အထင်းသား ပေါ်လွင်နေသည်။ အထင်ကြီး စိတ်အားကျစိတ်က အကောင်းကိုလည်း ဖြစ်စေနိုင်သည်။ အဆိုးကိုလည်းဖြစ်စေနိုင်သည်။ ကျော်ကြားမှု အထင်ကြီးမှုကို ပိုက်ကွန်အဖြစ် ဖြန့်ကျက်ချလိုက်ပါမူ…
အပြစ်မဲ့ရွှေသမင်ကလေးများမှာ…
• *
“စာစောင်” ကိစ္စနှင့် ကဝိရတနာ ပုံနှိပ်တိုက်မှ အပြန်တွင် ဆစ်ဒီက်လည်း အတူပါလာသည်။ သူနှင့် စကားတပြောပြောလျောက်လာရင်း မဂိုလမ်းထိပ်ရောက်တော့ မီပွိုင့်ကမနီနေသည်မို့ လမ်းကူးရန် နှစ်ယောက်သား ရပ်စောင့်နေကြသည်။ ထိုစဉ် “ဆရာ ဆရာ” ဟု နောက်မှလှမ်းခေါ်သံကိုကြားလိုက်ရသည်။
အသံရှင်ကလေးက …
သိပြီးတွေ့ချင်မြင်ချင်လှတဲ့“သီရိဒုံ”ကလေးပေါ့။
“သြော်…သီရိဒုံပါလား၊ ဘယ်ကလာတာလဲ” ဟု ကျွန်တော်က မေးလေတော့ ချစ်စဖွယ် အပြုံးရိပ်ကလေးနှင့် သူက…“အို…ဆရာကလဲ ကျွန်မနာမည်ကနှင်းဖြူဖြူနွယ်ပါ၊ “နှင်း” လို့ခေါ်လဲ ရပါတယ်၊ဆရာကလဲ အိမ်လာလည်ပါဆိုတာလဲ လာမလည်ဘူး“နှင်း” ကတော့မျှော်လို့”
ဆစ်ဒိက်က ကြားမှဝင်ပြီး…
“ယူတို့ဆရာက ရမ်ဇန်လမှာ သူများအိမ် အလည်မသွားဘူး။ ကျွေးသမျှ တိုက်သမျှတွေကို မစားရမှာစိုးလို့လေ ရိုဇာနဲ့မဟုတ်လား”
ဒီတော့ “နှင်း” က ချစ်စဖွယ် ရယ်သွမ်း သွေးသွားသည်။ “ဆရာလာလည်နော်” ဟု ခေါ်ရင်းက “စလာမ်”ဆို နှတ်ဆက်ကာ လမ်ခွဲသွားသည်။ ကျွန်တော်က သူသွားရာကို ကြည့်နေမိသည်။ စိတ်ထဲတွင်တော့ ဆစ်ခါတည်း ထသာလိုက်သွားချင်တော့သည်။ ထိုနေ့မှစ၍၊ မဂိုလမ်းထိပ် မီပွိုင့်ရောက်တိုင်း၊ သူကလေးနှင့် တွေ့ရနိုးဟူ၍ ရှာကြည့်မိတတ်သည်က ကျွန်တော်။
• *
ယနေ့သင်တန်းဆင်းပွဲရှိသည်။
သင်တန်းသူ သင်တန်းသားတိုင်းက အသစ်လွင်ဆုံး အဆင်အသွေးစုံ အဝတ် အစားများနှင့် အလှပဆုံး ပြင်ဆင်ပြီးလာခဲ့ကြသည်မို့ သူတို့ကိုကြည့်ရသည်က ရောင်စုံပန်းချီကား တစ်ချပ်ကို ကြည့်ရသည်ရယ်သို့…
သူတို့လေးတွေထဲမှာ အလှဆုံးကတော့“သီရိဒုံ” ပင်ဖြစ်သည်။ ကျွန်တော်က သူ့ကိုသာ ကြည့်နေမိသည်။ သူကလည်းကျွန်တော့်ကို မကြာမကြာလှမ်းကြည့်နေသည်။
သင်တန်းဆင်းပွဲ မစမီ၊ သူတို့တွေဤအခန်းအနားတွင် သီဆိုမည့် ဓမ္မတေးကို ကျွန်တော်က ပြန်တိုက်ပေးရသေးသည်။
“သာလောင်နှင့် ပြာလောင်” ဟု ကျွန်တော်က နာမည်ပေးထားသော ငရွတ်နှစ်ကောင်က “ဒိုးရတော့မယ် အချစ်ရယ် နှုတ်ဆက်ခဲ့ပါတယ်” ဟူသော တေးသွား ဆိုညည်းနေကြသည်။ ဤတေးသံကို ကြားဖူးသည့် ကျွန်တော့် ရင်တွင်းမှာလည်း …
ကျွန်တော့် အပါးတွင်“သီရိ” တစ်ဦးတည်း ရှိနေခိုက်ဝယ် “သီရိက သိပ်လှတာပဲ” ဟု ပြောလိုက်ရာ လှယမင်းလေးက ပြုံးရိပ်လေးဆင်ကာ ခေါင်းလေးကိုငုံ့ချလိုက်သည်။ ဆံကေသာလေးများ လှုပ်ယိမ်းသွားပုံက “အို…အသည်းခိုက်ရပါလား” သင်တန်းဆင်းပွဲ အခမ်းအနားကစပြီ။ သဘာပတိကြီးက မိန့်ခွန်းမြွက်ကြားနေသည်၊ ကျွန်တော်မျက်လုံးက“သီရိထံပါးမှာ…
သီရိကလည်း၊ ကျွန်တော့်ကိုသာ မကြာမကြာ ကြည့်နေရှာသည်။ ခွဲရတော့မှာမို့လား…
ကျွန်တော့်စိတ်အလျဉ်က လှုပ်ရှားနေသည်။
သင်တန်းဆင်းပွဲ ပြီးတော့ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြသည်။ အားလုံးပေါင်း ရိုက်ရတွင် သူက ကျွန်တော့်ဘေးမှာ…
ကျွန်တော့် အပေါ်အားကျ ခုံမင်မှုအပြည့် ပြနေသည်က သူကလေး။“အလှ”တွင် “အလှ” ဆင့်နေသည့်သူကလေး။ “အို…သီရိရယ် ဆရာလေ မင်းကို စိတ်ဝင်စားမိပြီ” လို့ဆိုလိုက်ချင်ပေမယ့် လည်း၊ ကျော်ကြားမှုပိုက်ကွန်ကို ဖြန့်ချလိုက်ခဲ့လျှင်လည်း…။
လူ့သဘာဝမို့ အာသီသပင်ရှိလင့်ကစား…။ ယောက်ယက်ခပ်နေသော စိတ်ဆင်ရိုင်း အကြားဝယ် -မောင်လာနာရူမီ၏ မတ်ဆနဝီကျမ်းမှ၊ သူတော်စင်နှင့် ကြောင်သူတော်နီတိ ပုံပြင်လေးကို ပြေးပြီး သတိရမိသည်။
“တစ်ဦးစီရဲ့ မျက်နှာကို မော်ကြည့်လှည့်စမ်း၊ ကောင်းကောင်းကြီးသိလာလိမ့်မယ်”
ဒီတော့မှ သစ္စာတရားရဲ့ မျက်နှာကို မြင်တတ်မယ်၊ လူတွေရဲ့ မျက်နှာမှာ မကောင်းဆိုးဝါးတွေများလွန်းတာမို့ လူတိုင်းနဲ့ တွဲတာဟာ အမှားပဲ။ ငှက်ခတ်မုဆိုးဟာ သူ့ရဲ့လေချွန်သံနှင့်မြူဆွယ်ပြီး အသံပေးတာနဲ့ ငှက်တွေဟာ ကျော့ကွင်းမှာ ထိုးဆင်းကြတယ်။ ငှက်အော်သံထင်ပြီး ဆင်းလာတဲ့ ငှက်တိုင်းဟာ ပိုက်ကွန်ရယ် ဓားရယ်နဲ့ ဖူးစာဆုံသွားရတယ်။ ဒီလိုပဲ ကြောင်သူတော်တွေဟာ သူတော်ကောင်းတွေရဲ့ နီတိစကားတွေကို ခိုးဝှက်ထားကြပြီး၊ လူရိုး လူအတွေကို သူတို့ရဲ့ ကရိယာယ် မာယာနဲ့လှည့်စားကြတယ်။
မှန်ကန်သူတို့ရဲ့ လုပ်ရပ်က “အလင်းရောင်” မိစ္ဆာဝါဒီတွေရဲ့ လုပ်ရပ်ကတော့“အရှက်ကင်းမဲ့မှု” ပဲ
သင်းတို့က လူရိုး လူအတွေကို လှည့်စားဖို့ ခြင်္သေ့ဟန်ဆောင်ကြတယ်။ သူတို့က မုဟမ္မဒ်ဆိုတဲ့ ဘွဲ့ကို မုဆိုင်လီမာကို ပေးကြတယ်။ ဒါပေမယ့် မုဆိုင်လီမာက လူလိမ်။ မုဟမ္မဒ်က အမြင့်မြတ်ဆုံး မဟာလူသားပဲ။ အလ္လာဟ်အရှင်ရဲ့ ယမကာ (ဖြောင့်မတ် သီလရှိသူ)က ကတိုးထက် ရနံ့သာတယ်။ တစ်ခြားယမကာ (မိစ္ဆာ)ကို တော့ ဒဏ်ခတ်ဖို့ ထားတယ်”တဲ့
“အို…ငါသာသူကလေးအပေါ် စည်းမစောင့်ခဲ့ရင်…။
“ငါ့အပေါ် အထင်ကြီးနေမှုကို အခွင့်ကောင်းယူပြီး လှည့်ဖြားခဲ့ယင် ငါ့အပြစ်ကလည်း မတ်စ်နဝီထဲကလို…”
“ဘကြီးတော် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ပြောပါရစေ၊ ကုရိုက်(ရှ်) မျိုးနွယ်၏ အကြီးအကဲများသည် ကျွန်တော်၏ လက်တစ်ဘက်တွင် နေကိုလည်းကောင်း၊ ကျွန်တော်၏ ကျန်လက်တစ်ဘက်တွင် လမင်းကြီးကိုလည်းကောင်း ပေးအပ်နိုင်ကြသည်ပင်ဖြစ်စေကာမူ ကျွန်တော်သည် မိမိ၏ တာဝန်ကိုမူ စွန့်လွှတ်မည်မဟုတ်”
တမန်တော်မြတ်၏ ထိရောက်ပြတ်သားစွာ ဆိုလာသည့် အဖြေစကားက ကျွန်တော်တို့လို ဘာသာရေးသမားများ အနေနှင့် စည်းသုံးစည်းကို ကျော်တက်ရမှာပါလား…။
“စည်းစိမ်” ကြောင့်လည်း အစ္စလာမ်ကို အလွဲသုံးစားမပြုရာ။
“အာဏာ”ကို ခုံမင်၍လည်း အစ္စလာမ်ကို ဥပေက္ခာပြု ကျောမခိုင်းကောင်းရာ”
“အလှ အပ မိန်းမလှများကို စွဲမက်၍လည်း အစ္စလာမ်ကို စွန်းထင်းအောင် မပြုကောင်းရာ” ဆိုသည်ကို အထင်းသားပြဆိုနေသည်။ ဖြစ်ရပ်ကလေးက ရိုးရှင်းလွန်းလင့်ကစား။ ကြီမားနက်ရှိုင်းသော ဖီလော်ဆိုဖီများနှင့် ဝန်ရံမထားလေလင့် ကစာလည်း။ မြတ်တမန်၏ စံပြဘဝမှ အဖြေစကားက ပကတိရိုးလွန်းလှလင့်ကစား စံနမူနာက အပြည့်လေမို့၊ စံနမူရယ် ယူတတ်ပါလေမှ ဟုသာ…။
( ပရဝင်း )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment