Saturday, 15 September 2012

၂၀ ရာစုနှင့် အလ္လာဟ်၏ သက်သေလက္ခဏာများ

၂၀ ရာစုနှင့် အလ္လာဟ်၏ သက်သေလက္ခဏာများ
အတိတ်ခေတ် ကမ္ဘာ့သမိုင်းကို ပြန်ကြည့်သော် ဘာသာရေး အယူသီးသမားတို့က ခိုင်မာသော သက်သေပြချက် မရှိပါဘဲ သိပ္ပံပညာရပ်တို့ကို ဝိုင်းဝန်း ဆန့်ကျင် ဒုက္ခပေးခဲ့ကြသည်။ အကြောင်းပြချက်ကား သိပ္ပံပညာရှင်တို့၏ တွေ့ရှိချက်များ၊ ယူဆချက်များသည် ၄င်းတို့လက်ဝယ်ရှိ ဘာသာရေးလမ်းညွှန်တို့နှင့် မကိုက်ညီသဖြင့် သိပ္ပံပညာရှင်တို့သည် အမှားကျူးလွန်သူ ဘာသာဖျက်သူများ ဖြစ်ကြသည်ဟု စွပ်စွဲကြသည်။
ဥပမာ ကမ္ဘာကျော် အီတလီ သိပ္ပံပညာရှင် ဂလီလီယို (၁၅၆၄-၁၆၄၂)က ကမ္ဘာသည် အပြားမဟုတ်၊ လုံးဝန်းသော သဏ္ဌာန်ရှိ၏။ နေသည် ကမ္ဘာကိုပတ်နေခြင်းမဟုတ်၊ ကမ္ဘာက နေကိုပတ် နေခြင်းသာဖြစ်သည်ဟု ဆိုခဲ့သည့်အတွက် ထိုခေတ်ရှိ ဆင်ခြင်တုံ တရားအသုံးမပြုခဲ့ကြသော ဘာသာရေးအယူသီးသမားတို့က ဆန့်ကျင်ခဲ့ကြပြီး တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချခံခဲ့ရရှာသည်။ သို့သော် ယနေ့ကမ္ဘာကြီးက ဂလီလီယိုနှင့် သူ၏များစွာသော သိပ္ပံရှာဖွေတွေ့ရှိချက်တို့ကို အမှန်တရားအဖြစ် လက္ခံနေရပေပြီ၊ စင်စစ်ထိုခေတ်၊ ထိုပတ်ဝန်းကျင်ရှိ ဘာသာရေးသမားတို့၏ ဆင်ခြင်မှု ကင်းမဲ့ခြင်းသာဖြစ်၏
ယနေ့မျက်မှောက်ခေတ် သိပ္ပံလောကကို ကြည့်သော် တစ်ဖက်မြင်ဝါဒ သိပ္ပံပညာရှင်တို့က ၄င်းတို့ပတ်ဝန်းရှိ ဘာသာရေး လမ်းညွှန်တို့ကို ပြန်လည်လက်စားချေကြသည်။ အကြောင်းပြချက်ကား သိပ္ပံခေတ်၏ မှန်ကန်သော တွေ့ရှိချက်တို့သည် ဘာသာရေးကျမ်းများနှင့် မကိုက်ညီ၊ ထို့ကြောင့် ဘာသားရေးများ မလိုဟု ဆိုကြပြန်သည်။ စင်စစ် ထိုရုပ်ဝါဒတို့သည်လည်း နာမ်ပိုင်းဆိုင်ရာ မမြင်တော့သော မျက်ကန်းများသာဖြစ်၏။ စင်စစ်၎င်းတို့သည် ကျမ်းမြတ်ကုရ်အာန်ကို မှန်ကန်စေ့ ငစွာ လေ့လာခြင်း မပြုကြ၍ ဖြစ်သည်။
စင်စစ် သိပ္ပံပညာဟူသည် ရုပ်တရားအတွင်း၌ အမှန်တရားကို ရှာဖွေနေသော ပညာရပ်ဖြစ်သည်။ ရုပ်တရားဟူသည် အလ္လာဟ်အရှင်မြတ် ဖန်ဆင်းထားသော သဘာဝတရား ဖြစ်သည်။ ထို့ကြောင့် အကယ်၍သာ ဖန်ဆင်းရှင် အလ္လာဟ် အမှန်တကယ်ရှိခဲ့သော် သိပ္ပံပညာရပ်၏ မှန်ကန်သောတွေ့ရှိချက်တို့သည် အလ္လာဟ်ထံမှ ဝဟီလမ်းညွှန် ကုရ်အာန်၏ ဖြောင့်ချက်တို့နှင့် ကိုက်ညီရမည်သာ ဖြစ်သည်။
လူသား၏ ဆင်ခြင်တုံတရားနှင့် အလ္လာဟ်၏ သက်သေလက္ခဏာတော်များ
အလ္လာဟ်သည် လူသားကို ဖန်ဆင်းခံလောက ခပ်သိမ်းတွင် အကောင်းဆုံးဖွဲ့စည်းပုံဖြင့် ရုပ်ရည်များပေးထား၏။ ဆင်ခြင်တုံတရား ဉာဏ်လွှာအဆင့်ဆင့်နှင့် လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ် ပြုလုပ်ပိုင်ခွင့်ပေးထား၏။ အလ္လာဟ်နှင့် အလ္လာဟ်၏ဘုန်းတော်၊ ဂုဏ်တော်အနန္တ၊ အလ္လာဟ်၏ လုပ်ရပ်အားလုံးတို့ကို လူသားတို့ဉာဏ်မမီနိုင်သော်လည်း ဖန်ဆင်းရှင် အလ္လာဟ်သည် ဖန်ဆင်းခံရုပ်လောကခပ်သိမ်းတွင် အလ္လာဟ်ရှိကြောင်း သက်သေလက္ခဏာတော်များ ပြထား၏။
ထိုသက်သေ လက္ခဏာတော်တို့သည် ရုပ်တရားအတွင်းမှ ဖြစ်၍ လူသားတို့၏ ဆင်ခြင်တုံတရားနှင့် ဉာဏ်လွှာအဆင့်ဆင့်တို့ ထိုးဖောက်သိမြင်နိုင်စွမ်းရှိသည်။ ထို့ကြောင့် ကုရ်အာန်ကျမ်းမြတ်အတွင်း၌ လူသားတို့အား ဉာဏ်ကိုစေစားရန် အကြိမ်များစွာ ဖော်ပြထားပေသည်။ (ကုရ်အာန် ၂း၃၀။ ၂း၂၆၀။ ၆း၉၈။ ၂း၂၄၉။ ၃၉း၉။ ၁၀း၉၇။ ၂၀း၁၁၄)
နေမင်းကြီး၏ အလင်းရောင်ရှိပါလျက် မျက်စိကို ပိတ်ကာဘာမှမတွေ့ပါ၊ မရှိပါဟူ၍ဆိုလျင် မကြည့်သူ၏ အပြစ်သာဖြစ်ပေသည်။ အာယာသ်ဟူသည် အလ္လာဟ်၏ သက်သေလက္ခဏာတော်များကို ဆိုလိုသည်။ ထို့ကြောင့် အလ္လာဟ်သည် လူသားတို့အား ဖန်ဆင်းရှင် အလ္လာဟ်ရှိကြောင်း သိမြင်နိုင်ရန် ကုရ်အာန်ကျမ်းမြတ်ကို အလင်းရောင်အဖြစ်ချပေးတော်မူသာ်။ အလ္လာဟ်ရှိမရှိ၊ အလ္လာဟ်၏ ကုရ်အာန်ကျမ်းမြတ်ကို ဆန်းစစ်ခြင်းဖြင့် သိနိုင်ပေသည်။ ကျမ်းရှင်၏ ဘုန်းတော်(အရည်အချင်း)ကို ကျမ်းရှင်ပေးသော ဖော်ပြချက်တိုမှ တစ်ဆင့်သိနိုင်ပေသည်။
ကုရ်အာန်ကျမ်းမြတ်၏ အလင်းရောင် ရှိပါလျက် ဉာဏ်မျက်စိကို ပိတ်ကာ အလ္လာဟ်မရှိပါ မတွေ့ပါဟုဆိုလျင် မကြည့်သူ၏ အပြစ်သာဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်သည် ဖန်ဆင်းရှင် အလ္လာဟ်ရှိတော်မူကြောင်း စာတွေ့သက်သေ လက္ခဏာဖြစ်သလို လက်တွေ့သက်သေလက္ခဏာများကို အလ္လာဟ် ဖန်ဆင်းထားသော စကြဝဠာ လောကခပ်သိမ်း၊ ပထဝီမြေ၊ လူသား၏ခန္ဓာကိုယ်၊ တိရစ္ဆာန် လောက သစ်ပင်လောက၊ သဘာဝတရားများ၊ ကမ္ဘာသမိုင်း စသည်တို့ကို ဉာဏ်လွှာအဆင့်ဆင့်တို့ဖြင့် သော်လည်းကောင်း ၂၀ ရာစုသိပ္ပံပညာ လက်နက်များဖြင့်သော်လည်းကောင်း ရှာဖွေကြည့်ရှုနိုင်ပါသည်။

No comments:

Post a Comment