Saturday, 15 September 2012

အခန်း(၆) အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များ SIGNS OF ALLAH

အခန်း(၆) အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များ SIGNS OF ALLAH
“မကြာမီပင် ငါအရှင်မြတ်သည် ထိုသူတို့အား (ထိုသူတို့၏ လွှမ်းခြုံ ထိုးဖောက် သိမြင်နိုင်စွမ်းရှိသော ပတ်ဝန်းကျင်လောက) မိုးကုပ်စက်ဝိုင်းများတွင် လည်းကောင်း၊ ထိုသူတို့၏ ကိုယ်များ၌ လည်းကောင်း ငါအရှင်မြတ်၏ အာယာသ်သက်သေတော်များကို ပြသတော်မူပေမည်။ နောက်ဆုံးတွင် ၄င်းတို့သည် ဧကန်စင်စစ် ယင်း(ကုရ်အာန်ကျမ်းမြတ်)သည် အမှန်တရားဖြစ်ကြောင်း သိသာထင်ရှား၍ လာပေမည်” (ကုရ်အာန် ၄၁း၅၃)
အလ္လာဟ်ကို မမြင်ရဘဲ လက္ခံခြင်းသည် အဓိပ္ပာယ် ရှိသလား
“….ထိုအရှင်မြတ်နှင့် တူသော အရာ ဟူ၍ကား မည်သည့် တစ်စုံတစ်ရာမျှပင် မရှိပြီ” (ကုရ်အာန် ၄၂း၁၁)
အလ္လာဟ် အရှင်မြတ်သည် ဘုန်းတော်အစုံ၊ ဂုဏ်တော် အနန္တတို့ဖြင့် နိစ္စထာဝရ ရှိနေပေရာ မပြီးမပြည့်စုံသော လူသားတို့၏ ရုပ်မျက်စိတို့ဖြင့်သော် လည်းကောင်း၊ ဆင်ခြင်တုံ့တရားနှင့် ဉာဏ်လွှာ အဆင့်ဆင့်တို့ဖြင့်သော် လည်းကောင်း လွှမ်းခြုံထိုးဖောက် သိမြင်နိုင်စွမ်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းရှင် အလ္လာဟ်အတွက် အချိန်နှင့် အာကာသ ကန့်သတ်ချက်မရှိ။ နိစ္စထာဝရ ဖြစ်တော်မူ၏။ ဖန်ဆင်းခံ လူသားသည်ကား အချိန်နှင့် အာကာသ ကန့်သတ်မှု အတွင်း၌ရှိ၏။ အကန့်အသတ် အတွင်းမှ အရာတစ်ခုက အကန့်အသတ်မရှိသော အရာတစ်ခုကို မည်သို့မျှ လွှမ်းခြုံနိုင်စွမ်း မရှိချေ။
ထို့ကြောင့် လူသားတို့ သိနိုင်မြင်နိုင်သော အရာ အားလုံးသည် အလ္လာဟ်မဟုတ်။ နိစ္စထာဝရ ပြီးပြည့်စုံသော တရားလည်း မဟုတ်ချေ။ လူသားသိနိုင်၊ မြင်နိုင်သော အရာအားလုံးသည် လူသားများကဲ့သို့ပင် မတည်မြဲသော၊ မပြီးမပြည့်စုံသော တရားများသာ ဖြစ်ကြ၏။
အလ္လာဟ်အရှင်မြတ်ကို ရုပ်လောကမှ လူသားတို့ လွှမ်းခြုံ သိမြင်နိုင်စွမ်း မရှိသော်လည်း ဖန်ဆင်းရှင် အလ္လာဟ်သည် စကြဝဠာလောကခပ်သိမ်းကို ထင်ရှား ဖြစ်ပေါ်စေပြီးနောက် ဖန်ဆင်းခံတို့ ဖန်ဆင်းရှင် အလ္လာဟ်ကို သိနိုင်ရန် ဖန်ဆင်းခံ လောကတိုင်းတွင် လက်ရာတော်အဖြစ် သက်သေ လက္ခဏာတော်များ ပြထားပေသည်။ လူသားတို့အတွက်လည်း လူသားတို့တွင်းမှ နဗီတမန်တော်များ ပွင့်စေ၍ တရားအလင်းများ၊ ကျမ်းများကို ချပေးသနားတော်မူခဲ့သည်။
အလ္လာဟ်၏ လမ်းညွှန်တော် တို့သည်လည်း အလ္လာဟ်၏ သက်သေ လက္ခဏာတော်များ ဖြစ်သည်။ အလ္လာဟ်ထံတော်မှ နောက်ဆုံးကျမ်းမှာ “ကုရ်အာန်”ဖြစ်၍ နောက်ဆုံး တမန်တော်မှာ “မုဟမ္မဒ်သခင်”ဖြစ်သည်။ လူသားတို့သည် ဖန်ဆင်းရှင် အလ္လာဟ်ရှိကြောင်း ကျမ်းတော်မြတ် ကုရ်အာန်မှ တစ်ဆင့်သော် လည်းကောင်း၊ ဖန်ဆင်းခံလောကခပ်သိမ်းတွင် အလ္လာဟ်၏ သက်သေ လက္ခဏာတော်များမှ တစ်ဆင့်သော် လည်းကောင်း သိနိုင်ပေသည်။
အာယာသ်တော် (သို့မဟုတ်) အလ္လာဟ်၏ သက်သေလက္ခဏာများ
“လူသား…အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော ကျေးဇူးတော်ရှင် အလ္လာဟ်နှင့် စပ်လျဉ်း၍ အသင့်အား မည်သည့် အရာက လှည့်ဖြားခဲ့လေသနည်း ” (ကုရ်အာန် ၈၂း၆)
“…..ဤ(ကုရ်အာန်)သည် အကြင်ကျမ်းဂန်တည်း၊ ထိုကျမ်း၏ အာယာသ် လမ်းညွှန်တော်များ၏ (အခြေခံ အဓိပ္ပာယ်)ကို ထိုကျမ်းတွင်း၌ပင် မြဲမြံခိုင်ခံ့ ထင်ရှားပြတ်သား ပေါ်လွင်စေရန် ပြုလုပ်ထားပြီးခြင်း ခံရသောကျမ်း ဖြစ်သည်၊ ထို့ပြင် ထိုအာယာသ် လမ်းညွှန်များကို ဉာဏ်တော် အနန္တနှင့် ပြီးပြည့်စုံတော်မူသော၊ အကြွင်းမဲ့ သိမြင်တော်မူသော အရှင်မြတ် ထံတော်မှ (ထိုကျမ်းတွင်း၌ပင်) အသေးစိတ် ရှင်းလင်းဖော်ပြပြီး ဖြစ်သောကျမ်း ဖြစ်သည်။ (ကုရ်အာန် ၁၁း၁)
“….အသင်တို့ မစဉ်းစားကြလေသလော့၊ အကယ်၍ ယင်း(ကုရ်အာန်ကျမ်းမြတ်)သည် အလ္လာဟ်အရှင်မြတ် ထံတော်မှ (ကျရောက်ခဲ့သည်)ဖြစ်အံ့။ တစ်ဖန် အသင်တို့က ယင်း အမှန်တရားကို ငြင်းပယ်ခဲ့ကြအံ့၊ သို့ဖြစ်လျင် (အမှားတရား အတွင်း၌ မိမိကိုယ် မိမိနှစ်မြုပ်ထားလျက်) ဝေးကွာလှသော ကွဲပြားခြားနားမှု၌ ရှိနေသောသူထက် ပို၍ လမ်းမှားသောသူ မည်သူရှိအံ့နည်း ” (ကုရ်အာန် ၄၁း၅၂)
“မကြာမြင့်မီပင် ငါအရှင်မြတ်သည် ထိုသူတို့အား (ထိုသူတို့ လွှမ်းခြုံ ထိုးဖောက် သိမြင်နိုင်စွမ်းရှိသော ပတ်ဝန်းကျင်လောက) မိုးကုတ်စက်ဝိုင်းများတွင် လည်းကောင်း၊ ထိုသူတို့၏ ကိုယ်များ၌ လည်းကောင်း၊ ငါအရှင်မြတ်၏ အာယာသ် သက်သေ လက္ခဏာတော်များကို ပြသတော်မူမည်။ နောက်ဆုံးတွင် ၄င်းတို့၌ ဧကန်စင်စစ် ယင်း(ကုရ်အာန်ကျမ်းမြတ်)သည် အမှန်တရားဖြစ်ကြောင်း သိသာထင်ရှား၍ လာပေမည်….” (ကုရ်အာန် ၄၁း၅၃)
“ဧကန်အမှန် မိုးကောင်းကင်များ၌ လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌လည်းကောင်း မုအ်မင်သက်ဝင်ယုံကြည်(လို) သူတို့အဖို့ သက်သေလက္ခဏာတော်များ အမှန်ပင် ရှိကြ၏” (ကုရ်အာန် ၄၅း၃)
“ထို့ပြင် အသင်တို့အား ဖန်ဆင်းခြင်း၌ လည်းကောင်း၊ ထိုအရှင်မြတ် (ကမ္ဘာမြေအနှံ့) ပျံ့နှံ့စေတော်မူသော တိရစ္ဆာန်တို့ကို ဖန်ဆင်းခြင်း၌ လည်းကောင်း ယုံကြည်ကြကုန်သောသူတို့အဖို့ အမှန်ပင် (အလ္လာဟ်၏) သက်သေလက္ခဏာတော်များရှိ၏” (ကုရ်အာန် ၄၅း၎)
“ထို့အတူ အသင်(လူသား)တို့၏ ကိုယ်များတွင်လည်း (အလ္လာဟ်)၏ သက်သေလက္ခဏာတော်များ ရှိကုန်၏။ သို့ပါလျက် အသင်တို့သည် မမြင်ကြလေသလော” (ကုရ်အာန် ၅၁း၂၁)
“….ထိုမှတစ်ပါး ညဥ့်နှင့်နေ့တို့ကို ပြောင်းလဲခြင်း၌ လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်မှ (မိုးရေကိုရွာသွန်းစေတော်မူ၍) စားနပ်ရိက္ခာကို ချပေးတော်မူခြင်း၊ တစ်ဖန် ပထဝီမြေကို ခြောက်သွေ့ သေလွန်ပြီးနောက် (ယင်းမိုးရေဖြင့်) ရှင်ပြန် စိမ်းလန်းစိုပြေစေတော်မူခြင်း၌ လည်းကောင်း၊ လေများကို ပြောင်းလဲ တိုက်ခတ်စေခြင်း၌ လည်းကောင်း ဆင်ခြင်တုံတရား သုံးသူတို့အဖို့ သက်သေ လက္ခဏာတော်များ ရှိကြကုန်၏” (ကုရ်အာန် ၄၅း၅)
“အသင်တို့သည် မျက်စိကို ပြန်မော့၍ (အလ္လာဟ်၏ ဖန်ဆင်းမှု စကြဝဠာ လောကများကို) အကြိမ်ကြိမ် ပြန်လည်ကြည့်ရှုပါလေ” (ကုရ်အာန် ၆၇း၎)
“သို့ပါလျက် ၄င်းတို့သည် ကျမ်းမြတ် ကုရ်အာန်ကို စေ့ငှစွာ စဉ်းစားဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော၊ သို့တည်းမဟုတ် စိတ်နှလုံးများ အပေါ်၌ သော့ခလောက်များ (ခတ်ထားလျက်) ရှိနေသလော” (ကုရ်အာန် ၄၇း၂၄)
“ဤသည်တို့သည်ကား အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များပင်၊ ငါအရှင်မြတ်သည် ယင်းသက်သေလက္ခဏာတော်များကို အသင်၏ ရှေ့ဝယ်မှန်ကန်တိကျစွာ ဖတ်ကြားပြတော်မူ၏။ သို့ဖြစ်ပေရာ ထိုသူတို့သည် အလ္လာဟ်၏ သက်သေလက္ခဏာလမ်းညွှန်များ(ကုရ်အာန်)မှ တစ်ပါး အခြား မည်သည့်စကားကို ယုံကြည်မည်နည်း” (ကုရ်အာန် ၄၅း၆)

No comments:

Post a Comment