Friday 4 May 2012

နီးလွန်းလှ၍ မမြင်မိကြခြင်းလေလား

နီးလွန်းလှ၍ မမြင်မိကြခြင်းလေလား ပါစူး… ပါစူးကား အသက်(၆)နှစ်အရွယ် ကလေးတစ်ဦးပင်။ မျက်လုံးက နက်မှောင်နေပြီး ပြုံးလိုက်လျင် ပါးချိုင့်ကလေးပေါ်လာခြင်းက ပိုပြီးချစ်ချင်စရာ။ သို့အတွက် ကလေးငယ်၏ ဖူပီ (အဒေါ်)တို့က ‘အရီမျက်လုံး’ဟု ချစ်စနိုးဆိုကြသည်။ ဗမာချော ချောတဲ့ ပါစူးလေးဟူ၍လည်း ဆိုစမှတ်ပြုကြသည်။ ပါစူး၏အမည်ရင်းက မန်ဆူးရ်ဖြစ်သည်။ စကားပြောလျင် သူ့ကိုယ်သူ “ပါစူးက ပါစူးက”ဟု ပြောတတ်သဖြင့် ပါစူးဟု တွင်သွားခြင်းဖြစ်သည်။ သူ့မိခင်ဘက်က အဘိုးအဘွားတို့ကတော့ သူ့ကို အလီပူတူးဟု ခေါ်ကြသည်။ ပါစူးကို ကျောင်းထားစဉ်က ဖြစ်သည်။ ပထမတန်းတွင် ပတ်ဝန်းကျင် ဘာသာကို သင်ကြားကြရသည်။ ကလေးသူငယ်အရွယ်ကတည်းက ပတ်ဝန်းကျင်ကိုစူးစမ်းလိုစိတ်ရင့်သန်လာအောင်ဆိုပါတော့။ တစ်နေ့ဆရာမက သူ့ကိုဆန်ဘယ်ကရသလဲဟု မေးခဲ့သည်။ ဤအကြောင်းကို သူက မပြောပြ။ သူ့သူငယ်ချင်းများက သူ့အစ်မမိုးမိုးကို ဖောက်သည်ချလိုက်ခြင်း ဖြစ်သည်။ သူ့အဖြေကိုကြားရသည်က ရယ်စရာပင်။ ဆန်ဘယ်ကရသလဲ ဟူသော ဆရာမ၏ အမေးအတွက် သူ့အဖြေက ‘သမဝါယမ ဆိုင်ကပါ ဆရာမ တဲ့’ ဆရာမအပါအဝင် တစ်တန်းလုံး ဝိုင်းရယ်ကုန်ကြသည်။ ဧရာဝတီမြစ်ဝကျွန်ပေါ်ဒေသဖွား ဖခင်၏ မျက်နှာကိုမှ မထောက်ထား ဖြေရက်ပါပေ့ ပါစူးရယ်။ တစ်နေ့လည်း သူ့မိခင် လုံမလေးထံက တဝါးဝါးရယ်သံကို ကြားလိုက်ရသည်။ အကြောင်းရင်းကို ဆန်းစစ်လိုက်တော့ သမီးငယ် ပပအတွက် အမေဖြစ်သူက ပါစူးကို ဘီစကွတ်မုန့်ဝယ်ခိုင်းလိုက်သည်။ ငတိက လမ်းတွင် ကလေးမုန့်ကိုခေါင်းပုံဖြတ်စားလိုက်သည်။ စားလာရင်း ဘီစကွတ်က နှစ်ခြမ်းပဲ့သွားတော့သည်။ မိခင်ဖြစ်သူက သူပေးလာသည့် ဘီစကွတ်ပဲ့ကို ကြည့်ပြီး ‘ဟဲ့ ကလေးဖို့ ဘီစကွတ်က ဘာကြောင့် နှစ်ခြမ်းပဲ့နေရတာတုန်း’ ‘လမ်းမှာကိုင်လာရင်း လေတိုက်တာနဲ့ နှစ်ခြမ်းပဲ့သွားရတာအမေရဲ့’ တဲ့။ ဘင်္ဂလားဒေ့ရှ် လေမုန်တိုင်းက သူ့လက်ကိုဘယ်အချိန်က ဖြတ်တိုက်သွားသည် မသိ။ လေတိုက်၍ ဘီစကွတ်မုန့်က နှစ်ခြမ်းကွဲသွားရသတဲ့။ တော်တော်လာ တဲ့ပါစူးပဲ။ တစ်မြို့နှင့်တစ်မြို့ အခေါ်အဝေါ် ဓလေ့ခြင်းက မတူကြ။ စာရေးသူတို့မြို့မှာတော့ ဖခင်ဘက်မှပဲ ဖြစ်ဖြစ်၊ မခင်ဘက်မှပဲဖြစ်ဖြစ် အဘိုးနှင့်အဘွားကို နာနာနှင့် နာနီဟုသာ ခေါ်ကြသည်။ ရန်ကုန် ရောက်လာတော့ ဖခင်အဘိုးအဘွားကို ဒါဒါ။ ဒါဒီဟုလည်းကောင်း၊ မိခင်ဘက်မှ အဘိုးအဘွားကိုတော့ နာနာ၊ နာနီဟုလည်းကောင်း ခွဲခွဲခြားခြား ခေါ်ကြသည်။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဟု ဆိုရိုးရှိသည်ကိုး။ ပါစူး၏ ဒါဒီ(အဘွား)ကွယ်လွန်ပြီး ၃ရက်မြောက်နေ့ဖြစ်သည်။ သူ့ဖူဖီများဖြစ်ကြသည့် အရှာဘီ၊ ရှဖီ၊ ရှကီတို့က အကျွေးအမွေးအတွက် လုပ်စရာ ကိုင်စရာများကို လုပ်နေကြသည်။ ပါစူးက အနားတွင် ရှိနေသည်။ ဆော့လည်း မဆော့၊ ကစားလည်း မကစား ငြိမ်ချက်သားကောင်းနေရရှာသည်။ သူ့ကိုကြည့်လိုက်တော့ တစ်ခုခုကို စဉ်းစားနေသလိုပင်၊ သူ့အဒေါ်များကပင် မျောက်ရှုံးအောင် ဆော့တဲ့ကောင် ငြိမ်လှချည်လားဟု တွေးမိကြသေးသည်။ မကြာမီ ပါစူးက စကားစလာသည် သူ့အမေ မလုံမကို မေးသည်။ “အမေ…အမေ၊ဒါဒီတော့သေပြီး နာနီက ဘာလို့မသေသေးတာတုန်း” တဲ့ သူ့ အမေခမျာ ‘ဘာ’ဟု တစ်ခွန်းတည်းသာ ဆိုနိုင်ရော့တော့သည်။ ဤမေခွန်း သူ့ဖခင်၏ ယောက္ခမ၊ သူ့မိခင်၏ မိခင် ပါစူးလေးတို့၏ နာနီ ဒေါ်ဖာတီးသာ ကြားသွားပါလေက မိုးကြိုးပစ်ရကိန်းပါပဲ။ မေးမှ မေးရက်လေတယ် ပါစူးရေ….။ ခတမ်အိမ်မှ အဆွေးဝိုင်းက ဟာသဝိုင်း ဖြစ်သွားရတော့သည်။ “မာမက်ဂျန် ကျာကျာလာပြီ လာပြီ” ဟူသော အသံက ဆူညံသွားသည်။ တောမြို့လေးနေ ဦးလေးအလည်ရောက်လာတိုင်း ကြားနေကြအသံဖြစ်သည်။ မကြမီ ဤဦးလေးကို ကလေးတစ်အုပ်နှင့် တရုံးရုံးတွေ့ရသည်။ ဦးလေးပေးသော မုန့်ဖိုးနှင့် မိုးပျံပူဖောင်းများကို ကိုယ်စီဝယ်ကာ ဆော့ကစားနေကြသည်။ ‘ဟာ…ပါစူးပူဖောင်းကြီး တက်သွားပြီဟေ့’ ဤအော်သံကြား၍ ကြည့်လိုက်တော့ မိုးပေါ်သို့ တရိပ်ရိပ်လူးကာ လွန့်ကာနှင့် တက်သွားသည့် မိုးပျံပူဖောင်းကို ငိုမဲ့မဲ့နှင့် ကြည့်နေသူက ပါစူး။ မိမိချစ်ခင်စုံမက်ရသည်နှင့် ကင်းကွာရခြင်းက ဒုက္ခဆင်းရဲခြင်းတဲ့။ ကလေးတို့အရွယ်ဝယ် သူတို့လေးတွေမြတ်နိုးရသည့် ကစားစရာများကို ဆုံးရှုံးရချိန်တွင် ခံစားရသည့် ဝေဒနာကို ကလေးအရွယ်၏ ဒုက္ခဟု ဆိုရလေမည်လား၊ ကလေးဘဝ၏ ပူပင်သောကဟု ဆိုရလေမည်လား၊ ပါစူးမျက်နှာမကောင်း ငြိမ်ချက်သားကောင်းနေသည်။ အခြားကလေးများ မိုးပျံပူဖောင်းနှင့်ကစားပုံကို ကြည့်ပြီး သူလည်း ကစားချင်နေရှာမည်။ ပူဖောင်းသည်လည်း မရှိတော့။ ထိုစဉ် ဦးလေးငယ် မဂျစ်ကျာကျာက လျောက်လာနေသည်။ ပါစူးက ‘ကျာကျာ ကျာကျာ…မိုးပေါ်တက်သွားတဲ့ ပူဖောင်းကို အလ္လာဟ်က သိမ်းထားလားဟင်’ဟု မေးလာသည်၊ ကျာကျာဖြစ်သူကလည်း ခပ်နောက်နောက် ခပ်ပေါ့ပေါ့ပင် ‘အေး သိမ်းထားလိုက်ပြီ’ ဟုဖြေသွားသည်။ လူကြီးတွေက ကလေးများကို ခပ်လွယ်လွယ်နှင့် မိုးပေါ်မှာ အလ္လာဟ်ရှိသည်ဟု ပြောတတ်ကြလေ၍ ဤသို့မေးလာခြင်းဖြစ်သည်။ ဆက်လက်ပြီး သူ့အမေးကို ကြားရမိချိန်မှာတော့ သူ့အပေါ် ပို၍ကရုဏာ သက်မိရတော့သည်။ ‘ကျာကျာ အလ္လာဟ်ဆီကိုဖုန်းဆက်လို့ ရသလား’တဲ့….။ ဦးလေးက ပူဖောင်းတွေကို အလ္လာဟ်က မိုးပေါ်မှာသိမ်းထားတယ်လို့ ဖြေသွားတော့ သူက ဖုန်းဆက်ပြီး ပြန်တောင်းမဲ့သဘောပေါ့လေ။ တီထွင်သူ သိပ္ပံပညာရှင်ကြီး အယ်ဒီဆင် ငယ်စဉ်က ဘဲငန်းမကြီး ဥကျင်းမှာဝပ်လို့ ငန်းကလေးတွေ ပေါက်လာတာကိုမြင်ပြီး သူကလည်း ဥကျင်းမှာ ဝင်ထိုင်ခဲ့သည်။ အဆုံးမှာတော့ ဥတွေကွဲပြီး ဘောင်းဘီပေကျံ သွားတာသာ အဖတ်တင်သည်။ သြော်….ကလေးအတွေးရယ်ကိုး။ တနေ့ စာရေးစားပွဲခုံဝယ် ပါစူး၏ ဖခင်က သဲကြီးမဲကြီးနှင့် စာဖတ်နေသည်။ ပါစူး၊ မိုးမိုး၊ ဘီလာလ်နှင့်၊ ပပရှီရင်း၊ သွာဟီယာ အဗ္ဗားစ်နှင့် ရှဘီလား စသည့် ကလေးများစုဝေး ထိုင်နေရင်းက မဒရ်ဆာမှ ဆရာသင်လိုက်သည့် သင်ခန်းစာအကြောင်းကို ပြောနေကြသည်။ ရှီရင်းလေးက ‘တမန်တော်…တမန်တော်… ကျွန်ုပ်တို့၏တမန်တော်၊ တမန်တော် ဘယ်မှာဖွား… မက္ကာမြို့မှာဖွား’ ဟူသော ကဗျာကို မပီကလာ ပီကလာအသံနှင့်ဆိုနေသည်။ ကဗျာဖြင့် ကလေးကို ပညာပေးခြင်းက ထိရောက်လှသည်။ မကြာမီ ပါစူးက သူ၏ ဖခင်အနားရောက်လာသည်။ မေးခွန်းမေးပြီး “အဘ အဘ၊ ကမာရွတ်နေ့က ဘယ်နေ့လဲဟင်” “ဘာ…ကမာရွတ်နေ့ ဟုတ်လား” အံ့သြစွာ ဖခင်ဖြစ်သူက ဆိုမိသည်။ မြန်မာပြည်ဝယ် ‘လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့၊ အလုပ်သမားနေ့’ စသည်ဖြင့်သာ ကြားဖူးသည်။ ကမာရွတ်နေ့ဟု အလျဉ်း မကြားဖူးခဲ့၊ ကြောင်းအမ်းအမ်း ဖြစ်သွားရသည် ‘ကမာရွတ်နေ့ကျရင် နေကခုနှစ်စင်း နိမ့်နိမ့်လေးထွက်မယ်ဆို’ဟု ဆက်လက်ဖြည့်စွက် မေးလာလေတော့မှ. သြော်…ကေယာမသ် (ကမ္ဘာပျက်မည့်)နေ့ ပါကွ၊ ဟား ဟား မင်းလုပ်လိုက်မှ တလွဲချည်းပဲ၊ ဘယ်က ကမာရွတ်နေ့ရမှာလဲ ဟား ဟား ဟား ဤမျှအထိပွဲကျရသည့် ပါစူးပင်ဖြစ်သည်။ ပရိတ်သတ်အားလုံး တဝါးဝါးနှင့် ပွဲကျသွားသည်။ ဆရာကလည်း ဣနြေ္ဒမဆည်နိုင်တော့။ ဒီတစ်ချီမှာလည်း တရားခံက ပါစူး။ အသုဘအိမ်တစ်အိမ်မှာဖြစ်သည်။ ဇိကိရ်စိတ်ပြီး ကွယ်လွန်သူအပေါ် အီဆာလေဆွဝါဗ် ပို့ကြမည်ဖြစ်သည်။ အုန်းနို့ခေါက်ဆွဲ ကျွေးမွေးဧည့်ခံမည်။ ပတ်ဝန်းကျင်ဝယ် တရားသံက လွှမ်းမိုးနေဖို့လိုသည်။ ဤအတွက်ကြောင့် မြင့်စွင့်သောမီနာရာထက်မှ အဇာန်ဆို ဟစ်ကျွေးစေခြင်း ဖြစ်သည်။ လေထုအတွင်းဝယ် အလ္လာဟ်ရှင်ကို တ,သသံကတင်ကျန်ရစ်ဖို့ ဖြစ်သည်။ လေထုတွင်းက အသံကလည်း ကိယာမသ်နေ့မှာ သက်သေခံမည်ကိုး။ ဇိကိရ်အပြီးတွင် ဆရာက တရားဟောသည်။ “ရုပ်ခန္ဓာက အစီးအနင်းနှင့်တူပြီး ရူဟ်ဝိညာဉ်က စီနင်းသူနှင့် ပမာတူကြောင်း၊ ထို့ကြောင့် မိမိထံ မြင်းစီးပြီး ရောက်လာသူကို ဧည့်မခံဘဲ မြင်းကိုသာ ကျွေးမွေးဧည့်ခံပါက သဘာဝကျမည် မဟုတ်ကြောင်း ယခုတော့ ဒွန္နီယာတွင် ရုပ်၏ အစာကို ကျွေးကြသလောက် ရူဟ်ဝိညာဉ်၏ အစာဖြစ်သော အိဗာဒသ်အပိုင်းကို အင်မတန်မှ ပေါ့လျော့ကြကြောင်း” ပြောရင်းမှ ဆရာက ဒေါနှင့် မာန်နှင့် အရှိန်တက်လာကာ “ရူဟ်ဝိညာဉ်ကို ဘာကျွေးရမလဲ…? ဟု အသံကိုမြှင့်ပြီး မေးလာသည်။ “အုန်းနို့ခေါက်ဆွဲ” ဟု ကြောင်အမ်းအမ်းကလေး အသံနှင့် အဖြေကိုကြားလိုက်ရသည်။ အားလုံးဝိုင်းရီကြသည်ကို ရွံရွံကြောက်ကြောက်နှင့် ကြည့်နေသည့် အဖြေရှင်က သူ့ကိုမေးသည်ထင်ပြီး…. ယောင်ယမ်းဖြေလိုက်သူက ပါစူးလေ…။ တစ်နေ့သောအခါတွင် သူ့ဖခင်ထံ ပါစူး မေးခွန်းတစ်ခုမေးလာသည်။ ကလေးက မေးလာလင့်ကစား အဖြေရခက်လှသည်။ ‘အဘ၊ ပါစူး အလ္လာဟ်ကို တွေ့ချင်တယ်၊ အလ္လာဟ်က ဘယ်လိုနေလဲဟင်’ တဲ့ ဖခင်ဖြစ်သူခမျာ သူ့အမေးကို မဖြေမိခင် ငယ်စဉ်ကလေးဘဝက သူ့မြို့က ယောင်မွန္နဗီ အခမ်းအနား၏ မြင်ကွင်းကို အထင်းသားမြင်ယောင်မိသည်။ ထိုစဉ်က အခမ်းအနားတွင် သဘာပတိကြီးများအဖြစ် ဆောင်ရွက်ကြသည့် အဒူစမက် အပါ၊ အီဒရစ်အပါနှင့် ဂျာမေဗလီဆရာကြီးတို့မှာ ခန့်ငြားထည်ဝါလှကြသည်။ အသားဖြူပြီး ရုပ်ဆင်းကြန်အင်က တင့်တယ်လှသည်။ အဒူစမက်အပါကြီးက တူရကီဦးထုတ်ပုံစံ ဇာဦးထုတ်အဖြူနှင့် အီဒရစ်ဆီအပါကတော့ တူရကီဦးထုတ်အနီပန်းဖွာ အနက်နှင့် ခါးတွင်လည်း ဧရာမ ခါးပတ်ကြီးနှင့်၊ ဗလီဆရာကြီးကလည်း မုတ်ဆိတ်နှင့် ပါးသိုင်းမွှေးနှင့် ခန့်ထယ်လှဘိသည်။ မှတ်မိပါသေးသည်။ အဒူစမက် အပါကြီးက အသက်အရွယ် အိုမင်းလာချိန်တွင် နားအနည်းငယ်လေးသည်။ အရွတ်ဆမန့်တို့ အစ္စမာအင်တို့လို လူငယ်တစ်စုက အပါကြီးလာသည်ကိုမြင်လျင်၊ လူငယ်တစ်စုက အပျော်အပါး အနောက်အပြောင် သန်ကြသည်မို့ ဆလာမ်ပေးသံလိုလို လက်ကိုပြပြီး၊ ပါးစပ်က “အပါကြီးမြေးမလေး ကျွန်တော့်ပေး”ဟု ဆိုကြသည်။ အပါကြီးကတော့ နားမကြားတော့ ဆလာမ်ပေးသည်ထင်ပြီး “ဝလိုင်းကွမ်းဆလာမ်” ဟု ဂျဝါဗ်ပေးသွားတတ်သည်။ အခုတော့ ဤသုံးဦး ကွယ်လွန်သွားကြပြီ။ သူတို့တတွေ၏ ဝိညာဉ်မှာ အလ္လာဟ်ရှင်၏ အေးရိပ်သာယာဝယ်ရှိနေပါစေဟု ဆုတောင်းမိပါသည်။ သူတို့ ငယ်စဉ်က ဖဂျရ်ဆွလာသ်ဖတ်ပြီးတိုင်း ဤအပါကြီးများက နံနက်စောစော ဗလီလာကြသည်။ ကျွန်တော်တို့ကလေးငယ်တစ်စုကို ဗန္ဓုလ ကာကာဆိုင်တွင် နံပြားမလိုင် လက်ဘက်ရည်ကျွေးခြင်းဖြင့် ဗလီမှန်မှန်လာချင်အောင် စည်းရုံးသွားခဲ့သည် ဤကုသိုလ်ကို အလ္လာဟ်အရှင် လက္ခံတော်မူပါစေ။ တရားပွဲများတွင် အလ္လာဟ်၊ ရဆူလ်နှင့် ဂျစ်ဗရာအီလ် ဟူ၍ မကြာမကြာ ကြားရလေတော့၊ ဤအပါကြီး သုံးဦးကိုပင် (နအူသိုလ်ဗိအလ္လာဟ်) အလ္လာဟ်၊ ရဆူလ်၊ ဂျဗရာအီလ်ဟု ကျွန်တော်တို့ ငယ်ငယ်က ကလေးအတွေးနှင့် တွေးမိကြသည်။ ယောင်မွန္နဗီ နေ့မို့ ကောင်းကင်က ဆင်းသက်လာသည်ဟု ထင်မိခဲ့သည်။ သြော် ယခုတော့ ကလေးအရွယ် သားငယ်က မေးလာသည် ‘အလ္လာဟ်’ ကဘယ်လိုနေသလဲတဲ့။ ကလေးက မေးသည်။ လူကြီးကတွေးသည်။ ဖြည့်ကြရမဲ့ ကွက်လပ်လေလား။ တာဝန်များထဲက တာဝန်တစ်ခုလေလား။ အဖြေကတော့ ကလေးတို့အသိဝယ်...သူတို့ အဆင့်နှင့်အညီ… ‘အလ္လာဟ်ကို နားလည်စေမည့်…. ‘ရစူလ်ကို သိမြင်စေမည့်… ‘ကုရ်အာန်ကို တတ်သိစေမည့်… ကလေးတို့အတွက် အစ္စလာမ်စာပေလိုနေပါလား။ ရှင်းတော့ ရှင်းပါသည်။ မိဘနှစ်ပါးနှင့် သားသမီးအင်မတန်မှ နီးကြပါသည်။ ကလေးနှင့်လူကြီးကလည်း နီးပါသည်။ ကလေးအရွယ်ကို ကျော်နင်းပြီးမှ လူကြီးအရွယ်သို့ ရောက်ကြသည်။ ကလေးဘဝကို ကိုယ်တွေ့သိပြီးသား။ ကလေးအတွေ့ကိုတွေ့ပြီးမှ လူကြီးအသိကို ရကြသည် မဟုတ်ပါလော။ သို့သော်…ဤသို့ ဟာကွက်များကျန်နေခြင်းမှာ နီးလွန်းလှ၍ မမြင်မိကြခြင်းလေများလား (ပရဝင်း) (စီစဉ်တင်ဆက်သူသည် မျိုးနွယ် မုစ်လင်မ် မဟုတ်သည့်အတွက် အစ္စလာမ့်အသိုင်းဝိုင်းသို့ အသစ်ရောက်လာခြင်းဖြစ်၍ အစ္စလာမ့် အသုံးအနှုန်းများ လွဲမှားခဲ့သော် စာဖတ်သူအနေဖြင့် ဖြည့်စွက်နားလည်ပေးစေလိုပါသည်) (မိုးစက်)

No comments:

Post a Comment