Monday 10 September 2012

အခန်း {ဂ} နောက်ဆုံး တမန်တော်ချုပ်ကြီး၏ သက်သေ

“စင်စစ်သော်ကား ငါ (အလ္လာဟ်)အရှင်မြတ်သည် အသင်(မုဟမ္မဒ်)အား လောကခပ်သိမ်းအတွက် ကရုဏာတော် အဖြစ်သာလျှင် စေလွှတ်တော်မူခဲ့ခြင်းဖြစ်သည်။ (ကုရ်အာန် ၂၁း၁၀၇)
နောက်ဆုံး တမန်တော်ချုပ် မုဟမ္မဒ်
ကမ္ဘာ့ဒေသအသီးသီး၊ ခေတ်အဆက်ဆက်တွင် ပွင့်ခဲ့ကြသော လူသားနဗီ တမန်တော်တို့မှတစ်ဆင့် အလ္လာဟ်အရှင်မြတ် ချပေးသနားတော်မူသော ဝဟီလမ်းညွှန် တရားအလင်းရောင်များနှင့် ကျမ်းအသီးသီးတို့သည် သက်ဆိုင်ရာ နဗီတမန်တော်များ မရှိသည့်နောက် နည်းမျိုးစုံဖြင့် ပျောက်ကွယ်သွားခြင်း (သို့တည်းမဟုတ်) အမှန်နှင့်အမှား ရောထွေးလာခြင်း စသည်တို့ဖြင့် လူသားတို့အကြား အယူဝါဒ ကွဲပြားမှုများ ကြီးထွားလာခဲ့ပေသည်။ ထိုမူရင်းအတိုင်း မရှိတော့၍ ကွဲပြားနေသော တရားအလင်းရောင်ကို အမှန်အတိုင်း ပြန်လည်ပြုပြင်ရန် အချိန်ကား ကျရောက်ချေပြီ။
လူ့သမိုင်းတွင် ပထမဆုံးသော တမန်တော် အာဒမ်မှ စတင်ခဲ့၍ ခေတ်အဆက်ဆက် ဒေသအသီးသီး၊ မျိုးနွယ် အသီးသီးတွင် တစ်သိန်းနှစ်သောင်းလေးထောင်သော နဗီတမန်တော်များ ပွင့်ခဲ့ရာ မျိုးနွယ်၊ ဒေသဆိုင်ရာ တမန်တော်များအနက် မရ်ယမ်သခင်မ၏ သားတော် တမန်တော်အီစာ {Jesus} သည် နောက်ဆုံးဖြစ်၏။ ၄င်း၏ နောက်တွင် နှစ်ပေါင်း ၅၀၀ ကျော် မည်သည့် တမန်တော်မှ မပွင့်တော့ချေ။
စင်စစ် မျိုးနွယ်၊ ဒေသကာလကို ကိုယ်စားပြုသော တမန်တော်ခေတ်ကား ကုန်ဆုံးချေပြီ၊
ထိုတမန်တော်များစွာတို့ကြိုတင် သတင်းကောင်းပေးခဲ့သည့် လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် ဆိုင်သော၊ တစ်ကမ္ဘာလုံးနှင့်ဆိုင်သော ကိယာမသ် ကမ္ဘာပျက်မည့်နေ့တိုင် ခေတ်တိုင်းနှင့် ဆိုင်သော လောကခပ်သိမ်းနှင့်ဆိုင်သော နောက်ဆုံး မေတ္တာရှင်တမန်တော်ချုပ်ကြီး ပွင့်ရန်အချိန်ကား ကျရောက်လာပြီ ဖြစ်ပေသတည်း။
ဤသို့ဖြင့် ခရစ်သက္ကရဇ် ၆၁၀ ခုနှစ်တွင် စကြဝဠာလောက ခပ်သိမ်းတို့၏ အရှင် အလ္လာဟ်အရှင်မြတ်က မုဟမ္မဒ်သခင်အား နောက်ဆုံး တမန်တော်ချုပ်နှင့် လောကခပ်သိမ်းအတွက် မေတ္တာရှင် အဖြစ် အာရေဗျကျွန်းဆွယ်ရှိ ပထမဆုံး တမန်တော် အာဒမ်ပွင့်ရာ မက္ကာဟ်မြို့တော်၌ပင် ပွင့်ပေါ်စေတော်မူခဲ့ပေသတည်း။
“စင်စစ် (မုဟမ္မဒ်သည်) အလ္လာဟ်အရှင်မြတ်၏ ရစူလ် တမန်တော်နှင့်(ခေတ်အဆက်ဆက်) နဗီတမန်တော် အပေါင်းတို့(၏ နဗူဝသ်)ကို အဆုံးသတ်သူ ဖြစ်ပေသည်။ (ကုရ်အာန် ၃၃း၄၀)

No comments:

Post a Comment