Thursday 30 August 2012

အခန်း (၁၂) နေ၊ လ၊ ကြယ်တို့၏ သက်သေ လက္ခဏာများ

အခန်း (၁၂) နေ၊ လ၊ ကြယ်တို့၏ သက်သေ လက္ခဏာများ ၄င်းပြင် ထိုအရှင်မြတ်သည်ပင်လျင် အသင်တို့အကျိုးငှာ ညဥ့်နှင့် နေ့ကို လည်းကောင်း၊ နေနှင့် လကို လည်းကောင်း (အလ္လာဟ်၏) အမိန့်တော်ကို လိုက်နာစေတော်မူခဲ့၏။ ထို့ပြင် ကြယ် နက္ခတ်တို့သည်လည်း ထိုအရှင်မြတ်၏ အမိန့်တော်ဖြင့် လိုက်နာစေခြင်းကို ခံခဲ့ကြရပြီးဖြစ်၏။ ဧကန်အမှန် ဤသည်၌ နားလည်ကြကုန်သော သူတို့အဖို့ (အလ္လာဟ်ရှိတော်မူကြောင်း) သက်သေလက္ခဏာတော်များ ရှိကြပေသည်။ (ကုရ်အာန် ၁၆း၁၂)
စကြဝဠာဝတ်ကျောင်းတော်ကြီး “ဧကန်စင်စစ် အသင်တို့အား ဖန်ဆင်းမွေးမြူတောမူသော အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ ကမာဂြိုဟ်ကို လည်းကောင်း၊ (၆) ရက်တွင် ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် အရရှ်ပလ္လင်တော်ထက်ဝယ် စံမြန်းတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည် နေ့ကို ညဥ့်ဖြင့် ဖုံးအုပ်တော်မူလေသည်။ ထိုညဥ့်သည် ၄င်းတို့၏ နောက်မှလျင်မြန်စွာရောက်ရှိလာလေသည်. ၄င်းပြင် နေကို လည်းကောင်း၊ လစန္ဒာကို လည်းကောင်း၊ ကြယ်နက္ခတ်တို့ကို လည်းကောင်း မိမိ၏ သြဇာခံများအဖြစ် (ဖန်ဆင်းတော်မူခဲ့၏)။ ဖန်ဆင်းမှုသည် လည်းကောင်း၊ အမိန့်အာဏာတော်သည် လည်းကောင်း ထိုအရှင်မြတ်၌သာလျှင် ရှိသည်ကို ကောင်းစွာ မှတ်ယူကြလေကုန်။ စကြဝဠာခပ်သိမ်းတို့ကို ထင်ရှားဖြစ်ပေါ်စေတော်မူသော အလ္လာဟ်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူချေ သတည်း” (ကုရ်အာန် ၇း၅၄)
>နေနှင့်လတို့၏ ရွေ့လျားရခြင်း အကြောင်းရင်း
“ထိုအရှင်မြတ်သည် ညဥ့်၏ အမှောင်မိုက်အတွင်းမှ နံနက်မိုးသောက်ချိန်ကို ခွဲထုတ်တော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ၄င်းပြင် ထိုအရှင်မြတ်သည်ပင် ညဥ့်အချိန်ကို (လူသတ္တဝါအပေါင်းတို့) အနားယူရန် ပြုလုပ်ထားတော်မူ၏။ နေနှင့် လစန္ဒာကိုလည်း (နေ့ရက် လများ) တွက်ချက်နိုင်ရန် အတိုင်း အတာနှင့်ပြုလုပ်ထားတော်မူ၏။ ဤသည် ဘုန်းတော်နှင့် ပြည့်စုံတော်မူသော အလုံးစုံကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်၏ သက္ကဒီရ် စီမံခန့်ခွဲမှုပင်တည်း” (ကုရ်အာန် ၆း၉၆)ြ
ကယ်များရွေ့လျားရခြင်း အကြောင်းရင်း
“….ထိုအရှင်မြတ်သည်ပင် အသင်တို့အဖို့ နက္ခတ်တာရာများကို ကုန်းမြေနှင့် သမုဒ္ဒရာပင်လယ်၏ အမှောင်များတွင် လမ်းမှန်သိရစေခြင်းငှာ ပြုလုပ်တော်မူခဲ့လေသည်။ စင်စစ် ငါအရှင်မြတ်သည် (မိမိ၏) သက်သေသာဓကများကို စဉ်းစားဆင်ခြင်သိနားလည်သောသူတို့အဖို့ အသေးစိတ်ရှင်းလင်း ဖော်ပြတော်မူခဲ့လေသတည်း” (ကုရ်အာန် ၆း၉၇)
စကြဝဠာများအနက် “စမာအတ်ဒုနိယာ” ခေါ် အောက်ဆုံးထပ်တွင် ကျွန်ုပ်တို့၏ ဂလက်ဆီက ရှိနေ၏။ ကျွန်ုပ်တို့၏ ဂလက်ဆီကြီး၏ အစွန်းတစ်နေရာတွင် ကမ္ဘာဂြိုဟ်ပါဝင်သော နေမိသားစုရှိနေ၏။ နေ၊ လ၊ ကြယ်များအားလုံးသည် အလ္လာဟ်၏ သတ်မှတ်မှု သက္ကဒီရ်အတိုင်း ဖြစ်ပေါ်လာရ၏။ စကြဝဠာကို အလ္လာဟ်က ဝဟီလမ်းညွှန်ပေးကတည်းက မိမိတို့လုပဆောင်ရမည့် တာဝန်များကို သိပြီးဖြစ်၏။ ၄င်းတို့အားလုံးသည် အလ္လာဟ်၏ အမိန့်တော် အမရ်-ကိုနာခံသူ (မုစ်လင်မ်)များဖြစ်ကြ၏။ လူသားတို့ကိုလည်း အလ္လာဟ်ရှိတော်မူကြောင်း သက်သေလက္ခဏာများပေးနေရင်း အလ္လာဟ်၏ ဝဟီလမ်းညွှန် ကုရ်အာန်ကို နာခံကြရန် သက်သေပြနေ၏။ လူသား အကျိုးဆောင်နေကြ၏။
>ဂြိုဟ်နက္ခတ်တို့ သွားရာလမ်းများ
“စင်စစ် ထိုအရှင်မြတ်သည်ပင် ညဥ့်နှင့်နေ့ကိုလည်းကောင်း နေနှင့် လကို လည်းကောင်း ဖန်ဆင်းတော်မူခဲ့သော အရှင်ဖြစ်တော်မူ၏။ (ထိုဂြိုဟ်နက္ခတ်) အသီးသီးတို့သည် (မိမိတို့သက်ဆိုင်ရာ) ဂြိုဟ်နက္ခတ်လမ်း အသီးသီးတွင် လှည့်ပတ်သွားလာ လှုပ်ရှားလျက်ပင် ရှိကြကုန် သတည်း” (ကုရ်အာန် ၂၁း၃၃)
“သူရိယနေသည်လည်းကောင်း၊ လစန္ဒာသည်လည်းကောင်း အတွက်အချက် အချိန်နှင့်ကိုက်ညီစွာ (သွားလာလှုပ်ရှားလျက်) ရိကြကုန်၏” (ကုရ်အာန် ၅၅း၅)
လသည်ကမ္ဘာကို တစ်လတစ်ကြိမ်ပတ်နေကြောင်းကို လူသားတို့သိခဲ့ကြသော်လည်း နေသည်မည်သည့်အရာကို ပတ်နေကြောင်း (နေပတ်လမ်း)ကို မသိကြ။ ယနေ့ ခေတ်သစ် သိပ္ပံက နေသည်ကျွန်ုပ်တို့၏ ဂလက်ဆီ၏ ဗဟိုကို နှစ်ပေါင်း ၂၂၅ သန်းတွင် တစ်ကြိမ်ပတ်နေကြောင်း ရှာဖွေတွေ့ရှိချက်သည် အလ္လာဟ်နှင့် ကျမ်းမြတ် ကုရ်အာန်ကို ထောက်ခံမှုသာဖြစ်၏။
ထို့ပြင် ၄င်းတို့အသီးသီး၏ လမ်းကြောင်းများ အချိန်များ၊ သွားနေသော ပြင်းထန်လှသည့် အလျှင်များသည် အလ္လာဟ်၏ သတ်မှတ်ချက် အတိုင်း စနစ်တကျဖြစ်ကြောင်း တွေ့ရပေသည်။ ထို့ပြင် အထက်ပါ အာယာသ်တော် ၂၁း၃၃ တွင် “ယပ်စဗဟူန်း”ဟူသည် ဂြိုဟ်နက္ခတ် အသီးသီးသည် ကိုယ်တိုင်လည်ပတ် လှုပ်ရှားရင်းရွေ့လျားမှုကို ပြဆိုထား၏။ ဂြိုဟ်နက္ခတ်များ မိမိတို့၏ ဝင်ရိုးပေါ်တွင် လည်နေရင်း မိမိတို့ပတ်လမ်းတွင် ရွေ့လျားမှုကို သိပ္ပံကတွေ့ရှိထောက်ခံခြင်းသာဖြစ်၏။
>နေ နှင့် လ ခွဲခြားပြမှု
“အလ္လာဟ်အရှင်မြတ်သည် မိုးခုနှစ်ထပ်ကို မည်သို့မည်ပုံ အထပ်ထပ် ဖန်ဆင်းတော်မူခဲ့သည်ကို အသင်တို့သည် လေ့လာဆင်ခြင် တွေ့မြင်ခဲ့ကြသည်မဟုတ်လော့။ ၄င်းပြင် ထိုအရှင်မြတ်သည် ယင်းမိုးကောင်းကင်များ၌ လ ကို နူရ်လင်းရောင်ခြည် ဖြစ်စေတော်မူခဲ့သည်။ ထို့ပြင် နေကို စီရာဂ်ျ မီးရှုးမီးတိုင် ပြုလုပ်တော်မူခဲ့သည်” (ကုရ်အာန် ၇၁း၁၅-၁၆)
အတိတ်ခေတ်က လူတို့သည် နေနှင့်လ နှစ်ခုလုံးသည် ကိုယ်ပိုင် အလင်းရောင်များ လွှင့်ထုတ်ပေးနေသည်ဟု ထင်ခဲ့ကြ၏။ ဖန်ဆင်းရှင် အလ္လာဟ်က နေသည်ကိုယ်ပိုင် အလင်းရောင်လွှတ်ထုတ်သော စီရာဂ်ျ ဖြစ်ကြောင်းနှင့် လသည် ကိုယ်ပိုင်အလင်းရောင်မရှိသော နူရ်ဖြစ်ကြောင်း ကုရ်အာန်တွင်း၌ ဖော်ပြလိုက်၏။ ထိုအချက်ကို သိပ္ပံပညာက ရှာဖွေတွေ့ရှိမှုသည် ကုရ်အာန်နှင့် ကျမ်းရှင် အလ္လာဟ်ကို ထောက်ခံမှုများသာဖြစ်၏။
>နေမင်း၏ သက်တမ်း ကုန်ဆုံးမှု
“…(ယင်း နေနှင့်လ) အသီးသီးမှာ သတ်မှတ်ပြဋ္ဌာန်းအပ်သော အချိန်ကာလတိုင်အောင် သွားလာလှုပ်ရှားလျက်ပင် ရှိပေမည်။ (ကုရ်အာန် ၃၁း၂၉)
“နေသည် ခေါက်လိပ်ခြင်းကိုခံရသောအခါ (အလင်းရောင်မဲ့သွားသောအခါ) ထို့ပြင် ကြယ်တာရာများ ပျက်သုဉ်းသောအခါ…..” (ကုရ်အာန် ၈၁း၁-၂)
အထက်ပါ အာယာသ်တော်များအရ နေသည် သတ်မှတ်ထားသော အချိန်ကာလအတွက်သာဖြစ်၏။ ထာဝရ မဟုတ်ပေ။ အချိန်တန်က ခေါက်လိပ်ခြင်းခံရမည်။ အလင်းရောင် မဲ့သွားမည်။ (ထိုနေ့ကား စကြဝဠာ၏ နေက်ဆုံးနေ့တော်ကြီးဖြစ်သည်) နေသည် ကြယ်တစ်စင်းပင် ဖြစ်သည်။ ယနေ့ သိပ္ပံ၏တွေ့ရှိချက်များအရ များစွာသော ကြယ်များ သက်တမ်းကုန်ဆုံး၍ ပေါက်ကွဲပျက်စီးမှုကို တွေ့ရပြီးဖြစ်သည်။ ခေါက်လိပ်ခြင်းနှင့် စပ်လျဉ်း၍ စကြဝဠာအတွင်း ထူးဆန်းသော စကြဝဠာ၏ တွင်းနက်ကြီးများ (Black Holes) ကိုလည်း ရှာဖွေ တွေ့ရှိပြီးဖြစ်၏။ စင်စစ် လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ ကျော်က ကုရ်အာန်နှင့် ဖန်ဆင်းရှင် အလ္လာဟ်ကို ထောက်ခံနေခြင်းသာ ဖြစ်၏။
>ကြယ်များ
“ (ငါအရှင်မြတ်သည်) မိုးကောင်းကင်ကို လည်းကောင်း၊ ညဥ့်အချိန်၌ လသာသောအရာကို လည်းကောင်း သက်သေထူတော်မူ၏။ စင်စစ် ညဥ့်အချိန်၌လာသော အရာကား အဘယ်အရာနည်း။ အသင်သိပါသလော။ ယင်းသည် (ထွင်းဖောက်) လင်းဝင်းတောက်ပသော ကြယ်တာရာများပင်” (ကုရ်အာန် ၈၆း၁-၃)
အထက်ပါ အာယာသ်တော်များအရ ကြယ်(နဂျမ်)ကို “ဆာကီဘ်”ဟူသော စာလုံးဖြင့်တွဲ၍ ကိုယ်ပိုင် လောင်ကျွမ်းတောက်ပသော အလင်းရောင်အဖြစ် ပြဆိုထားမှုကို ယနေ့ သိပ္ပံက ထောက်ခံဦးချနေပြန်သည်။ (Shooting Star) များနှင့်ပတ်သက်၍ ကုရ်အာန် ၃၇း၁၀ နှင့် ၇၂း၈-၉ တို့တွင် ရှိဟာဘွန်း ဆာကိဘ် ဟူ၍ ဖော်ပြထားသည်။

No comments:

Post a Comment