Sunday 23 September 2012

တိုင်းတာသတ်မှတ်ထားမှု

တိုင်းတာသတ်မှတ်ထားမှု(သက္ကဒီရ်)
အလ္လာဟ်၏ စီမံမှု အမိန့်တော်အရ ပထမဆုံး ဖြစ်ပေါ်လာသော ဥပဒေသများသည် အလ္လာဟ်သတ်မှတ်ထားသည့် ပုံစံအတိုင်း အသီးသီးထင်ရှားဖြစ်ပေါ်စေခြင်းကို သက္ကဒီရ် ဟုခေါ်သည်။
“ဧကန်မလွဲ ငါအရှင်မြတ်သည် အရာခပ်သိမ်း တို့ကို တိုင်းတာသတ်မှတ်၍ ဖန်ဆင်းတော်မူခဲ့သည်” (ကုရ်အာန်၅၄း၄၉)
“စင်စစ် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော် (အမ်ရ်) သည်ကား ကောင်းမွန်စွာ တိုင်းတာ သတ်မှတ်ပြီး ဖြစ်ပေသတည်း” (ကုရ်အာန်၃၃း၃၈)
အလ္လာဟ်၏ သက္ကဒီရ် သတ်မှတ်ချက်အရ စကြဝဠာ ခပ်သိမ်း အတွင်း၌ မည်သူကမျှ ရုပ်ဝတ္ထု စွမ်းအင်များကို လုံးဝဖျောက်ဖျက် ပစ်နိုင်ခြင်း၊ အသစ်များထပ်ထည့်နိုင်ခြင်း မရှိတော့ချေ။ ထိုအလ္လာဟ်၏ တိုင်းတာသတ်မှတ်မှု(သက္ကဒီရ်) ကို သိပ္ပံပညာက စွမ်းအင်နိယာမ အဖြစ်တွေ့ရှိနေရခြင်းသာ ဖြစ်၏။
“စွမ်းအင်ကို ဖျောက်ဖျက်၍မရ၊ အသစ်ဖန်တီး၍လည်းမရ”
ဖော်ပြပါ သိပ္ပံ၏ စွမ်းအင်တည်မြဲမှုနိယာမသည် ဖန်ဆင်းရှင် မရှိဟု ဆိုခြင်းမဟုတ်ပေ။ ဖန်ဆင်းရှင် အလ္လာဟ်မှလွဲ၍ ဖန်ဆင်းခံ လောက အတွင်း၌ မည်သူမျှ အလ္လာဟ်၏(သက္ကဒီရ်) တိုင်းတာ သတ်မှတ်ထားမှုကို ဝင်ရောက်စွက်ဖက်နိုင်မှု မရှိခြင်းကိုသာ ပြဆိုသည်။ သိပ္ပံ အရစွမ်းအင်တို့ကို အသွင်တစ်ခုမှ အခြားအသွင်တစ်ခုသို့ ပြောင်းလဲခြင်းပြုနိုင်သော်လည်း မည်သူမျှ စွမ်းအင် အသစ်ကို ထည့်ခြင်း၊ရှိပြီးသော စွမ်းအင်တို့ကို ဖျောက်ဖျက်ခြင်းတို့ မပြုနိုင်တော့ချေ။ အလ္လာဟ်သည် စွမ်းအင်အားလုံးတို့ကို ဖြစ်ပေါ်စေသော ဘုန်းတော် ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူ၏။
>သောဝ်ဟီဒ်နှင့် ဖန်ဆင်းတော်မူခြင်း
“ထိုအရှင်မြတ်သည် တစ်ပါးတည်းသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန် ၆း၁၉)
“ထို့ပြင် အလ္လာဟ်သည် မိုးကောင်းကင်ဘက်သို့ လှည့်တော်မူခဲ့သည်။ ထိုအချိန်တွင် ယင်းမိုးကောင်းကင်သည် အခိုးအငွေ့သာ ဖြစ်နေခဲ့၏” (ကုရ်အာန်၄၁း၁၁)
“စင်စစ် မိုးကောင်ကင်များနှင့် ကမ္ဘာဂြိုဟ်သည် မူလက ပူးကပ်လျက်ရှိခဲ့သည်၊ ထို့နောက် ငါအရှင်မြတ်သည် ယင်းနှစ်ခုလုံးကို တစ်ခုစီ ခွဲခြားတော်မူခဲ့၏။ (ဤသည်ကို) မယုံကြည်သူများ မသိမမြင်ခဲ့ကြလေသလော။ ထို့ပြင် ငါအရှင်မြတ်သည် ရေဖြင့် ခပ်သိမ်းကို ဖန်ဆင်းတော်မူခဲ့သည်” (ကုရ်အာန်၂၁း၃၀)
“ချီမွမ်းထောမနာခြင်း အပေါင်းတို့သည် လောကခပ်သိမ်းကို မဖြစ်ပေါ်မီကစ၍ ပြီးပြည့်စုံသည့်တိုင်အောင် အဆင့်ဆင့် ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ် အတွက်သာတည်း” (ကုရ်အာန်၁း၂)
“အလ္လာဟ် အရှင်မြတ်သည်ပင် မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်အကြား ရှိသမျှတို့ကိုလည်းကောင်း ကာလ(၆)ခုတွင် ဖန်ဆင်းတော်မူခဲ့ပြီးနောက် အရရှ်ပလ္လင်ထက်ဝယ် စံမြန်းတော်မူခဲ့၏” (ကုရ်အာန်၃၂း၎)
“စင်စစ် ထိုအရှင်မြတ်၏ အရရှ်တော်သည် ရေပေါ်၌ ရှိခဲ့လေသည်” (ကုရ်အာန်၁၁း၇)
“ထို့ပြင် ငါအရှင်မြတ်သည် သက်ရှိ ခပ်သိမ်းတို့ကို ရေဖြင့် ဖန်ဆင်းတော်မူခဲ့သည်” (ကုရ်အာန်၂၁း၃၀) (အစ္စလာမ့်ယုံကြည်ချက်)
“မိုးကောင်းကင်များ၌ လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌ လည်းကောင်း၊ ရှိကြသောသူ ဟူသမျှတို့သည် “အရ်ရဟ်မားန်” အနန္တကရုဏာရှင်၏ ရှေ့မှောက်တွင် ကျွန်အဖြစ်နှင့် လာရောက်ကြရမည့် သူချည်းသာဖြစ်ကြသည်။ ဧကန်မလွဲ ငါအရှင်မြတ်သည် ၄င်းတို့အား ဝန်းခြုံထားသည့် အပြင် ၄င်းတို့အား ရေတွက်၍လည်း ထားတော်မူ၏။ စင်စစ် ထိုသူတို့ အသီးသီးတို့သည် ကိယာမသ် ရှင်ပြန်ထမည့်နေ့တွင် တစ်ဦးချင်း လာရောက်ရမည့်သူများသာလျင် ဖြစ်ကြကုန်၏” (ကုရ်အာန် ၁၉း၉၃-၉၄-၉၅) (အစ္စလာမ့်ယုံကြည်ချက်)
“…ထို အရှင်မြတ်သည် အသင် (လူသားတို့အား) နဖ်ဝိညာဉ်တစ်ခုတည်းမှ ဖန်ဆင်းတော်မူခဲ့လေသည်” (ကုရ်အာန်၎း၁)
“စင်စစ် ငါအရှင်မြတ်သည် မိုးကောင်းကင် များကိုလည်းကောင်း၊ ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် မြေစပ်ကြား၌ ရှိရှိသမျှတို့ကိုလည်းကောင်း၊ မှန်ကန်သော ရည်ရွယ်ချက်နှင့် တကွ ဖန်ဆင်းတော်မူခဲ့လေသည်။ ၄င်းပြင် ကိယာမသ် (ရှင်ပြန်ထမည့်) နေ့သည် မုချ ဆိုက်ရောက်လာမည်ဖြစ်သည်”(ကုရ်အာန်၁၅း၈၅)
“…ကစားရန် ဖန်ဆင်းတော်မူသည်မဟုတ်။ အကယ်၍သာ ငါအရှင်မြတ်သည် အပျင်းပြေ ကစားစရာကိုသာ ပြုလုပ်ရန် ရည်စူးတော်မူခဲ့ပါလျင် (ယင်းသို့) ပြုလုပ်တော်မူမည့် အရှင်လည်း ဖြစ်တော်မူပါလျင် မိမိထံ၌ ရှိသည်တို့ အနက်မှပင် ပြုလုပ်တော်မူပေမည်” (ကုရ်အာန် ၂၁း၁၆-၁၇)
“မိုးကောင်းကင်များကို လည်းကောင်း၊ ကမ္ဘာဂြိုဟ်ကို လည်းကောင်း ဖန်ဆင်းခြင်းသည် လူသားတို့အား ဖန်ဆင်းခြင်းထက် အမှန်ပင် ပို၍ ကြီးကျယ်လှပေသည်” (ကုရ်အာန် ၄၀း၅၇)
“ဧကန်မလွဲ (အားလုံး၏)ပြန်လည် ရောက်ရှိခြင်းသည် အသင်၏ အရှင်မြတ်ထံတော်သို့သာလျင် ဖြစ်၏” (ကုရ်အာန်၉၆း၈) (အစ္စလာမ့်ယုံကြည်ချက်)
လောကခပ်သိမ်းရှိ ရုပ် နှင့် နာမ် စွမ်းအင် {Energy}ခပ်သိမ်းသည် မူလအခြေခံ စွမ်းအင်တော်ကြီး ဖြစ်တော်မူသည့် အလ္လာဟ်၏ ဘုန်းတော် {Might}ကြောင့် ဖြစ်ပေါ်လာရ၏။ အလ္လာဟ်သည် အရာခပ်သိမ်းကို သက္ကဒီရ် သတ်မှတ်ထား၍ မည်သည့်စွမ်းအင်ကိုမျှ ဖန်ဆင်းခံတို့ထံမှ အသစ်ထည့်ခြင်း၊ ဖျောက်ဖျက်ခြင်း ပြု၍မရ။ ရှိပြီးစွမ်းအင်တို့ကိုသာ လူသားတို့ ပြုပြင်ပြောင်းလဲမှုသာ ပြုနိုင်၏။
အလ္လာဟ်သည်သာ စွမ်းအင် အသစ်ထည့်ခြင်း၊ ဖျောက်ဖျက်ခြင်းတို့ကို ပြုနိုင်၏။ လူသားတို့၏ နာမ်ပိုင်းဆိုင်ရာ ကုသိုလ်၊ အကုသိုလ်တို့မှာလည်း ဖျောက်ဖျက်၍ မရ။ အလ္လာဟ်ထံတွင် မှတ်တမ်းတင်ထားပြီး ဖြစ်၏။ နောက်ဆုံးတွင် ရုပ်နှင့် စွမ်းအင် (ကုသိုလ်၊ အကုသိုလ်မှတ်တမ်း) တို့သည် မူလစွမ်းအင် အလ္လာဟ်၏ ဘုန်းတော်ဖြင့် ပြန်လည်စုရုံးခြင်းခံရ၍ အကျိုးအပြစ်ပေးခြင်း ခံရမည်သာ ဖြစ်ပေသည်။
မည်သူမဆို မိမိ၌ရှိသော ရုပ်၊ နာမ် စွမ်းအင်တို့ကို ကောင်းမှုအသွင် ပြုပြင်၍လည်း ရ၏။ မကောင်းမှု အကုသိုလ် အသွင်ပြု၍လည်းရ၏။ သို့သော် မိမိပြုသော ကုသိုလ်၊ အကုသိုလ်တို့သည် ပျောက်ပျက်မသွားပါ။ အလ္လာဟ်ထံတော်တွင် (ကိယာမသ်)ရှင်ပြန်ထရမည့်နေ့တွင် အစားပေးခြင်ခံရပေမည်။ သိပ္ပံကပြောနေသော စွမ်းအင်တည်မြဲမှု နိယာမက သက်သေပင်ဖြစ်သည်။
စင်စစ် စကြဠာ လောကခပ်သိမ်းရှိ နာမ်နှင့် စွမ်းအင် အားလုံးတို့သည် နောက်ဆုံးနေ့တော်ကြီး၌ ရှင်ပြန်ထမည့် နေ့တွင် လက်ရှိ အသွင်မှ ပျက်စီးကြ၍ လူသားတို့ မသိနိုင်သော အသွင် အသစ်ဖြင့် အသစ်တစ်ဖန် ပြန်လည်ဖန်ဆင်းခံရ၍ အစားပေးမှုကို ခံရပေလိမ့်မည်။ အလ္လာဟ်၏ ဘုန်းတော်သည်သာ အမြဲထာဝရ ရှိနေ၏။

No comments:

Post a Comment