Sunday 23 September 2012

မရှိရာမှ ရှိရာသို့ စတင်ထင်ရှား ဖြစ်ပေါ်စေတော်မူခြင်း

မရှိရာမှ ရှိရာသို့ စတင်ထင်ရှား ဖြစ်ပေါ်စေတော်မူခြင်း
“(ထိုအလ္လာဟ် အရှင်မြတ်သည်) မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုလ်ကို စတင်ဖန်ဆင်း တော်မူသော အရှင်ဖြစ်တော်မူ၏။” (ကုရ်အာန် ၂း၁၁၇)
မိုးကောင်းကင်များဟူသည် လူသားတို့ ဦးခေါင်းပေါ်ရှိ အရာအားလုံး (စကြဝဠာခပ်သိမ်း)ကို ဆိုလိုသော ကုရ်အာန်ကျမ်းမြတ်၏ အသုန်းအနှုန်းဖြစ်သည်။ ထို့ကြောင့် အလ္လာဟ်သည် စကြဝဠာခပ်သိမ်းနှင့် ကမ္ဘာဂြိုလ်တို့ကို မရှိရာမှ ရှိရာသို့ စတင်ဖြစ်ပေါ် စေရခြင်းတို့၏ မူလ ပထမဆုံးသော {Prime Origin}အကြောင်း တရား၏ အရှင်ဖြစ်တော်မူ၏။ ရုပ်ဝါဒီသမားတို့က စကြဝဠာ အတွင်း၌ မူလပထမဆုံးသော ရုပ်ဝတ္ထု {Matter} များသည် နိစ္စထာဝရ တည်ရှိနေကြ၏။
လက်ရှိ လူသားတို့ မြင်နေရသော စကြဝဠာခပ်သိမ်း၊ သက်ရှိသက်မဲ့ ခပ်သိမ်းတို့သည် မတည်မြဲဘဲ ပျက်စီးကြရမည်။ မူလပထမဆုံးသော ရုပ်ဝတ္ထုများထဲ ပြန်ဝင်စားကြ၍ အရာဝတ္ထုများ ဖြစ်ပေါ်စေခြင်း၏ အခြေခံတရားအဖြစ် ရှိနေမည်ဟုဆိုကြသည်။ ကုရ်အာန်ကမူ ထိုအခြေခံတရား ရုပ်ဝတ္ထုများ ဖြစ်ပေါ်စေသော အဆုံးစွန်သော မူလပထမ အကြောင်းတရား၏ အရှင်မှာ အလ္လာဟ်ဖြစ်ကြောင်း အထိပြဆိုသည်။ စကြဝဠာကို ထာဝရ တည်နေမည်ဟု ယူဆသူတို့အတွက် စကြဝဠာ ခပ်သိမ်းသည် အလ္လာဟ်၏ ဖန်ဆင်းခံဖြစ်ကြောင်း ပြ၏။
အလ္လာဟ်သည် အက်တမ် အဏုမြူမှုန်များနှင့် ယင်းထက်သေးငယ်သော ဓာတ်များ၊ ရေ၊ မြေ၊ လေ၊ မီး အာကာသ ဓာတ်အပါအဝင် ရုပ်၊ နာမ် အားလုံးတို့ကို ဖြစ်ပေါ်စေသော မူလပကတိ အကြောင်းတရား၏ အရှင်သခင်ဖြစ်သည်။ အလ္လာဟ်သည် အကြောင်းတရား၊ အကျိုးတရား အားလုံးတို့ကို ဖြစ်ပေါ်စေသော နိစ္စထာဝရပြီးပြည့်စုံနေသည့် အရှင် ဖြစ်တော်မူ၏။
>ဆင့်ကဲဖြစ်စဉ် {EVOLUTION} (အစ္စလာမ့်ယုံကြည်ျက်)
ကုရ်အာန်ကျမ်းမြတ်အတွင်း၌ မူလအခြေခံ ရုပ်နှင့် စွမ်းအင်တို့မှ အရာဝတ္ထုအသစ်များ အဆင့်ဆင့် တရွေ့ရွေ့ ထင်ရှားဖြစ်ပေါ်လာစေခြင်းနှင့်စပ်လျဉ်း၍ အဓိက ဖော်ပြချက်နှစ်မျိုးမှာ‘အမ်ရ်’နှင့် ‘ခလက’ တို့ဖြစ်သည်။ ‘ခလက’ဟူသော အသုံးအနှုန်းသည် မူလရှိနှင့်ပြီးဖြစ်သော အခြေခံရုပ် ဝတ္ထုပစ္စည်းများမှ အရာဝတ္ထုသစ်များကို ဆင့်ကဲဖြစ်စေဖြစ်သည်။
“(ထိုမျှပင်မကသေး) မည်သည့်အခါမဆို ထိုအရှင်မြတ်သည် တစ်စုံတစ်ခုသော အမှုကိစ္စကို စီရင်ဆုံးဖြတ် ပြဋ္ဌာန်းလိုတော်မူပါလျင်“ဖြစ်စေ” ဟူသော အမိန့်တော် ပေးရုံမျှဖြင့် ထိုအမှုကိစ္စ အဝဝတို့သည် (အလိုရှိတော်မူသည့်အတိုင်း) ဖြစ်ပေါ်လာလေသတည်း” (ကုရ်အာန်၂း၁၁၇)
“(ထိုအရှင်မြတ်သည်) သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန် ၆း၁၀၂)
အထက်ပါ အာယာသ်တော်များ အရ အလ္လာဟ်ရှိနေခြင်း၊ အလ္လာဟ်အမိန့်ကိုနာခံရန် အရာဝတ္ထုရှိနေခြင်း၊ ထိုအရာဝတ္ထုသည် အလ္လာဟ်အမိန့်ကိုသာ ခံယူနိုင်သော စွမ်းရည်နှင့် အလ္လာဟ်အမိန့်တော် အတိုင်းပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်စွမ်းရှိခြင်း စသည်တို့ဖြင့် မူလအခြေခံ ရုပ်ဝတ္ထုတို့သည် အလ္လာဟ်အလိုတော်ရှိသည့်အတိုင်း အဆင့်ဆင့် ပြောင်းလဲထင်ရှား ဖြစ်ပေါ်စေခြင်းဖြစ်၏။ ထိုသို့အရာဝတ္ထု အသစ်များ ဆင့်ကဲပြောင်းလဲ ဖြစ်ပေါ်ရခြင်းသည် အလ္လာဟ်၏ အမိန့်တော် အမ်ရ် ကြောင့်ဖြစ်ရ၏။
ဤ (ဖြစ်စေ ဖြစ်လာ၏) စီမံမှုအမိန့်တော် အမ်ရ်၏ သဘော သဘာဝနှင့် မည်သို့ဆောင်ရွက်သည် စသည်တို့မှာ မပြီးမပြည့်စုံသော လူသားတို့၏ ဉာဏ်နှင့် ဆင်ခြင်တုံ့တရားတို့ဖြင့် မမီနိုင်ချေ။ ထိုစီမံမှု အမိန့်တော်ကို ရုပ်တရား၏ ကန့်သတ်ချက် အချိန်ကာလတို့ဖြင့်လည်း ရှင်းလင်း၍မရချေ။
“စင်စစ် ငါအရှင်မြတ်၏ အမိန့်တော်(အမ်ရ်) မှာ တစ်ကြိမ်တည်း အမိန့်ပေးရုံမျှဖြင့် မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားပေမည်” (ကုရ်အာန် ၅၄း၅၀)
“စင်စစ် ထိုအရှင်မြတ်သည် မိမိ အလိုရှိတော်မူသော ကိစ္စကို ဆောင်ရွက်တော်မူသည်” (ကုရ်အာန် ၁၄း၂၇)
“ထိုအရှင်မြတ်သည် မိမိ ပြုလုပ်တော်မူသော ကိစ္စများနှင့် စပ်လျဉ်း၍(မည်သူ့ရှေ့၌မျှ) ထုတ်ချေတော်မူရမည် မဟုတ်” (ကုရ်အာန် ၂၁း၂၃)
ဥပမာ ‘မီးမှာ ဘာကြောင့်လောင်တဲ့ အစွမ်းရှိရသလဲ’ ‘အရာဝတ္ထုများ ဘာကြောင့် ကမ္ဘာမြေပေါ်သို့ ပြန်ကျရတာလဲ’ စသည်ဖြင့် မည်သူ တစ်ဦး တစ်ယောက်မျှ စောဒက တက်နိုင်စွမ်း မရှိချေ။ အလ္လာဟ်သတ်မှတ်ထား သော ဥပဒေသများ၏ စတင်ခြင်း၊ မူလပထမဆုံး အလ္လာဟ် သတ်မှတ်လိုက်သော ဥပဒေသ (နိယာမ) များသည် ထိုသတ်မှတ်ထားသော ပုံစံအတိုင်း ဆက်လက် ဖြစ်ပေါ်နေတော့သည်။ ယင်းကို သဘာဝနိယာမတရားဟူ၍ လူတို့က ခေါ်ဝေါ်ကြလေသည်။

No comments:

Post a Comment