Friday 21 September 2012

လောကခပ်သိမ်းတို့၏ အရှင်အလ္လာဟ်

လောကခပ်သိမ်းတို့၏ အရှင်အလ္လာဟ်
“ချီးမွမ်း ထောမနာခြင်းအပေါင်းတို့သည် လောကခပ်သိမ်းတို့ကို မရှိရာမှ ပြီးပြည့်စုံသည်အထိ အဆင့်ဆင့် ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ်အတွက်သာတည်း” (ကုရ်အာန်၁း၂)
အာလမီန်းခေါ် လောကခပ်သိမ်းတွင် ရုပ်လောက၊ နာမ်လောကနှင့် ရုပ်နာမ်တို့၏ စွမ်းအင်များ အားလုံးပါဝင်သည်၊ ဥပမာ-အဏုမြူမှုန် (အက်တမ်)ကမ္ဘာလေး အတွင်းမှ ဒြပ်စင်များ ဒြပ်ပေါင်းများ အဆင့်ဆင့် ဖြစ်လာခြင်း၊ ထိုမှတစ်ဆင့် နေ၊ လ၊ ကမ္ဘာ၊ နက္ခတ်တာရာများ၊ ပထဝီမြေများ၊ ရေ၊ မြေ၊ လေ မီး စသည့်ဓာတ်များ၊ စကြဝဠာ ခပ်သိမ်းတို့ ဖြစ်သည်။ ထို့အတူ လူလောက၊ တိရစ္ဆာန်လောက၊ သစ်ပင်လောက၊ စကြဝဠာအတွင်းမှ သက်ရှိသူများလောက၊ မလာအီကဟ်များ၊ ဂျင်များ၊ ရုဟ် ဝိညာဉ်လောက စသည်တို့ဖြစ်၏။
(ကုရ်အာန်၃၆း ၃၆) အရ လူသားတို့ မသိသေးသောအရာ များစွာပင်ရှိသေးသည်။ အလ္လာဟ်သည် ရုပ်စကြဝဠာ ကမ္ဘာလောကခပ်သိမ်းကို အက်တမ် (ခေါ်) အဏုမြူမှုန်များဖြင့် ဖွဲ့စည်းထား၏။ ထိုအဏုမြူမှုန် အသီးသီးတို့ကိုလည်း အဏုမြူမှုန်ထက် သေးငယ်သော အရာများဖြင့် ဖွဲ့စည်းထား၏။ စင်စစ် ရုပ်အဏုမြူမှုန်တို့ သည်လည်း အဖိုစွမ်းအင် (ပရိုတွန်) နှင့် အမစွမ်းအင် (အီလက်ထရွန်) စသော ဆန့်ကျင်ဘက် စွမ်းအင်များ ဖွဲ့စည်းထား၍ ရုပ်ဖြစ်လာရသည် (ကုရ်အာန် ၃၄း၃၊ ၃၄း၂၂၊ ၃၆း၃၆)
အဖိုဓာတ်(ပရိုတွန်) တစ်ခုနှင့် အမဓာတ် (အီလက်ထရွန်) တစ်ခုဖြစ်သော စွမ်းအင်၂-ခု ပေါင်းစပ်သောအခါ ဟိုက်ဒရိုဂျင် အဏုမြူမှုန် ဖြစ်လာ၏။ အဖိုဓာတ်(ပရိုတွန်)၂-ခုနှင့် အမဓာတ် (အီလက်ထရွန်)၂-ခု ပေါင်းစပ်သောအခါ ဟီလီယမ် အဏုမြူမှုန် ဖြစ်လာ၏။ ဤသို့ဖြင့် အဖိုဓာတ် (ပရိုတွန်)နှင့် အမဓာတ် (အီလက်ထရွန်)တို့ (၃)စုံ၊ (၄)စုံ၊ (၅)စုံစသည်ဖြင့် အဆင့်ဆင့် ပေါင်းစပ်ကြည့်၍ မျိုးမတူသော အဏုမြူမှုန်တို့ဖြစ်လာ၏။ ယနေ့ထိ သိပ္ပံပညာက အမျိုးမတူသော အဏုမြူမှုန်ပေါင်း (၁၀၉)မျိုးကို တွေ့ပြီးဖြစ်သည်။
မျိုးတူသော အက်တမ်အဏုမြူမှုန်များ အချင်းချင်း ပူးပေါင်းခြင်းဖြင့် သန့်စင်သော ဒြပ်ဝတ္ထု (ဒြပ်စင် Element) အမျိုးမျိုးဖြစ်ပေါ်လာသည်။ ဥပမာ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့၊ အောက်စီဂျင်ဓာတ်ငွေ့၊ ရွှေ၊ ငွေ၊ ကြေး စသည်တို့ဖြစ်သည်။ အမျိုးအစား မတူသော အဏုမြူမှုန် (ဒြပ်စင်)များ မျိုးစုံ ပေါင်းစပ်ကြခြင်းဖြင့် ရေ၊ မြေ၊ လေ၊ မီး၊ အပါအဝင် ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အရာခပ်သိမ်း နေ၊ လ၊ ကမ္ဘာ၊ နက္ခတ်တာရာ ခပ်သိမ်း စကြဝဠာခပ်သိမ်းတို့ ဖြစ်လာ၏။
ဥပမာ လေထဲတွင် ဟိုက်ဒရိုဂျင်၊ အောက်စီဂျင်၊ နိုက်ထရိုဂျင် စသော ဓာတ်ငွေ့များ ပါဝင်သည်။ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ ၂-ဆနှင့် အောက်စီဂျင် ဓာတ်ငွေ့ တစ်ဆတို့ အချိုးကျပေါင်းစပ်ခြင်းဖြင့် {H20} (ရေ) ဖြစ်လာသည်။ စကြဝဠာအတွင်း ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ဓာတ်ငွေ့ များစွာရှိနေသော်လည်း အားလုံး မပေါင်းစပ်ကြဘဲ အလ္လာဟ်သတ်မှတ်ထားသော အရေအတွက်သာ အချိုးအစားနှင့်အညီ ပေါင်းကြ၏။
အလ္လာဟ်သည် သက်မဲ့ရေမှ သက်ရှိခပ်သိမ်းတို့ကို စတင် ထင်ရှား ဖြစ်ပေါ်စေသည်။ သက်ရှိလောကများတွင် ကမ္ဘာဂြိုဟ်ပေါ်၌ သစ်ပင်ပန်းမန် လောက၊ တိရစ္ဆာန် လောကနှင့် လူ့လောကများရှိကြ၍ အခြား စကြဝဠာများတွင်လည်း သက်ရှိများ သက်ဆိုင်ရာ သဘာဝအလျောက် ရှိနေကြ၏။ (ကုရ်အာန်၂၁း၃၀၊ ၃၉း၆၈၊ ၄၂း၂၉) ကုရ်အာန် ကျမ်းမြတ် ၂း၂ တွင် ‘ဂိုက်ဘ်’ခေါ် လူသားတို့ ဆင်ခြင်တုံ့တရားဖြင့် မမီနိုင်သော အကွယ်တရားများရှိကြောင်း ဖော်ပြထား၏။ ထို့ပြင် (၃၆း၃၆) တွင် လူသားတို့ မသိသေးသော (အလ္လာဟ် ခွင့်ပြုလျင် သိနိုင်မည့်) အရာများလည်း ရှိနေကြောင်း ဖော်ပြထားသည်။
“ဂျင်န်” ဟူသော ဖန်ဆင်းခံရှိနေကြောင်း ကုရ်အာန်၏ နေရာများစွာတွင် ဖော်ပြထား၏။ (ဂျင်န်)ဟူသော စာလုံးသည် ကုရ်အာန်တွင် “ဂျန်န”ဟူသော စာလုံးမှ ဆင့်ပွားသုံးထား၏။ (ဂျန်န)၏ အဓိပ္ပာယ်မှာ အမှောင်ထု ဖုံးလွှမ်းခြင်း၊ ဖုံးကွယ်ထားသော အရာနှင့် စွမ်းအင်များကိုခေါ်သည်။ (ဥပမာ ကုရ်အာန် ၆း၇၆း တွင်ကြည့်ပါ) ထို့ကြောင့် ‘ဂျင်န်’ဟူသော ဖန်ဆင်းခံ လောကသည် လူသားတို့သဘာဝနှင့် မတူသော်လည်း၊ မမြင်နိုင်သော်လည်း အမှန်ရှိနေသည့် အရာများ၊ စွမ်းအင်များ Invisible Beings ကိုခေါ်သည်။
လူသားတို့၏ သဘာဝဖြင့် မမြင်နိုင်သော ထိုဂျင်န်လောကတွင် အမျိုးအစားပေါင်းမည်မျှ ရှိသည်ကို မသိနိုင်ချေ။ သို့သော် ဂျင်န်ဟူသည် အမှန်တရားနှင့် အကောင်းတရားကို ဆန့်ကျင်သည့် ရှိုဿွာန် စွမ်းရည်ကိုသာ သီးသန့်ဆိုလိုခြင်းမဟုတ်။ အမှန်တရားနှင့် အကောင်းတရားကို လက်ခံသည့် စွမ်းအင်များလည်း ပါဝင်သည်။ ကုရ်အာန် ကျမ်းမြတ်အတွင်း ဂျင်န်နှင့် စပ်လျဉ်း၍ နေရာများစွာတွင် အသွင် အမျိုးမျိုး ဖော်ပြချက် များစွာတို့မှာ ဂျင်န်တို့၌ ရုပ်ခန္ဓာ မရှိသော သဘောများလည်း ပါဝင်သည်။ ဂျင်န်တို့၏ သဘာဝကို ကုရ်အာန် ၁၅း၂၇ တွင် ပူပြင်းလှစွာသော မီးဖြင့် ဖန်ဆင်းထားသည် ဟူ၍ လည်းကောင်း၊ ကုရ်အာန် ၅၅း၁၅ တွင် အခိုးမဲ့ မီးမှ ဟူ၍ လည်းကောင်း၊ ကုရ်အာန် ၇း၁၂ နှင့် ၃၈း၇၆ တို့တွင် မီးမှ ဟူ၍လည်းကောင်း အလ္လာဟ်က စတင် ဖန်ဆင်းထားကြောင်း ဖော်ပြထား၏။
ဂျင်န်လောကတွင် အကောင်းနှင့်အဆိုး၊ အလ္လာဟ်ကို နာခံခြင်းနှင့် မနာခံခြင်း စသော ခေတ်ကမူ ဂျင်န်များကို မကောင်းဆိုးဝါး အဖြစ်သာ မှတ်ယူခဲ့ကြသည်။ နတ်ဘုရားများအဖြစ် ကိုးကွယ်ခဲ့ကြသည်။ ယခုလည်း နတ်အမည် အမျိုးမျိုးတပ်၍ လူသားတို့ ကိုးကွယ်ကြဆဲ ဖြစ်သည်။ စင်စစ် ဂျင်န်တို့သည် လူသားတို့ ကြောက်စရာ၊ ကိုးကွယ်စရာများ မဟုတ်။ ဂျင်န်အားလုံးတို့သည်လည်း လူသားတို့ကဲ့သို့ပင် ဖန်ဆင်းရှင် အလ္လာဟ်ကိုသာ အီဘာဒသ်ပြုရန် “ဖန်ဆင်းခြင်း ခံထားရသူများ” သာဖြစ်၏။ ဂျင်န်လောကတွင် အမှန်တရားနှင့် အကောင်းကို လက်ခံပြုမူသော စွမ်းအင်များ ရှိသလို၊ အမှန်တရားနှင့် အကောင်းကို ဆန့်ကျင်သော ရှိုဿွာန် စွမ်းအင်လည်း ရှိနေ၏။ သို့သော် မည်သည့် စွမ်းအင်ကမျှ “အလ္လာဟ်ကို နာခံသော၊ အီဘာဒသ်ပြုသော လူသား” ကို ဒုက္ခပေးလွှမ်းမိုးနိုင်ခြင်း မရှိစေရန် အလ္လာဟ်ကိုယ်တိုင် တာဝန်ယူထားပြီး ဖြစ်၏။ အလ္လာဟ်သည်သာ ကိုးကွယ်ရာဖြစ်၏။
“စင်စစ် ငါအရှင်မြတ်၏ ကျွန် (အီဘာဒသ်ပြုသူ)များ အပေါ်ဝယ် အသင် (ရှိုဿွာန်)၌ မည်သို့မျှ သြဇာရှိမည်မဟုတ်။ သို့ရာတွင် လွဲချော်မှောက်မှားသူများအနက် အသင် (ရှိုဿွာန်)၏ စကား (မမြင်နိုင်သော နှိုးဆော်ချက်) ကို နားထောင်သူများ (အပေါ်တွင်မူ အသင်ရှိုဿွာန်၏ သြဇာအာဏာ ရှိပေမည်)” (ကုရ်အာန် ၁၅း ၄၂)
လူသားများက ဂျင်န်တို့ကို စတင်၍ မကိုးကွယ်သမျှ၊ မနာခံသမျှ ကာလပတ်လုံး ဂျင်န် စွမ်းအင်တို့သည် လူသားများ အပေါ်လွှမ်းမိုးနိုင်ခြင်း မရှိချေ။ ကုရ်အာန်ကျမ်းမြတ်၏ နောက်ဆုံးစူရဟ်၁-ပုဒ် (၁၁၃ နှင့် ၁၁၄)တို့မှာ ဖန်ဆင်းရှင်အလ္လာဟ် ထံ၌ ဖန်ဆင်းခံအားလုံးတို့၏ လွှမ်းမိုးမှု အန္တရာယ်မှ ကင်းစေရန် ခိုလှုံမှုအတွက် ချပေးထားသော ကဏ္ဍ ၂-ပုဒ်ဖြစ်သည်။ မလာအီကဟ်တို့သည် လူသားတို့၏ သဘာဝဖြင့် မမြင်နိုင်သော ဖန်ဆင်းခံတို့ဖြစ်ကြ၏။ အလ္လာဟ်၏ မြင့်မြတ်သော အစေခံများ ဖြစ်ကြ၏။ (ကုရ်အာန် ၃၅း၁။ ၃၇း၁၅၀။ ၄၁း၁၉။ ၂၁း ၂၆)
၎င်းတို့သည် လူသားများပြောဆို သကဲ့သို့ အလ္လာဟ်၏ သမီးတော်များလည်းမဟုတ်၊ ကိုးကွယ်ခြင်း ခံထိုက်သူများလည်း မဟုတ်။ (ကုရ်အာန် ၃း၈၀။ ၂၁း၂၆။ ၃၄း၄၀-၄၁။ ၅၃း၂၇) အလ္လာဟ် သင်ပေးထားသော အသိမှ လွဲ၍ အခြားအပိုများ မသိကြ (ကုရ်အာန် ၈၂း၁၂) အလ္လာဟ်ညွှန်သော အမိန့်ကိုသာ နာခံကြ၏။ မောပန်းနွမ်းနယ်ခြင်း၊ မာနထောင်လွှားခြင်း၊ အလ္လာဟ်ကို ငြင်းဆန်ခြင်း၊ ဂရုမမူခြင်း မရှိ (ကုရ်အာန် ၂၁း၁၉။ ၂၀း၂၇။ ၇း၂၀၆။ ၄၁း၃၈။၇၈း၃၈။ ၁၆း၅၀။ ၆၆း၆)။
တစ်ဦးချင်းအတွက် သတ်မှတ်ထားသော နေရာ (စကြဝဠာ ခပ်သိမ်းအတွင်း၌) ရှိကြ၏။ မိမိတို့၏ တာဝန်ဝတ္တရားများကို ပျက်ကွက်ခြင်း မရှိ (ကုရ်အာန် ၆း၆၁။ ၃၇း၁၆၄-၁၆၆)။ ၄င်းတို့အတွင်း တာဝန်နှင့် အဆင့်အတန်းများ ရှိကြ၍ မကောင်းမှု စိတ်ထားများကို ဆန့်ကျင်နိုင်ကြ၏။ (ကုရ်အာန် ၃၇း၁-၂) အချို့တွင် အတောင် ၂-စုံ၊ အချို့တွင် ၃-စုံ၊ အချို့တွင် ၄-စုံရှိကြ၏။ (လျင်မြန်စွာ ဆောင်ရွက်နိုင်သော စွမ်းရည်ကိုဆိုလိုသည်) (ကုရ်အာန် ၃၅း၁)။ ၄င်းတို့သည်လည်း ဘာသာ သဘာဝအလျောက် တာဝန်အသီးသီးကို ထမ်းဆောင်ယင်း အလ္လာဟ်၏ အီဘာဒသ်ကို ပြုနေကြ၏။ (ကုရ်အာန် ၂း၃၀။ ၄း၁၇၂။ ၇း၂၀၆။ ၁၃၁၃။ ၁၆း၄၉။ ၃၉း၇၅။ ၄၀း၇)။
အလ္လာဟ်၏ တမန်တော်များ အဖြစ်လည်း ဆောင်ရွက်ကြရ၏။ (ကုရ်အာန် ၃၅း၁။ ၂၂း၇၅)။ အလ္လာဟ်၏ ခွင့်ပြုချက်ဖြင့်သာ သက်ဆင်းကြရ၏။ (ကုရ်အာန် ၁၉း၆၄)။ အလ္လာဟ်ထံမှ လမ်းညွှန်နှင့် သတင်းတို့ကို အလ္လာဟ်က ရွေးချယ် ပေးပို့လိုသော လူသားတို့ထံ (အထူးသဖြင့် တမန်တော်များထံ) ပေးပို့ကြရ၏။ (ကုရ်အာန် ၃း၃၉။ ၁၉း၇။ ၃း၄၂-၄၅။ ၁၉း၁၇-၁၉။ ၁၁း၆၉-၇၆။ ၁၅း၅၁-၆၀။ ၂၉း၃၁-၃၂။ ၅၁း၂၄-၃၀။ ၁၁း၇၇-၈၃။ ၁၅း၆၁-၇၇။ ၂၉း၃၃-၃၄။ ၅၄း၃၇။ ၁၆း၂။ ၄၀း၁၅)။
မလာအီကဟ်ချုပ် ဂျီဘရာအီလ်(ရူဟုလ်အမိန်း)သည် နောက်ဆုံး တမန်တော်ချုပ် မုဟမ္မဒ်သခင်ထံ နောက်ဆုံး ဝဟီလမ်းညွှန် ကုရ်အာန် ကျမ်းမြတ်ကို အလ္လာဟ်ထံမှ ယူဆောင်ပေးရသည်။ (ကုရ်အာန်၂း ၉၇။ ၁၆း၁၀၂။ ၂၆း၁၉၂-၁၉၅။ ၄၂း၅၂။ ၅၃း၅-၆)။ အလ္လာဟ်ကို သက်ဝင်ယုံကြည်သူတို့၏ နှလုံးသားကို အားဖြည့်ပေး၍ ကာကွယ်မှုပေးသူများ ဖြစ်ကြ၏။ (ကုရ်အာန် ၄၁း၃၀-၃၁။ ၅၈း၂၂) ၄၀း၇-၉။ ၂၁း၂၈။ ၃၄း၂၃။၅၃း၂၆။ ၃၃း၄၃-၅၆) လူတစ်ဦးချင်း၏ ပြောဆိုပြုမူချက်တို့ကို မှတ်တမ်းပြုကြ၏။ (ကုရ်အာန် ၁၀း၂၁။ ၄၃း၈၀။ ၄၅း၂၈-၂၉။ ၅၀း၁၇-၁၈။ ၈၂း၁၀-၁၂)။ ကီရာမာန်နှင့် ကာသီဘီန်အမည် ၂-ခု (၈၂း၁၁)။ မီကာအီလ် (၂း၉၇-၉၈) လူသားတိုင်း သေဆုံးချိန်၌ ထိုလူသား၏ ရုဟ်ဝိညာဉ်ကို နုတ်သိမ်းယူရသည်။ (ကုရ်အာန် ၄း၉၇။ ၆း၆၁-၉၃။ ၈း၅၀။ ၁၆း၂၈-၃၂။ ၃၂း၁၁။ ၄၇း၂၇)
စကြဝဠာ လောကခပ်သိမ်းရှိ သက်ရှိများအနက် အလ္လာဟ်သည် လူသားကို အကောင်းဆုံး ပုံစံဖြင့် ဖွဲ့စည်းထား၍ အကောင်းဆုံးစွမ်းရည်များ ပေးထား၏။ အလ္လာဟ်၏ လမ်းညွှန်မှုဖြင့် ထိုစွမ်းအင်တို့ကို စနစ်တကျ အသုံးချပါက လောကခပ်သိမ်းတွင် အဆင့်အမြင့်ဆုံးသို့ ရောက်နိုင်၏။ သို့မဟုတ်ပါက ပို၍ နိမ့်ကျသော အခြေအနေသို့ ရောက်နိုင်၏။ (ကုရ်အာန် ၉၅း၄၇)
ဖန်ဆင်းခံလောကအတွင်း ဖန်ဆင်းရှင်အလ္လာဟ်က “လွတ်လပ်စွာ ရွေးချယ်လုပ်ပိုင်ခွင့် ပေးထားသော ဖန်ဆင်းခံနှင့် မပေးခြင်းခံရသော ဖန်ဆင်းခံဟူ၍ ၂-မျိုးရှိ၏။ လွတ်လပ်စွာ ရွေးချယ်လုပ်ပိုင်ခွင့် မရှိသော ဖန်ဆင်းခံတို့သည် အလ္လာဟ်ထံမှ အမိန့်တော်များကို ငြင်းပယ်ခွင့် လုံးဝမရှိ။ တစ်သဝေမတိမ်း နာခံဆောင်ရွက်ကြရ၏။ (ဥပမာ ရုပ်စွမ်းအင်များ နေ၊ လ၊ ကြယ်၊ စကြဝဠာ စသည်များ။) လွတ်လပ်စွာ ရွေးချယ် လုပ်ပိုင်ခွင့်ရှိသော ဖန်ဆင်းခံတို့သည် အလ္လာဟ်ထံမှ ဝဟီလမ်းညွှန်များကို နာခံခြင်း၊ သို့မဟုတ် ငြင်းပယ်ခြင်းကို ပြုနိုင်၏။
သို့သော် ထိုလွတ်လပ်စွာ ရွေးချယ်လုပ်ပိုင်ခွင့်{ Free Will } ကို အခြေခံ၍ ပြုမူဆောင်ရွက်မှု အားလုံးအတွက် တာဝန်ရှိ၏။ အလ္လာဟ်ထံတွင် အစစ်ဆေးခံရမည်။ ပြုလုပ်မှုအားလုံးအတွက် ကောင်းမှုအတွက် အကျိုးဆုလာဘ်၊ မကောင်းမှုအတွက် ပြစ်ဒဏ်ပေးခြင်းခံရမည်။ လွတ်လပ်စွာ ရွေးချယ်လုပ်ပိုင်ခွင့်ကို အသုံးချမှု အပေါ်တွင် မူတည်သည်။ လူသားသည် လွတ်လပ်စွာ ရွေးချယ် လုပ်ပိုင်ခွင့်ပေးခြင်း ခံထားရသော ဖန်ဆင်းခံဖြစ်သည်။ အလ္လာဟ်ကို နာခံခြင်း၊ ငြင်းပယ်ခြင်းတို့အတွက် တာဝန်ရှိ၏။

No comments:

Post a Comment