Sunday 23 September 2012

ဒုတိယအကြိမ် ဖန်ဆင်းတော်မူမည်ဖြစ်ခြင်း

ဒုတိယအကြိမ် ဖန်ဆင်းတော်မူမည်ဖြစ်ခြင်း
“ထို(အလ္လာဟ်)အရှင်မြတ်အထံသို့သာလျင် အသင်တို့အားလုံး ပြန်လည်ရောက်ရှိကြရမည်ဖြစ်၏(ဤသည်) အလ္လာဟ်ထံတော်မှ မှန်ကန်စွာ ကတိပြုတော်မူခြင်းဖြစ်၏။ စင်စစ် ထိုအရှင်မြတ်သည်ပင် ဖန်ဆင်းခံရသည်များကို ပထမအကြိမ် စတင်ဖန်ဆင်းတော်မူခဲ့သည်။ ထိုအရှင်မြတ်သည်ပင် ယင်းဖန်ဆင်းခြင်း ခံရသည်များကို တစ်ဖန်ပြန်၍ ဖန်ဆင်းတော်မူမည်။ (သို့တစ်ဖန်ပြန်၍ ဖန်ဆင်းတော်မူခြင်းကား) ထိုအရှင်မြတ်သည် အီမာန် သက်ဝင်ယုံကြည်မှု ထားရှိသော၊ ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြကုန်သော သူတို့အား တရားမျှတစွာ အကျိုးပေးတော်မူခြင်းငှာ ဖြစ်သည်။
သို့သော် (ကာဖရ်) မယုံကြည်သွေဖည် ငြင်းပယ်သူတို့မူကား ၄င်းတို့သည် (အမှန်တရားကို) သွေဖည်ငြင်းပယ်လျက် ရှိခဲ့ကြသောကြောင့် ပူလောင်သော ရေနွေးကို သောက်သုံးခြင်း (ပူလောင်သောခံစားမှု)သည် လည်းကောင်း၊ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် လည်းကောင်း ရှိချေအံ့သတည်း” (ကုရ်အာန် ၁၀း၎)
ကြီးကျယ်သော သတင်း
“၄င်းတို့သည် မည်သည့်အရာနှင့် စပ်လျဉ်း၍ မိမိတို့ အချင်းချင်း မေးမြန်းလျက်ရှိကြသနည်း။ ၄င်းတို့သည် (ထို) ကြီးကျယ်လှစွာသော (ကိယာမသ် ရှင်ပြန်ထမည့်နေ့တော်ကြီး၏) အကြောင်း သတင်းကို မေးမြန်းလျက်ရှိကြကုန်၏” (ကုရ်အာန် ၇၈း၁-၂)
“၄င်းတို့သည် ကိယာမသ်ဖြစ်မည်မဟုတ်ဟု ထင်မှတ်နေကြသည်။ အလျင်းမဟုတ်၊ (ရှင်ပြန်ထမည့်နေ့သည် မုချဆိုက်ရောက်လာမည် ဖြစ်ရာ) ၄င်းတို့သည် မကြာမြင့်မီပင် သိရှိရပေမည်” (ကုရ်အာန် ၇၈း၎)(အစ္စလာမ့်ယုံကြည်ချက်)
“ကျွန်ုပ်တို့သည်(သေပြီးနောက်) ပကတိမြေကြီး ဖြစ်သွားခဲ့သောအခါ အသစ်ပြန်၍ ဖန်ဆင်းခြင်းကို ခံကြရမည်လောဟု ၄င်းတို့၏ ပြောဆိုချက်သည်ကား (သာ၍ပင်)အံ့သြဖွယ် ဖြစ်ပေသည်” (ကုရ်အာန်၁၃း၅)
“၄င်းတို့သည် အသင့်အား ကိယာမသ်(ခေါ်) ရှင်ပြန်ထကြမည့်နေ့နှင့် စပ်လျဉ်း၍ ထိုရှင်ပြန်ထရမည့်နေ့သည် မည်သည့် အချိန်ခါ၌ ဆိုက်ရောက်မည်နည်းဟု မေးမြန်းကြကုန်၏။ ပြောလော့-ထိုရှင်ပြန် ထရမည့်နေ့နှင့် စပ်လျဉ်းသော အသိကား ငါ၏ အရှင်မြတ် (အလ္လာဟ်)၌ သာလျင်ရှိ၏။ ထိုအရှင်မြတ်သည်သာလျင် ယင်းကိယာမသ်နေ့ကို ထိုကိယာမသ်(ဆိုက်ရောက်မည့်) အချိန်ကာလတွင် ပေါ်လွင်ထင်ရှားစေတော်မူအံ့။ ထိုကိယာမသ် (ဆိုက်ရောက်ခြင်းသည်) မိုးကောင်းကင် စကြဝဠာများ၌ လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌လည်းကောင်း အလွန်လေးလံ (ကြီးကျယ်လှသော ကိစ္စဖြစ်၏) ယင်းကိယာမသ် (ဆိုက်ရောက်ခြင်းသည်) ရုတ်တရက် ဆိုက်ရောက်လာပေလိမ့်မည်” ကုရ်အာန် ၇း၁၈၇)
“ဧကန်မလွဲ(ထို) အချိန်(ကိယာမသ်)ရောက်လာပေမည်။ လူတိုင်း လူတိုင်း မိမိကြိုးပမ်းမှုနှင့် လျှော်ညီစွာ အကျိုးခံစားနိုင်ရန် ငါအရှင်မြတ်သည် ယင်း(ကိယာမသ်) ရှင်ပြန်ထမည့် အချိန်ကို (မည်သူ့ကိုမျှ အသိမပေးဘဲ) လျှို့ဝှက်ထားတော်မူ၏” (ကုရ်အာန် ၂၀း၁၅)
“သို့ဖြစ်ရာ အသင်သည် မိုးကောင်းကင်မှ ထင်ရှားစွာသော အခိုးအငွေ့ ဖြစ်ပေါ်လာမည့် နေ့ကိုသာလျင် စောင့်စား၍နေပါလေ။ ယင်းအခိုးအငွေ့သည် လူသားတို့ကို ဖုံးလွှမ်း၍ သွားပေမည်။ ဤသည် (အပြစ်ရှိသူတို့အတွက်) အလွန်တရာ နာကျင်ဖွယ်ကောင်းသော အပြစ်ဒဏ်ပင် ဖြစ်ပေမည်” (ကုရ်အာန် ၄၄း၁၀-၁၁)
“အကြင်အခါဝယ် ကမ္ဘာမြေသည် ပြင်းထန်စွာ တုန်လှုပ်စေခြင်းကိုခံရမည်။ ၄င်းပြင် တောင်များသည် ညက်ညက်ကြေအောင် ခြေမွခြင်းကို ခံကြရမည်။ (ကုရ်အာန် ၅၆း၎-၅)
“စင်စစ် ထိုသူတို့သည် အလ္လာဟ်အား ကြည်ညိုလေးစားခဲ့ခြင်း မပြုခဲ့ကြပေ။ ရှင်ပြန်ထရမည့်နေ့တွင် ကမ္ဘာဂြိုဟ်တစ်ခုလုံးမှာ အရှင်မြတ်၏ လက်တစ်ဆုပ်စာပင် ရှိမည်သာမက မိုးကောင်းကင်များမှာလည်း ထိုအရှင်မြတ်၏ လက်ယာ လက်တော်တွင်းဝယ် လိပ်ထားလျက်ပင် ရှိပေမည်။ ထိုအရှင်မြတ်မှာမူကား ၄င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့မှ လုံးဝ စင်ကြယ် သန့်ရှင်းတော်မူသည့်ပြင် (ထိုအရာတို့ထက် အတိုင်းအဆမရှိ) မြင့်မြတ်တော်မူပေသတည်း” (ကုရ်အာန် ၃၉း၆၇)
အလ္လာဟ်၏ လက်တော်ဟူသည် အလ္လာဟ့် ဘုန်းတော်၊ အာဏာတော်ကို အာရဗီသဒ္ဒါနည်းအရ တင်စား ပြောဆိုမှုဖြစ်သည်။ စကြဝဠာခပ်သိမ်းနှင့် ကမ္ဘာဂြိုဟ်သည် ကိယာမသ်နေ့တွင် အလ္လာဟ်၏ ဘုန်းတော် အာဏာတော်အောက်ဝယ် တစ်စုတစ်ဝေးတည်း အဖြစ်ရှိပြီး ဘာမျှမဟုတ်ချေ။ အလ္လာဟ်သည်သာ ကြီးကျယ်မြင့်မြတ်တော်မူ၏။
“ထိုမှတစ်ပါး တံပိုးခရာမှုတ်သောအခါ အလ္လာဟ် အလိုတော်ရှိသူမှတစ်ပါး မိုးကောင်းကင်များ၌ ရှိကြသော သူတို့သည် လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌ ရှိကြသောသူတို့သည် လည်းကောင်း၊ သတိမေ့သွားကြပေမည် ထို့နောက်တစ်ဖန် ယင်းတံပိုးကို မှုတ်ခဲ့ပြန်သော် ၄င်းတို့မှာ ရုတ်တရက် မတ်တတ်ရပ်လျက် ကြည့်နေကြပေမည်” (ကုရ်အာန် ၃၉း ၆၀)
“၄င်းပြင် ကမ္ဘာဂြိုဟ် (အသစ်)မှာ ၄င်းတို့ဖန်ဆင်းတော်မူသော အရှင်မြတ်၏ (နူရ်) ရောင်ခြည်တော်ကြောင့် လင်းထိန်၍သွားပေမည်။ ထို့ပြင် မှတ်တမ်းစာအုပ်များသည်လည်း (အဆင်သင့်)ထားရှိပြီး ဖြစ်ကြပေမည်။ ထိုမှတစ်ပါး လူတိုင်း လူတိုင်းသည် မိမိတို့ ပြုလုပ်ခဲ့ကြသည် တို့၏ အစားပေးခြင်းကို အပြည့်အစုံ ပေးအပ်ခြင်းကို ခံကြရပေမည်။ စင်စစ် ထိုအရှင်မြတ်သည် ၄င်းတို့ ပြုလုပ်သမျှတို့ကို အသိတော်မူဆုံး ဖြစ်ပေသတည်း။ (ကုရ်အာန် ၃၉း၆၉-၇၀)

No comments:

Post a Comment