Friday 21 September 2012

အခန်း(၃) ဝဟီလမ်းညွှန် {DIVINE GUIDANCE REVELATION}

အခန်း(၃) ဝဟီလမ်းညွှန် {DIVINE GUIDANCE REVELATION}
“အလ္လာဟ် အရှင်မြတ်သည် မိုးကောင်းကင် (စကြဝဠာ)များနှင့် ကမ္ဘာဂြိုဟ်တို့၏ နူရီတော် လင်းရောင်ခြည် (တရား ရောင်ခြည် ပေးတော်မူသော အရှင်) ဖြစ်တော်မူ၏” (ကုရ်အာန် ၂၄း၃၅)
သက္ကဒီရ် တိုင်းတာသတ်မှတ်ခြင်းနှင့် ဝဟီ
“စင်စစ် ချီမွမ်းထောမနာခြင်း အပေါင်းတို့သည် မိုးကောင်းကင်များကို ဖန်ဆင်းတော်မူသော အရှင်၊ ကမ္ဘာဂြိုဟ်ကို ဖန်ဆင်းတော်မူသော အရှင်၊ လောကခပ်သိမ်းတို့ကို မရှိရာမှ ပြီးပြည့်စုံသည့်တိုင် အဆင့်ဆင့် ဖန်ဆင်းထင်ရှား ဖြစ်စေတော်မူသော အလ္လာဟ်အရှင်မြတ်အတွက်သာတည်း” (ကုရ်အာန် ၄၅း၃၆) (အစ္စလာမ့်ယုံကြည်ချက်)
“ထိုအရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို) ဖန်ဆင်းတော်မူပြီးနောက် (ဖန်ဆင်းခံရသည့် သဘာဝနှင့် အညီဖြစ်စေရန်) နေသားတကျ ဖြစ်အောင်လည်း ပြုလုပ်တော်မူခဲ့သည်။ ထို့ပြင် ထိုအရှင်မြတ်သည် (ကဒရ်)တိုင်းတာ သတ်မှတ်တော် မူပြီးနောက် လမ်းညွှန်တော်မူ၏” (ကုရ်အာန် ၈၇း၂-၃)
“အလ္လာဟ် ညွှန်ကြား ပြသတော်မူသော လမ်းညွှန်သည် သာလျင် မုချဧကန် ဖြောင့်မတ် မှန်ကန်သော တရားလမ်းပင်တည်း” (ကုရ်အာန် ၂း၁၂၀)
“အလ္လာဟ် အရှင်မြတ်သည် မိုးကောင်းကင် (စကြဝဠာ)များနှင့် ကမ္ဘာဂြိုဟ်၏ နူရီတော် လင်းရောင်ခြည် (တရားရောင်ခြည် ပေးတော်မူသော အရှင်) ဖြစ်တော်မူ၏” (ကုရ်အာန် ၂၄း၃၅)
“စင်စစ် အလ္လာဟ် အရှင်မြတ်၏ (အမရ်)အမိန့်တော်တို့သည်ကား ကောင်းမွန်စွာ တိုင်းတာ သတ်မှတ်ပြီး ဖြစ်ပေသတည်း” (ကုရ်အာန်၃၃း၃၈)
အက်တမ်(ခေါ်) အဏုမြူမှုန်ထက် သေးငယ်သော အရာများမှ ကြယ်ကြီးများ၊ ဂလက်ဆီများ၊ စကြဝဠာခပ်သိမ်းအထိ အလ္လာဟ်၏ ထိန်းချုပ်မှု အာဏာတော်အောက်တွင် ရှိနေကြ၏။ ထိုထိန်းချုပ်မှုသည် နိယာမ ဥပဒေသများ သတ်မှတ်ပေးထားခြင်းဖြင့် ဖြစ်ပေါ်နေ၏။ စကြဝဠာခပ်သိမ်းရှိ သဘာဝနိယာမ ဥပဒေသတို့သည် အလ္လာဟ်၏ “အမရ်” စီမံမှုအမိန့်တော်ကြောင့် စတင်ထင်ရှား ဖြစ်ပေါ်လာပြီးနောက် သဘာဝတရားအဖြစ် အစဉ်အဆက် ဆက်လက်ဖြစ်ပေါ်နေပေတော့သည်။ အလ္လာဟ်၏ “အမရ်” စီမံမှု အမိန့်တော်၏ သဘာဝနှင့် “ဖြစ်စေ”ဟု ဆိုလျင် ဖြစ်လာ၏ ဆိုသော သဘာဝတို့မှာ လူသားတို့၏ မပြီးမပြည့်စုံသော ဉာဏ်ဖြင့် မမီနိုင်ချေ။ ဖြစ်လာပြီးနေသော သဘာဝ တရားများကိုပင် လူသားတို့ အကုန်အစင် မသိသေးချေ။
သက္ကဒီရ်ဟူသည် ဖန်ဆင်းရှင် အလ္လာဟ် အရှင်မြတ်က ဖန်ဆင်းခံ အရာခပ်သိမ်းတို့ အတွက် သဘာဝနိယာမ ဥပဒေသ အသီးသီးကို တိုင်းတာသတ်မှတ်ထားခြင်းကို ခေါ်သည်။ ထို့ကြောင့် မီးသည် ပူလောင်သော စွမ်းအင်ရှိသည်။ သရက်စေ့သည် သရက်ပင်ကိုပေါက်စေသည်။ အလင်းရောင်သည် တစ်စက္ကန့်လျင် ၁၈၆၀၀၀ မိုင်နှုန်းသွား၏ စသည်ဖြင့် အလ္လာဟ်၏ အမရ်စီမံမှု အမိန့်တော်ဖြင့် ပထမဦးစွာ စတင် သတ်မှတ်ချက်တို့သည် သဘာဝနိယာမ ဥပဒေသများ အဖြစ် အစဉ်အဆက် ဆက်လက်ဖြစ်ပေါ်နေတော့သည်။
စကြဝဠာ ခပ်သိမ်းရှိ သက်ရှိသက်မဲ့အရာ လောကခပ်သိမ်းတို့ထံသို့ ဖန်ဆင်းရှင် အလ္လာဟ်ထံတော်မှ သဘာဝ ဥပဒေသများ ချပေးမှုကို “ဝဟီ” ပေးခြင်းဟုခေါ်သည်။ ဝဟီ ဟူသည် အာရဗီစာပေအရ ချွန်ထက်သောထိပ်ဖျား၊ လမ်းညွှန်၊ အမိန့်ပေးလမ်းညွှန် ဟူ၍ စသည်ဖြင့် အဓိပ္ပာယ်ရ၏။ ထို့ကြောင့် ဝဟီဟူသည် ဖန်ဆင်းရှင် အလ္လာဟ်ထံမှ ဖန်ဆင်းခံ ဖန်ဆင်းထားသည်” “မည်သို့သော သဘာဝဖြင့် ဖန်ဆင်းထားသည်” “ထိုသဘာဝနှင့် အညီ မည်သို့ဆောင်ရွက်ပြုမူရမည်” စသည်တို့ကို လမ်းညွှန် အလင်းပေးမှုဖြစ်၏။
ဖန်ဆင်းရှင်သည်သာလျင် ဖန်ဆင်းခံ အသီးသီး၏ သဘာဝနှင့် လိုအပ်ချက်ကို ပြီးပြည့်စုံစွာ သိတော်မူ၏။ ထိုသက်ဆိုင်ရာ သဘာဝနှင့် လိုက်လျောညီထွေသည့် အစွန်းမရောက်စေသည့်၊ ဒုက္ခ မဖြစ်စေသည့် လမ်းညွှန် တရားကိုလည်း သိတော်မူ၏။ ထို့ကြောင့် အလ္လာဟ်၏ လမ်းညွှန်မှုသည်သာလျင် လောကခပ်သိမ်းတို့ကို ငြိမ်းချမ်းမှုပေးသော၊ ဒုက္ခကင်းဝေးစေသော လမ်းမှန် ဖြစ်စေတော်မူ၏။
ထို့ကြောင့် အဏုမြူမှုန်ထက် သေးငယ်သော အရာများမှ စကြဝဠာခပ်သိမ်းထိ၊ လောကခပ်သိမ်းရှိ သက်ရှိသက်မဲ့ ခပ်သိမ်းတို့သည် ဖန်ဆင်းရှင် အလ္လာဟ်ထံတော်မှ ဝဟီလမ်းညွှန်ရကြသည်။ “လွတ်လပ်စွာ ရွေးချယ်လုပ်ပိုင်ခွင့်” ပေးမထားသော ဖန်ဆင်းခံလောက အသီးသီးတွင် အလ္လာဟ့် ဝဟီလမ်းညွှန်များကို နာခံနေကြရသည်။ လွတ်လပ်စွာ ရွေးချယ်လုပ်ပိုင်ခွင့် ရထားသော ဖန်ဆင်းခံတို့ကမူ မိမိတို့အကျိုး အတွက် လက္ခံဆောင်ရွက်၍လည်း ရ၏။ သို့မဟုတ် ငြင်းပယ်၍လည်းရ၏။

No comments:

Post a Comment