Friday 21 September 2012

စကြဝဠာ ခပ်သိမ်းနှင့် ကမ္ဘာဂြိုဟ်ကို ဝဟီပေးတော်မူခြင်း

စကြဝဠာ ခပ်သိမ်းနှင့် ကမ္ဘာဂြိုဟ်ကို ဝဟီပေးတော်မူခြင်း
“ထို့နောက် (အလ္လာဟ်) အရှင်မြတ်သည် ယင်းမိုးကောင်းကင်ကို နှစ်ရက် (ကာလ၂-ခု)ဖြင့် ခုနှစ်ထပ် ပြုလုပ်တော်မူခဲ့သည်။ ထိုမှတစ်ပါး မိုးကောင်းကင် (စကြဝဠာ) အသီးသီး၌ ယင်းနှင့် သက်ဆိုင်သော အမိန့်တော်ကို ဝဟီထုတ်ပြန်တော်မူခဲ့သည်။ ထို့ပြင် တဝ ငါရှင်မြတ်သည် ကမ္ဘာဂြိုဟ်နှင့် အနီးဆုံးဖြစ်သော မိုးကောင်းကင် (စကြဝဠာ)ကို ကြယ်နက္ခတ်တို့ဖြင့် တင့်တယ်စွာ တန်ဆာ ဆင်ယင်တော်မူခဲ့သည်. ထိန်းသိမ်းတော်မူခဲ့သည်။ ဤသည် အလွန်တရာ နိုင်နင်း လွှမ်းမိုးတော်မူသော၊ အကြွင်းမဲ့ သိတော်မူသော အရှင်မြတ်၏ သက္ကဒီရ် စီမံခန့်ခွဲ သတ်မှတ်ပြဋ္ဌာန်းခြင်းဖြစ်၏ (ကုရ်အာန် ၄၁း၁၂)
“ထိုနေ့ (တရားစီရင်မည့်နေ့)တွင် ကမ္ဘာဂြိုဟ်သည် မိမိ၏ သတင်းစကားများကို ပြောပြပေမည်။ အကြောင်းသော်ကား အသင့်အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်သည် ယင်း (ကမ္ဘာဂြိုဟ်)အား (ယင်းသို့ပင်) ဝဟီအမိန့် ထုတ်ပြန်တော်မူခြင်းကြောင့်ဖြစ်၏” (ကုရ်အာန် ၉၉း၅)
အထက်ပါ အာယသ်တော် ၂-ပါးအရ စကြဝဠာ ခပ်သိမ်းနှင့် ကမ္ဘာဂြိုဟ်တို့တွင် ပါဝင်သော အရာခပ်သိမ်းတို့သည် ရုပ်ပိုင်းဆိုင်ရာ သဘာဝ ဥပဒေသများနှင့်အညီ မိမိတို့ အသီးသီး ဆောင်ရွက်ရမည့် တာဝန်အသီးသီးကို ဖန်ဆင်းရှင် အလ္လာဟ်ထံတော်မှ “ဝဟီ” အမိန့်တော် ရပြီးဖြစ်သည်။ ဥပမာ စကြဝဠာခပ်သိမ်းကို အလွန်သေးငယ်သော အက်တမ်(ခေါ်) အဏုမြူမှုန်များနှင့် ဖွဲ့စည်းထား၏။ ယင်းအဏုမြူမှုန်အတွင်းရှိ (ပို၍သေးငယ်သော) ပရိုတွန်၊ အီလက်ထရွန် စသောစွမ်းအင်တို့သည် မိမိတို့ ရှိရမည့်နေရာ၊ သွားလာလှည့်ပတ်ရမည့် လမ်းကြောင်းနှင့် အလျင်မြန်နှုန်း၊ အဏုမြူမှုန် အမျိုးအစား အမျိုးမျိုး ဖြစ်ပေါ်လာရေးအတွက် ယင်းတို့ပါဝင်ရမည့် သတ်မှတ်ထားသော အရေအတွက်၊ သတ်မှတ်ထားသောပုံစံ၊ သတ်မှတ်ထားသော လုပ်ဆောင်ချက်များရှိပြီး ဖြစ်နေ၏။
အမျိုးအစားမတူသော အဏုမြူမှုန် အသီးသီးတို့ သည်လည်း အရာဝတ္ထုအသစ်များစွာ ဖြစ်ပေါ်လာရေးအတွက် ဖွဲ့စည်း ပေါင်းစပ်နိုင်ရန် သတ်မှတ်ထားသောပုံစံ၊ လုပ်ဆောင်ချက် ဥပဒေသများ ရှိနေကြ၏။ ဤသို့ဖြင့် ရုပ်ဝတ္ထု အမျိုးအစားပေါင်း များစွာဖြစ်ပေါ်လာ၏။ ရေ၊ မြေ၊ လေ၊ မီး အပါအဝင် နေ၊ ကမ္ဘာ၊ လ၊ ဂြိုလ်များ၊ ကြယ်များ၊ ဂလက်ဆီများနှင့် စကြဝဠာခပ်သိမ်းတို့ ဖြစ်ပေါ်လာရ၏။ ယင်းဂြိုဟ်၊ နက္ခတ် အားလုံးသည်လည်း မိမိတို့ အသီးသီးအတွက် သတ်မှတ်ရာ လမ်းကြောင်းတွင် သတ်မှတ်ထားသော အချိန်၌ သတ်မှတ်ထားသော အလျင်နှုန်းများဖြင့် သွားလာနေကြသည်။ ရုပ်ဝတ္ထု အရာခပ်သိမ်းတို့သည် အလ္လာဟ်၏ ဝဟီ အမိန့်တော်ကို တစ်သဝေမတိမ်း နာခံနေကြ၏။
စင်စစ် ရုပ်ဝတ္ထုအသီးသီးတို့သည် အခြေခံအားဖြင့် ပရိုတွန် (ခေါ်) အဖိုဓာတ်စွမ်းအင်နှင့်အီလက်ထရွန် (ခေါ်)အမဓာတ်စွမ်းအင်တို့ စနစ်ဥပဒေ အသီးသီးဖြင့် ဖွဲ့စည်းမှုကြောင့် ပေါ်လာခြင်းဖြစ်၏။ စွမ်းအင် {Energy}သဘောကို ကြည့်လျင်လည်း စွမ်းအင်တို့သည် အသွင်တစ်မျိုးမှ အခြားတစ်မျိုးသို့ ပြောင်းလဲကြ၏။ တစ်နေရာမှ ထုတ်လွှတ်၍ အခြားတစ်နေရာတွင် အသုံးချ၏။ ဥပမာ လျှပ်စစ်ဓာတ်မှ အပူစွမ်းအင်၊ အပူစွမ်းအင်မှ အလင်းစွမ်းအင် စသည်ဖြင့် ပြောင်းလဲကြ၏။ နေမှ စွမ်းအင်တို့သည် အပူနှင့် အလင်းစွမ်းအင်တို့အဖြစ် ကမ္ဘာနှင့်ဂြိုဟ်များသို့ ရောက်လာ၏။ ရုပ်ဝတ္ထုပုံစံတစ်ခုသည် အခြားရုပ်ဝတ္ထု ပုံစံအဖြစ်သို့ ပြောင်းလဲ၏။
ပထဝီမြေအတွင်းနှင့် သမုဒ္ဒရာပင်လယ်တို့၏ အောက်တွင် အဖိုးတန် ကျောက်မျက်ရတနာတို့ ဖွဲ့စည်းဖြစ်ပေါ်လာကြသည်။ နေမှထုတ်လွှင့်သော အပူနှင့် အလင်းစွမ်းအင်ကြောင့်ပင် ကမ္ဘာပေါ်ရှိ သစ်ပင် ပန်းမန်လောက၊ တိရစ္ဆာန်လောကနှင့် လူသားတို့ အသက်ရှင်နေကြရ၏။ အကျိုးကျေးဇူးများစွာ အသုံးချခံစားကြရ၏။ ကမ္ဘာမြေသည် ၂၄နာရီလျှင် တစ်ပတ်ကျ မိမိ၏ ဝင်ရိုးပေါ်တွင် လည်ပတ်နေရ၏။ နေကို တစ်နှစ်(၃၆၅-၁၄ ရက်)တွင် တစ်ပတ်ကျ ပတ်နေရ၏။
ထိုဥပဒေသ နိယာမ အားလုံးတို့သည် တစ်ပါးတည်းသော ဖန်ဆင်းရှင် အလ္လာဟ်ထံတော်မှ တစ်မျိုးတည်းသော အမိန့်တော်ဝဟီကို ရုပ်နှင့်စွမ်းအင်တို့က နာခံနေမှုကိုသာ ပြုနေပေသည်။ အကယ်၍ စကြဝဠာအတွင်း အရှင်တစ်ပါးထက် ပိုရှိနေပါက အမိန့်အမျိုးမျိုးရှိနေပြီး စကြဝဠာတစ်ခုလုံး ရှုပ်ထွေးမှုများ ပေါ်မည်သာဖြစ်၏။ ယခုမူ ရုပ်နှင့် စွမ်းအင် အသီးသီးတို့သည် တစ်ပါးတည်းသော အလ္လာဟ်အရှင်ထံမှ ဝဟီလမ်းညွှန်အတိုင်း တစ်သဝေမတိမ်း နာခံဆောင်ရွက်နေကြ၏။ တစ်နည်းဆိုသော် ဖန်ဆင်းရှင် အလ္လာဟ်ကို မိမိတို့၏ သဘာဝအလျောက် နာခံအိဘာဒတ် ပြုနေကြ၏။ ကမ္ဘာဂြိုဟ်တွင်လည်း လူသားမှလွဲ၍ ကျန်သက်ရှိတို့သည် သက်ဆိုင်ရာ သဘာဝအလျောက် သတ်မှတ်ထားသော အလုပ်အကို သတ်မှတ်ထားသော ပုံစံဖြင့် ဆောင်ရွက်ကြရန် ဖန်ဆင်းရှင် အလ္လာဟ်ထံမှ ဝဟီအမိန့်ချမှတ်ထားပေးပြီး ဖြစ်၏။
တိရစ္ဆာန်လောကသို့ ဝဟီထုတ်ပြန်ထားခြင်း
နွားတို့သည် မြက်ကိုသာစားကြ၏၊ အသားမစားကြ။ ခြင်္သေ့တို့သည် မြက်ကိုမစားကြ။ အသားကိုသာစားကြသည် ဘဲတို့သည် ရေကူးကြ၏၊ ကြက်တို့မှာ ရေမကူးကြ။ ကုန်းပေါ်တွင်သာ လျောက်ကြ၏။ အရာခပ်သိမ်းတို့သည် သက္ကဒီရ် တည်းဟူသော အလ္လာဟ်၏ သတ်မှတ်ချက် အတိုင်းနာခံ ဖြစ်ပေါ်နေကြ၏။ ထို့အတူ ပျားလုပ်သားများ၊ ပျားထီးနှင့် ပျားဘုရင်မ စသည်တို့သည် မိမိတို့အသီးသီး အတွက် သတ်မှတ်ထားသော တာဝန်အသီးသီးကိုသာ မခိုမကပ် ဆောင်ရွက်နေကြ၏။
ပျားဘုရင်မသည် ပျားအုံမျိုးဆက် ပြန့်ပွားရေးအတွက် ဥ,ဥပေးရသည်။ ပျားထီးတို့သည် လိင်အားဖြင့် အထီးများဖြစ်ကြသည်။ ပျားအုံတစ်အုံ၏ တစ်ရာခိုင်နှုန်းမှာ ပျားထီးတို့ဖြစ်ကြသည်။ ပျားထီးများ၏ တာဝန်မှာ ပျားဘုရင်မကို သန္ဓေတည်ရန် မိတ်လိုက်ပေးခြင်းဖြစ်သည်။ ပျားအုံ၏ ၉၉ ရာခိုင်နှုန်း(အကောင်ရေအများဆုံး)မှာ ပျားလုပ်သားများ ဖြစ်၍ လိင်သဘောအားဖြင့် အမဖြစ်ကြသော်လည်း အမမျိုးပွား အဂါင်္တို့ကောင်းစွာ မဖွံဖြိုးကြချေ။ အလွန်စိတ်ဝင်စားဖွယ်ကောင်းလှ၏။
“၄င်းပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ပျားကောင်ထံသို့(ဤသို့) ဝဟီအမိန့်တော် ပေးပို့တော်မူသည်။ သင်သည်တောင်များ၌ လည်းကောင်း၊ သစ်ပင်များ၌ လည်းကောင်း၊ လူတို့ တည်ဆောက်ကြသော အဆောက်အအုံများ၌ လည်းကောင်း (မိမိတို့) နေအိမ်များကို ပြုလုပ်ကြလေကုန်။ ထို့နောက် အသင်သည် သီနှံအသီးသီး(မျိုးစုံ)တို့ကို စုပ်ယူစားသုံးလေလော့။ တစ်ဖန်အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ လွယ်ကူလျက်ရှိသော လမ်းများကို လျောက်လေလော့၊ ယင်းပျားကောင်၏ ဝမ်းဗိုက်များမှ အရောင်မျိုးစုံရှိသော သောက်သုံးဖွယ်(ပျားရည်)၌ လူတို့အဖို့ အနာရောဂါ ပျောက်ကင်းခြင်း သည်ရှိ၏။ ဧကန်မလွဲဤသည်၌ စဉ်းစား ဆင်ခြင်တတ်သော သတို့အဖို့ အမှန်ပင် သက်သေသာဓ ရှိပေသတည်း” (ကုရ်အာန် ၁၆း၆၈-၆၉)
ငှက်တိစ္ဆာန်ပိုးမွှားများ အပါအဝင် တိရစ္ဆာန်အသီးသီးတို့တွင် ရုပ်ခန္ဓာရှိသလို အသိစိတ်လည်းရှိပေသည်။ သို့သော် လူသားတို့ ကဲ့သို့အသိဉာဏ်နှင့် ဆင်ခြင်တုံတရားကား မရှိချေ။ အဏုမြူမှုန်တို့ဖြင့် ဖွဲ့စည်းထားသော တိရစ္ဆာန်တို့၏ ရုပ်ခန္ဓာအသီးသီးသည် စကြဝဠာကို အလ္လာဟ်က ဝဟီပေးစဉ်ကတည်းက ရုပ်ဥပဒေသည် ဝဟီလမ်းညွှန် ရပြီးဖြစ်သည်။
ထို့အတူ အလ္လာဟ်သည် တိရစ္ဆာန် အသီးသီး၏ အသိစိတ် {Instinct}မှ တစ်ဆင့် ယင်းတို့၏ သဘာဝ၊ ဖန်ဆင်းခံထားရသည့် အကြောင်းရင်းနှင့် တာဝန်အသီးသီးကို ဝဟီလမ်းညွှန်မှုပေးထားပြီးဖြစ်သည်။ ဤသည်ကို ပျားကောင်ကို ဥပမာ ထား၍ဖော်ပြထားပေသည်။ ပျားတို့၏ အိမ်ဖွဲ့စည်းပုံ ဆဋ္ဌဂံ (ခြောက်ထောင့်)မှာ လူသားတို့ အံ့သြလောက်ပေသည်။ ဝတ်ရည်များကို စုပ်ယူခြင်း၊ ဝမ်းတွင်းရှိ အထူးအဂါင်္အစိတ်အပိုင်းများ၌ သိုမှီးထားခြင်း၊ ဝတ်မှုန်များကို သယ်ယူရန် နောက်ခြေတစ်ဖက်စီတွင် ဝတ်မှုန်အိတ်တစ်ခုစီရှိခြင်း၊ ဝတ်ရည်များမှ ပျားရည်အသွင်ပြောင်းလဲခြင်း စသည်တို့သည် ပျားတို့အတွက် အလ္လာဟ် သတ်မှတ်ရာ လမ်းစဉ်အတိုင်း နာခံနေကြခြင်းသာ ဖြစ်၏။
သတ္တဗေဒပညာအရ တိရစ္ဆာန်အသီးသီးတို့သည် သက်ဆိုင်ရာ သဘာဝတို့ကို နာခံ၍ ဘဝတည်ဆောက်နေကြကြောင်း ပြဆိုနေပေသည်။ တစ်နည်းဆိုသော် ဖန်ဆင်းရှင် အလ္လာဟ်၏ ဝဟီလမ်းညွှန်ကိုသာနာခံ၍ အိဘာဒတ်ပြုနေကြ သူများသာဖြစ်ကြ၏။ စင်စစ် သက်ရှိသက်မဲ့ အရာခပ်သိမ်းသည် မိမိတို့၏ ဘဝနှင့်လျော်ညီသော ဝဟီလမ်းညွှန် အမိန့်အသီးသီးကို အလ္လာဟ်ထံတော်မှရပြီး ဖြစ်ကြသည်။
“မိုးကောင်းကင်များ၌ ရှိသူတို့သည် လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌ ရှိသူတို့သည် လည်းကောင်း၊ အတောင်ပံများ ဖြန့်၍ (ဝဲပျံလျက်)ရှိကြကုန်သော ငှက်တိရစ္ဆာန်တို့သည် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်ရှိကြသည်ကို အသင်မသိမမြင်ခဲ့လေသလော့။ (၄င်းတို့) အသီးသီးသည် မိမိတို့၏ ဆွလားသ်တည်ဆောက်ဝတ်ပြုနည်း၊ မိမိတို့၏ ဘာဝနာစီးဖြန်းပုံကို လည်းကောင်း ဧကန်အမှန် သိရှိပြီးဖြစ်ကြကုန်၏…” (ကုရ်အာန် ၂၄း၄၁)
ထို့ကြောင့် ငါးကလေးများ ရေကူးတတ်ခြင်း၊ ငှက်ကလေးများပျံတတ်ခြင်းစသော တိရစ္ဆာန်လောကအသီးသီး၏ ပြုမူဆောင်ရွက်ချက် သဘာဝတို့မှာ မိမိတို့ဘာသာ မိမိတို့ လုပ်ယူကြခြင်း မဟုတ်။ အလ္လာဟ်အမိန့် ဝဟီလမ်းညွှန်အရသာ ဖြစ်ကြ၏။

No comments:

Post a Comment