Sunday 23 September 2012

အလ္လာဟ်၏ အမြတ်ဆုံးသော ပြီးပြည့်စုံသည့် နာမံတော်များ

အလ္လာဟ်၏ အမြတ်ဆုံးသော ပြီးပြည့်စုံသည့် နာမံတော်များ
“ပြောလော့၊ အသင်တို့သည် အလ္လာဟ်ဟူ၍ တသခေါ်ကြလေကုန်၊ သို့တည်းမဟုတ် အရ်ရဟ်မားန်(မဟာကရုဏာတော်ရှင်) ဟူ၍ တသ ခေါ်ကြလေကုန်၊ အသင်တို့သည် မည်သို့ပင် ခေါ်ဝေါ် တသကြသည်ဖြစ်စေ (ကောင်းမြတ်လှပေသည်)။ အဘယ်ကြောင့်ဆိုသော် ထိုအရှင်မြတ်၌ အထူးကောင်းမြတ်လှစွာသော ပြီးပြည့်စုံသည့် နာမံတော်များ ရှိနေပေ၏” (ကုရ်အာန် ၁၇း၁၁၀)
အလ္လာဟ်အရှင်မြတ်သည် အာရဗ်တို့၏ ကိုးကွယ်ရာ အရှင်သာ မဟုတ်၊ မုစ်လင်မ်တို့၏ ကိုးကွယ်ရာ အရှင်သာ မဟုတ်။ လူသားအားလုံး တို့၏ အရှင်ဖြစ်တော်မူ၏။ စကြဝဠာ အနန္တက နာခံနေရသော အရှင်ဖြစ်တော်မူ၏။ ကမ္ဘာမြေပေါ်ဝယ် လူသားစတင် မဖြစ်ပေါ်ခင်ကတည်းက အလ္လာဟ်ရှိ၏။ စကြဠာ လောကခပ်သိမ်း မဖြစ်ပေါ်မီကတည်းက၊ အချိန်နှင့် အာကာသဟူ၍ မရှိခင်ကတည်းက အလ္လာဟ်ရှိနေ၏။ လူသားတို့၏ ကမ္ဘာမြေပေါ်ဝယ် လူသားစတင် မဖြစ်ပေါ်ကတည်းက ဖန်ဆင်းရှင် အလ္လာဟ်ကို မိမိတို့သက်ဆိုင်ရာ ဘာသာစကား အသီးသီးဖြင့် တသ ခေါ်ဝေါ်ခဲ့ကြသည်။ (အစ္စလာမ့်ယုံကြည်ချက်) “…စင်စစ် လူသားမျိုးနွယ်အုပ်စုတိုင်းတွင် သတိပေးနှိုးဆော်သူ တစ်ဦး ပွင့်ရောက်ခဲ့သည်သာ ဖြစ်၏” (ကုရ်အာန် ၃၅း၂၄)
“…လူမျိုးတိုင်းအဖို့ တရားလမ်းမှန်ကို ညွှန်ကြားပြသသူသည် ရှိချေသတည်း” (ကုရ်အာန် ၁၃း၇)
ကမ္ဘာ့ဒေသ အသီးသီးမှ ကိုးကွယ်ရာ အရှင် တစ်ပါးတည်းကို ခေါ်ပုံများ အနောက်တိုင်းမှ ခေါ်ဝေါ်မှု
God {အင်္ဂလိပ်ဘာသာစကား} Got {အာဖရိကန် ဘာသာစကား၊ တောင်အာဖရိက Hollandse မျိုးနွယ်ဖွားများ} Gudd {ဆွီဒင်၊ နော်ဝေ နှင့် ဒိန်းမတ် ဘာသာစကား} Allon {ရှေးဟောင်းဖိုးနီးရှင်း Phoenician စကား} Ado {Cannanites}
လက်တင်ဘာသာစကား
Deus {ပေါ်တူဂီ} Dio {အီတလီ} Dia {စကော့ နှင့် အိုင်းရစ်} Dieu {ပြင်သစ်} Dios {စပိန်} Duw {ဝဲ့လ်ရှ်} အားလုံးမှာ Heaven ကောင်းကင်ဟူ၍ အဓိပ္ပာယ်ရသည်။ အစ္စရာအိလ် ဘာသာ စာပေကျမ်းများတွင် Y H W H စာလုံးလေးလုံးကို (ယာဟူဝါ Yahuwa ဟူ၍) အသံထွက် မဖတ်ဘဲ Adonai ဟူ၍ အသံထွက် ဖတ်ကြ၏။ ထိုယုံကြည်ချက်အရ စာလုံး (၄) လုံးကို အသံထွက် မဖတ်ရဟု ပြင်းထန်စွာ တားမြစ်ထားသည်။ ထို ယ-ဟ-ဝ-ဟ စာလုံး(၄) လုံးကို တွေ့တိုင်း Adorai သို့ မဟုတ် Elohim (အီလိုဟင်မ်)ဟုသာ ဖတ်ကြ၏။ El, Elah, Elobim စသည်ဖြင့် ခေါ်ဝေါ်ကြသည်။
အရှေ့တိုင်း (အန္ဒိယ)တွင် Pramatma ဟု ခေါ်ဝေါ်ကြသည်။ အာဖရိက ဇူးလူးမျိုးနွယ်တို့က u MVELIOQANGI ဟူ၍ လည်းကောင်း၊ အာဖရိက မျိုးနွယ် (ဇမ်ဘေဆီမြစ် တောင်ပိုင်း) များသည် Tixo, Modimo, u NKULUNKULU စသည်တို့ဖြင့် လည်းကောင်း တစ်ပါးတည်း အရှင်ကို မိမိတို့ ဘာသာစကား အသီးသီးဖြင့် ခေါ်ဝေါ်ကြသည်။
အာဖရိက မျိုးနွယ်များတို့တွင် စာပေမရှိခဲ့၍ မည်သည့်ခေတ် မည်သည့်အခါက မည်သည့် အလင်းပြပုဂ္ဂိုလ်သည် မိမိတို့အား အထက်ပါ တစ်ပါးတည်း ကိုးကွယ်ရာ အရှင်ကို မည်သို့တင်ပြဟောကြားခဲ့ကြောင်း မှတ်တမ်းမရှိခဲ့သော်လည်း မိမိတို့ မိရိုးဖလာ ထုံးစံအတိုင်း ကိုးကွယ်ရာ အရှင်တစ်ပါးတည်းကိုသာ ယနေ့တိုင် ကိုးကွယ်လျက် ရှိကြသည်။ သြစတြေးလျတိုက် တောင်ပိုင်းတွင် ရှေးဟောင်း မူရင်းမျိုးနွယ်များ Austroloid နေထိုင်ကြ၏။ ဥရောပသားတို့ သြစတြေးလျသို့ စတင်ရောက်ချိန်တွင် ထိုမူရင်းမျိုးနွယ်(၃) သိန်းမျှလောက် ရှိခဲ့၏။ နှစ်ပေါင်း၂၀၀ ကျော်ကြာသောအခါ ထက်ဝက်မျှသာရှိတော့၏။
၎င်းတို့က ကိုးကွယ်ရာ အရှင်ကို Atnatu ဟုခေါ်ကြ၏။ အဓိပ္ပာယ်မှာ “စအိုမရှိသူ”ဟူ၍ ရ၏။ အခြားသူတို့အတွက် ရယ်စရာဖြစ်ကောင်းဖြစ်မည် ဖြစ်သော်လည်း ထိုမျိုးနွယ်တို့အတွက် အဓိပ္ပယ်ကား နက်နဲလှ၏။ ၄င်းတို့၏ ယဉ်ကျေးမှု အသိတို့ဖြင့် ကိုးကွယ်ရာ အရှင်သည် အိပ်၊ စား၊ ကာမ ကင်း၏။ အညစ်အကြေး ကင်း၏ စသည့် သန့်ရှင်းစင်ကြယ်တော်မူသော အရှင် သဘောကို ဆိုလိုခြင်းသာဖြစ်၏။ ကမ္ဘာ့ဒေသ အသီးသီးတွင် မိမိတို့၏ ကိုးကွယ်ရာ အရှင် တစ်ပါးတည်းကို အမည်နာမ အမျိုးမျိုးနှင့် ဘာသာစကား အသီးသီးဖြင့် ခေါ်ဝေါ်နေကြပေသည်။
ထို့ကြောင့် ကမ္ဘာ့ဒေသ အသီးသီးတွင် လူမျိုး အဖုံဖုံ တို့သည် အယူဝါဒများ ကွဲပြားနေကြသော်လည်း အထက်ပါအတိုင်း မိမိတို့၏ (တစ်ပါးတည်း)ကိုး ကွယ်ရာ အရှင်ကိုသာ အမည်နာမ အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြပေသည်။

No comments:

Post a Comment