Monday 24 September 2012

အလ္လာဟ်သည် ဘုရားမဟုတ်

အလ္လာဟ်သည် ဘုရားမဟုတ် (အစ္စလာမ့်ယုံကြည်ချက်)
အလ္လာဟ်ကို ဘုရားဟူသော အသုံးအနှုန်းဖြင့် သုံးစွဲခြင်းသည် အဓိပ္ပာယ်လွဲမှားနိုင်သော၊ မပြီးမပြည့်စုံသော ဖော်ပြချက်သာ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ဘုရားဟူသော အသုံးအနှုန်းကို အဓိပ္ပာယ် အမျိုးမျိုးဖြင့် ကမာ့္ဘအယူဝါဒ အသီးသီးက သုံးစွဲကြသည်။ လူသားဘုရားများ၊ နတ်ဘုရားများ၊ ရုပ်တုဘုရားများ စသည်ဖြင့် ရှိသည့်အပြင် အမျိုးသားဘုရား၊ အမျိုးသမီးဘုရား အဖိုအမ စသည်ဖြင့် ရှိကြ၏။
နိစ္စထာဝရ ပြီးပြည့်စုံတော်မူသော လောကခပ်သိမ်းတို့၏ အရှင် အလ္လာဟ်ကို (ကုရ်အာန်ကျမ်းမြတ် ကမ္ဘာသို့ကျပြီး နောက်ပိုင်းတွင်) အလ္လာဟ်ဟူ၍သာ ခေါ်သင့်၏။ သို့မဟုတ် အလ္လာဟ်၏ ဂုဏ်တော် များဖြင့်သာ ခေါ်သင့်၏။ အလ္လာဟ်ဟူသော စာလုံးကို အာရဗီ စာပေတွင် ဖန်ဆင်းရှင် အလ္လာဟ်မှလွဲ၍ မည်သည့်နေရာတွင်မှ သုံးစွဲ၍ မရချေ။ ထို့အတူ အလ္လာဟ်ဟူသော စာလုံးအတွက် သဒ္ဒါ အရ အဖို/အမဟူ၍ မရှိဘဲ ပကတိသန့်ရှင်းစင်ကြယ်နေသော၊ ထူးခြားနေသော စာလုံးဖြစ်ပါသည်။
ဘုရားဟူသည် ကျင့်ကြံယူ၍ ရသည်။ တန်ခိုးဟူသည် ကျင့်ကြံယူ၍ရ၏။ အလ္လာဟ်ဖြစ်ရန် မည်သူတစ်ဦးတစ်ယောက်မျှ ကျင့်ကြံ၍ မရချေ။ အလ္လာဟ်၏ ဘုန်းတော် ဂုဏ်တော်တို့သည်လည်း အခြားမည်သူ တစ်ဦးတစ်ယောက်၌မျှ မရှိချေ။ ထို့ကြောင့် အလ္လာဟ်ကို ဘုရားဟူ၍ သုံးစွဲခြင်းသည် နားလည်မှု လွဲမှားစေနိုင်သော ဖော်ပြချက်ဖြစ်၍ မသုံးစွဲအပ်ချေ။
“အလ္လာဟ်၊ ထိုအရှင်မြတ်မှ တစ်ပါး ကိုးကွယ်ရာ အရှင်ဟူ၍ အလျင်းမရှိပြီ။ ထိုအရှင်မြတ်၌ အမြတ်ဆုံးသော ပြီးပြည့်စုံသည့် နာမံတော်များ ရှိ၏” (ကုရ်အာန် ၂၀း၈) (အစ္စလာမ့်ယုံကြည်ချက်)
“စင်စစ် အလ္လာဟ် အရှင်မြတ်၌ ကောင်းမြတ် ပြီးပြည့်စုံသောနာမံတော် (ဂုဏ်တော်)များ ရှိပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အား ထိုနာမံတော်များဖြင့်သာ တ’သ’ ကြလေကုန်။ (ထိုနာမံတော်များဖြင့် အခြားအရာများကို မခေါ်ဝေါ်ကြကုန်လင့်။) ၄င်းပြင် အသင်တို့သည် ထိုအရှင်မြတ်၏ နာမံတော် (ဂုဏ်တော်)များနှင့် စပ်လျဉ်း၍ ချွတ်ချော်တိမ်းပါး ပြစ်မှားသူတို့ကို စွန့်ခွာ၍ ထားကြကုန်လော့။ ၄င်းတို့သည် မကြာမီကာလတွင် မိမိတို့၏ အပြုအမူများနှင့် စပ်လျဉ်း၍ အစားပေးခြင်းကို ထိုအရှင်မြတ်သည်ပင် မဟာကရုဏာတော်ရှင်၊ အနန္တကောင်းချီးမင်္ဂလာတော်ရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အလ္လာဟ်ဖြစ်တော်မူ၏။
ထိုအရှင်မြတ်မှတစ်ပါး ကိုးကွယ်ရာ အလျင်းမရှိပြီ (အစ္စလာမ့်ယုံကြည်ချက်)
စိုးမိုးအုပ်ချုပ်တော်မူသော အရှင်၊ အီမာန်သစ္စာတရားကို ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင်၊ လုံခြုံတည်ငြိမ်မှုကို ထိန်းသိမ်းတော်မူသော အရှင် ဖြစ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် ၄င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့မှ စင်ကြယ် သန့်ရှင်းတော်မူပေသည်။ ထိုအရှင်မြတ်သည်ပင် ဖန်ဆင်းတော်မူသော အရှင်၊ ပြုပြင်စီရင် အကောင်အထည် ဖော်တော်မူသော အရှင်၊ ပုံသဏ္ဍာန် အချိုးကျအောင် ပြုလုပ်တော်မူသော အရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၌ ကောင်းမြတ် ပြီးပြည့်စုံသော နာမံတော်များ ရှိ၏။ မိုးကောင်းကင် များနှင့် ကမ္ဘာဂြိုလ်ဝယ် ရှိသမျှတို့သည် ထိုအရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်ရှိကြကုန်၏။ ထို့ပြင် ထိုအရှင်မြတ်သည် ဘုန်းတော် အနန္တ၊ ဉာဏ်တော်အနန္တနှင့် ပြီးပြည့်စုံတော်မူသော အရှင် ဖြစ်တော်မူပေသတည်း။ (ကုရ်အာန် ၅၉း၂၂-၂၄)
“(အလ္လာဟ်သည်) အကွယ်၌ ရှိရှိသမျှတို့ကို လည်းကောင်း၊ အထင်အရှား ရှိသမျှတို့ကိုလည်းကောင်း အကြွင်းမဲ့ သိတော်မူသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန် ၂၃း၉၂)
“မလွဲ ဧကန် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များရှိ အကွယ်အရာများကိုလည်းကောင်း၊ ကမ္ဘာဂြိုလ်ရှိ အကွယ်အရာများကိုလည်းကောင်း သိတော်မူသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန် ၃၅း၃၈)
“ဂိုက်ဘ်” ဟူသည် လူသားတို့၏ဉာဏ်လွှာ အဆင့်ဆင့်နှင့် ဆင်ခြင်တုံ့တရားတို့ဖြင့် ထိုးဖောက်ဝန်းခြုံ သိနိုင်စွမ်း မရှိသော်လည်း အမှန်တကယ် ရှိနေသော အကွယ်တရားများ ဖြစ်ကြသည်
အချိန်နှင့် အာကာသ (time and space) ကန့်သတ်မှုဘောင် အတွင်းရှိ ရုပ်လောကအတွက် ရုပ်မျက်စိတို့ဖြင့် မမြင်နိုင်သော အကွယ်တရားများကိုဖြစ်စေ၊ အချိန်နှင့် အာကာသ စသော ကန့်သတ်ချက်ကင်းသည့် ရုပ်လောက အတွက် လူသားတို့၏ ဉာဏ်လွှာ အဆင့်ဆင့်နှင့် ဆင်ခြင်တုံ့တရားတို့၏ အလွန်မှတရား (ဂိုက်ဘ်) တို့ကိုဖြစ်စေ အလ္လာဟ် သိတော်မူ၏
“ထိုအရှင်မြတ်သည် မိုးကောင်းကင် (စကြဝဠာ) များနှင့် ကမ္ဘာဂြိုလ်တို့ကို ကာလ(၆)ခုဖြင့် ဖန်ဆင်းတော် မူခဲ့သောအရှင် ဖြစ်တော်မူ၏။ ထို့နောက် အရှင်မြတ်သည် အရရှ် (ပလ္လင်တော်) ထက်ဝယ် စံမြန်းတော်မူခဲ့၏။
တစ်နည်း အလ္လာဟ် အရှင်မြတ်၏ အာဏာတော်တို့သည် ဖန်ဆင်းခံလောကခပ်သိမ်းသို့ သက်ရောက်လေသည်။ ထိုအရှင်မြတ်သည် ကမ္ဘာဂြိုလ်၌ ဝင်သောအရာကို လည်းကောင်း ယင်းကမ္ဘာဂြိုလ်မှ ထွက်သော အရာကို လည်းကောင်း၊ မိုးကောင်းကင်မှ ဆင်းသက်သော အရာကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်သို့ တက်သော အရာကိုလည်းကောင်း သိရှိတော်မူ၏။ ၄င်းပြင် ထိုအရှင်မြတ်သည် အသင်တို့ ရှိကြသော မည်သည့်နေရာ၌မဆို အသင်တို့နှင့်အတူ ရှိနေတော်မူ၏။ ထို့ပြင် အလ္လာဟ်သည် အသင်တို့ ပြုကျင့်သမျှတို့ကို အကြွင်းမဲ့ သိမြင်တော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ (ကုရ်အာန် ၅၇း၎)
“ထိုအရှင်မြတ်သည်ပင် အဦးဆုံးဖြစ်တော်မူသော အရှင်နှင့် နောက်ဆုံး၌ ရှိနေတော်မူအံ့သော အရှင်၊ ထင်ရှားစွာ ရှိနေတော်မူသော အရှင်နှင့် ဖုံးကွယ်လျက်ရှိနေတော်မူသော အရှင်မြတ် ဖြစ်တော်မူပေသည်။ ထို့ပြင် ထိုအရှင်မြတ်သည်ပင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန် ၅၇း၃)
အလ္လာဟ်သည် လိုလားတောင့်တခြင်း ကင်းမဲ့၍ ပြီးပြည့်စုံစွာ နိစ္စထာဝရ ရှိနေပေရာ အလ္လာဟ်အရှင် မြတ်၏ သဘာဝကို ရုပ်တရား၏ အချိန်ကန့်သတ်မှု၊ အာကာသ ကန့်သတ်မှုတို့ဖြင့် ဖွင့်ဆို၍ မရချေ။ အလ္လာဟ်သည် ပထမဆုံးနှင့် နောက်ဆုံးဖြစ်တော်မူသော အရှင်ဟူသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ အချိန်ကန့်သတ်မှု မရှိဘဲ နိစ္စထာဝရ ဖြစ်တော်မူသော အရှင်၏ သဘောကို ပြဆိုခြင်းသာ ဖြစ်သည်။
ထို့အတူ အလ္လာဟ်၏ ဘုန်းတော်၊ ဂုဏ်တော်၊ ဉာဏ်တော် အနန္တတို့သည်လည်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူသော အချိန်ကန့်သတ်ချက်နှင့် ပို၍လျော့နည်း သွားခြင်း၊ ပို၍တိုးလာခြင်း စသည့် တိုင်းထွာမှု ကန့်သတ်ချက်များမှလည်း ကင်းလွတ်တော်မူ၍ ထာဝရပြီးပြည့်စုံနေတော်မူသည်။ အချိန်နှင့် အာကာသ ကန့်သတ်မှုဟူသည် ဖန်ဆင်းခံတို့အတွက်သာ ဖြစ်၏။ ဖန်ဆင်းရှင် အလ္လာဟ်အတွက် မဟုတ်ချေ။ အချိန်နှင့် အာကာသတို့ ကိုယ်တိုင်သည်ပင် အလ္လာဟ်၏ ဖန်ဆင်းခံများသာဖြစ်ကြသည်။ ထို့ကြောင့် အလ္လာဟ် မည်သည့်အချိန်ကစ၍ ရှိနေသနည်းဟု ဆိုလျင် အချိန်ဟူသော ကန့်သတ်မှုသဘာဝကို မဖန်ဆင်းမီကတည်းက ရှိနေသည်ဟူ၍သာ ဖြစ်၏။
“ဘာသွီနု” ဖုံးကွယ်နေတော်မူသော အရှင်ဟူသည် ကန့်သတ်မှုဘောင်အတွင်းမှ မပြီးမပြည့်စုံသော၊ မတည်မြဲသော ဖန်ဆင်းခံတို့ တိုက်ရိုက် မြင်နိုင်စွမ်း မရှိသော ထာဝရ ကန့်သတ်မှုကင်းသော ပြီးပြည့်စုံနေသည့် အလ္လာဟ်ကို ဆိုလိုသည်။ “အတ်ဇွာဟိရု” ထင်ရှားစွာရှိနေတော်မူသော အရှင်ဟူသည် ဖန်ဆင်းခံတို့ ဖန်ဆင်းရှင် အလ္လာဟ်ကို တိုက်ရိုက် မမြင်နိုင်သော်လည်း ဖန်ဆင်းခံ လောကခပ်သိမ်းတို့မှာ အလ္လာဟ်၏ ဂုဏ်တော်ကြောင့် ထင်ရှားဖြစ်ပေါ်လာကြရ၍ ဖန်ဆင်းရှင် အလ္လာဟ်၏ လက်ရာ သက်သေ လက္ခဏာများကို တွေ့မြင်နိုင်မှုကို ဆိုလိုသည် ထို့သက်သေ လက္ခဏာတော်တို့ကို ဆင်ခြင်ကြည့်ရှုခြင်းဖြင့် ဖန်ဆင်းရှင် အလ္လာဟ်ရှိတော်မူကြောင်း သိနိုင်ပေသည်။

No comments:

Post a Comment