Monday 17 September 2012

“နဖ်စ်” ဝိညာဉ်သည် အဘယ်နည်း

“နဖ်စ်” ဝိညာဉ်သည် အဘယ်နည်း
ကုရ်အာန်ကျမ်းမြတ်အရ အလ္လာဟ် ထံတော်မှ ရူဟ် စွမ်းအင်ကို လူသားတို့အား ထည့်သွင်းပေးထားခြင်းကြောင့် လူသားတစ်ဦးချင်းတွင် သတ်မှတ်ထားသော “နဖ်စ်” အသွင် ဖြစ်ပေါ်နေပေသည်။ ထိုနဖ်စ်ဝိညာဉ်သည် လူသားတိုင်းတွင် မဖွံ့ဖြိုးသေးသော အသွင်ဖြင့်ရှိနေသော်လည်း ထိုနဖ်စ်၏ ဖန်ဆင်းခံထားရသည့် သဘာဝနှင့် အညီ အလ္လာဟ်၏ လမ်းညွှန်အတိုင်း ကျင့်ကြံလေ့ကျင့်ပါက အဆင့်ဆင့် တိုးတက်ဖွံ့ဖြိုးနိုင်သော အလွန်ကြီးမားသည့် စွမ်းအင်ရှိသည်။
အလ္လာဟ် အရှင်မြတ်သည် လူသားတိုင်း၏ နဖ်စ်ဝိညာဉ်ကို အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်နိုင်စေရန်အတွက် ဖန်ဆင်းခံရသည့် သဘာဝနှင့်အညီ ကျင့်ကြံနိုင်အောင်လည်း စုံလင်စွာ (ကျန်ဖန်ဆင်းခံတို့ထက်သာလွန်၍) ပြုလုပ်ပေးထားတော်မူ၏။ ထိုနဖ်စ်ရှိနေခြင်းကြောင့် အသက်သည် လည်းကောင်း၊ ဆင်ခြင်တုံတရားသည် လည်းကောင်း၊ စိတ်နှလုံးနှင့်ခံစားမှုများသည် လည်းကောင်း ပေါ်ပေါက်လာ၏။ ဆင်ခြင်တုံတရားနှင့် စိတ်နှလုံးရှိခြင်းကြောင့် လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ် လုပ်ပိုင်ခွင့်လည်း ပေါ်ပေါက်လာလေသည်။
နဖ်စ်ဝိညာဉ်၏ ပြစ်မှုစေ့ဆော်မှု

“ထိုမှတစ်ပါး ‘နဖ်စ်ဝိညာဉ်’ကို လည်းကောင်း၊ ထိုနဖ်စ်ကို (ဖန်ဆင်းခံရသည့် သဘာဝနှင့်အညီ ကျင့်ကြံနိုင်စေရန်) စုံလင်အောင် ပြုလုပ်တော်မူသော (အလ္လာဟ်) အရှင်မြတ်ကို လည်းကောင်း သက်သေထူတော်မူ၏။ တစ်ဖန် ထိုအရှင်မြတ်သည် နဖ်စ်၏ စိတ်အတွင်းဝယ် ထိုနဖ်စ်၏ ပြစ်မှု၏ အသိနှင့် ကောင်းမှု၏ အသိကို ထည့်သွင်းပေးသနားတော်မူခဲ့၏” (ကုရ်အာန် ၉၁း၇-၈)
“….စင်စစ် လောဘရမ္မက်သည် (လူတိုင်း) နဖ်စ် စိတ်တွင် ရှိစမြဲပင် ဖြစ်ပေသည်” (ကုရ်အာန် ၄း၁၂၈)
“….စင်စစ် မည်သူမဆို မိမိ၏ နဖ်စ်၏ လောဘ ရမ္မက်ကြီးမှုမှ ကင်းလွတ်စေခြင်း ခံရလျင် ထိုကဲ့သို့သော သူတို့သည် အောင်မြင်သူများ ဖြစ်ကြပေသည်”
“……စင်စစ်နဖ်စ်သည် မကောင်းမှုကို အလွန် အမိန့်ပေး တိုက်တွန်း လေ့ရှိ၏” (ကုရ်အာန် ၁၂း၅၃)
နဖ်စ်ဝိညာဉ်သည် ရုပ်ခန္ဓာတည်ရှိမှုကို စုစည်းထားသော အားဖြစ်သည်။ နဖ်စ်၏ စွမ်းအင်သည် ရုပ်နှင့်စိတ် နှစ်မျိုးလုံးပေါ်သို့ သက်ရောက်သည်။ ရုပ်ခန္ဓာပေါ် အားသက်ရောက်မှုမှာ ရုပ်ခန္ဓာ၏ အိပ်၊ စား၊ ကာမနှင့် ချောင်ချီမှုလိုအပ်ချက်ကို ဖြည့်ရန် ဖြစ်သည်။ စိတ်ပေါ် သက်ရောက်သော အားမှာ မိမိကိုယ် မိမိ မယိုယွင်းအောင် ထိန်းသိမ်းရန်၊ အသုံးဝင်မှုအတွက် ထိန်းသိမ်းရန်နှင့် ပိုင်ဆိုင်လိုမှုတို့ အဖြစ်အား သက်ရောက်၏။ ထိုကဲ့သို့ မိမိအတွက် ပိုင်ဆိုင်လိုမှု အိပ်၊ စား၊ ကာမ၊ သက်သာလိုမှု လွန်ကဲသော် လောဘတရား မွေးဖွားလာလေသည်။
မိမိကိုယ်မိမိ ကာကွယ်ထိန်းသိမ်းလိုမှု၌ လောဘ လွန်ကဲလာသော် စေးနှဲ တွန့်တိုမှု၊ ဂရုမပြုမှု၊ မေတ္တာ ကရုဏာကင်းမဲ့မှု၊ ကိုယ်ကျိုးသာ ကြည့်ရှုမှု စသည်တို့ဖြစ်လာ၍ ရေရှည် အသုံးဝင်စေရန် အတွက် လောဘဝင်လာသောအခါ ပိုင်ဆိုင်လိုမှု၊ မနာလိုမှု၊ ပြိုင်ဆိုင်လိုမှု၊ မာနကြွားဝါမှု၊ ဒေါသ၊ မောဟ၊ ကြမ်းကြုတ်မှု၊ ယုတ်မာမှု၊ ရက်စက်မှု၊ လိမ်လည်မှု၊ သစ္စာမရှိမှု စသော မတရားမှုစိတ်များ တစ်ခုပြီး တစ်ခု အစဉ်အဆက် ဖြစ်ပေါ်လာတော့သည်။ ထို့ကြောင့် နဖ်စ် ဝိညာဉ်သည် မကောင်းမှုကို တိုက်တွန်းလေ့ရှိပြီး လူသားကို အဆင့်နိမ့်သည်ထက် နိမ့်အောင် ပြုတတ်သော စွမ်းအင်ဖြစ်သည်။ (၉၅း၅)။
အကယ်၍ ထိန်းသိမ်းမှုမရှိက ရုပ်လောက၌လည်း ထိုမီးတို့ဖြင့် လောင်ကျွမ်းခြင်းခံပြီး တမလွန်တွင်လည်း ဂျဟန္နာမ်မီး၏ လောင်ကျွမ်းခြင်း ခံရပေဦးမည်။

No comments:

Post a Comment