Thursday, 23 August 2012

အခန်း (၁၆) လူသားအတွက် သက္ကဒီရ် သတ်မှတ်ချက်

အခန်း (၁၆) လူသားအတွက် သက္ကဒီရ် သတ်မှတ်ချက်
“ချီမွမ်းထောမနာခြင်း အပေါင်းတို့သည် လောကခပ်သိမ်းတို့ကို မရှိရာမှ ရှိရာသို့ အဆင့်ဆင့် ပြုစုပျိုးထောင် မွေးမြူ ဖန်ဆင်းတော်မူသော အလ္လာဟ် အရှင်မြတ်အတွက်သာတည်း၊ ထိုအရှင်မြတ်သည် မဟာကရုဏာတော်ရှင်၊ အနန္တကောင်းချီးမင်္ဂလာတော်ရှင် ဖြစ်တော်မူ၏” (ကုရ်အာန် ၁း၂-၃)
“……စင်စစ် ထိုအရှင်မြတ်သည် ဤသည် (ကရုဏာတော်ပြုရန်) အတွက်ကြောင့်သာ ၄င်း(လူသား)တို့အား ဖန်ဆင်းတော်မူခဲ့၏” (ကုရ်အာန် ၁၁း၁၁၉)
“စင်စစ် ငါအရှင်မြတ်သည် ဂျင်န်(ဖုံးကွယ်ထားသောဖန်ဆင်းခံ) များနှင့် လူသားတို့ကို ငါအရှင်မြတ်အား အိဘာဒတ်ပြုရန် ( အလ္လာဟ်၏ ကျွန်အဖြစ် အလ္လာဟ်လမ်းညွှန်အတိုင်း ဘဝတည်ဆောက်ရန်) သာလျှင် ဖန်ဆင်းတော်မူခဲ့သည်။” (ကုရ်အာန် ၅၁း၅၇)
လူသားအတွက် သက္ကဒီရ် သတ်မှတ်ချက်
“၄င်းပြင် ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်ကို ခြောက်ရက် (ကာလ ၆ ခုဖြင့် အဆင့်ဆင့်) ဖန်ဆင်းထင်ရှားဖြစ်ပေါ်စေတော်မူခဲ့၏။ ထို့ပြင် (ထိုအရှင်မြတ်သည် သက်ရှိတို့ကို ရေမှစတင်ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေရန် အလိုဆန္ဒရှိခဲ့ရာ) ထိုအရှင်မြတ်၏ အရ်ရှ်-ပလ္လင်တော် (အကြွင်းမဲ့တတ်စွမ်းနိုင်သော ဘုန်းတော်၊ ဉာဏ်တော် အာဏာတော်တို့)သည် ရေပေါ်၌ (သက်ရောက်)ရှိခဲ့လေသည်။ ထိုကဲ့သို့ စကြဝဠာလောကခပ်သိမ်း သက်ရှိသက်မဲ့ ခပ်သိမ်းတို့ကို အဆင့်ဆင့်ရှည်လျားစွာ ဖန်ဆင်းရခြင်းကား အသင်တို့သည် အလ္လာဟ်ကိုမှီခိုရသူများ ဖြစ်ကြောင်း အသိပေးပြီးနောက်) စမ်းသပ်ရန် ဖြစ်ပေသည်။ ဤသို့ဖြင့် ပို၍မြင့်သော အဆင့်သို့ဝင်နိုင်ရန်) အသင်တို့အနက်မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံး ဖြစ်ကြောင်း (ထင်ရှားစွာပြသရန်ဖြစ်သည်)။ စင်စစ် အသင်တို့သည် သေပြီးနောက် ရှင်ပြန်ထကြရမည့်သူများ ဖြစ်ကြသည်ဟု အသင်တို့သည် လူတို့အား ပြောဆိုခဲ့ပါလျင် အမှန်တရားကို သွေဖည် ငြင်းပယ်သူတို့က ဤသည် ထင်ရှားလှစွာသော စုန်းပယောဂအတတ်မျှပင် ဖြစ်သည်ဟု ပြောဆိုကြမည်မှာ ဧကန်မလွဲတည်း” (ကုရ်အာန်၁၁း၇)
အလ္လာဟ်သည် ကရုဏာ ရှိသူအပေါင်းတို့အနက် မည်သူမျှနှိုင်းယှဉ်တုဖက်နိုင်စွမ်းမရှိသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသည်။ ထို့ကြောင့် လူသားတို့ကို ထင်ရှားဖြစ်ပေါ်စေခြင်းသည်လည်း မေတ္တာကရုဏာ ပြုတော်မူရန်သာ ဖြစ်သည်။ အာဒမ်နှင့် ၄င်း၏ကြင်ဖော်တို့ ပြစ်မှုကျူးလွန်မိကြ၍ အလ္လာဟ်သည် အာဒမ်၏သား မြေးအပေါင်း (လူသား)တို့ကို ခွင့်မလွတ်နိုင်ဘဲ ဒေါသကြီးနေသော အရှင် မဟုတ်ပေ။ မိမိကျူးလွန်သော ပြစ်မှုအတွက် ဘာမျှမသိရှာသော သားသမီးတို့ကို အပြစ်ပုံချသော အရှင်လည်း မဟုတ်ပေ။ အာဒမ်နှင့် ကြင်ဖော်တို့၏ ပြစ်မှုကို အလ္လာဟ်သည် ခွင့်လွှတ်တော်မူခဲ့လေသည်။ စင်စစ် လူသားကို စတင် ဖန်ဆင်းကတည်းက ကမ္ဘာမြေပေါ်ဝယ် ခလီဖဟ် ကိုယ်စားလှယ်အဖြစ် ချီမြှင့်ရန် ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ ဒုက္ခပေးရန် မဟုတ်ချေ။ အဆင့်အတန်း နိမ့်စွာမြေမှ စတင်ခဲ့သော လူသားသည် အလ္လာဟ်ထံတော်မှ ရူဟ်ဝိညာဉ်စွမ်းအင် ချီးမြှင့်ခြင်းခံရပြီးနောက် ဖန်ဆင်းခြင်းခံလောက ခပ်သိမ်းတွင် အကောင်းဆုံးသော ဖန်ဆင်းခံ ဖြစ်လာပေသည်။ အကောင်းဆုံးသော စွမ်းရည်များကို ချီမြှင့်ထားသည်။ ဤဖန်ဆင်းခံ စကြဝဠာလောက ခပ်သိမ်းနှင့် သက်ရှိသက်မဲ့ ခပ်သိမ်းတို့သည် လူသားတို့လက်အောက်ခံ ဖြစ်လာသည်။ ဤသည်တို့မှာ မွေးကတည်းက အလ္လာဟ်ချီမြှင့်တော်မူသော ကရုဏာတော်များ ဖြစ်သည်။
ထို့ကြောင့် လူသားသည် အလ္လာဟ်ကို ဖန်ဆင်းရှင်အဖြစ်လည်းကောင်း၊ ကျေးဇူးတော်ရှင် အဖြစ်လည်းကောင်း၊ ကိုယ်၊ နှုတ်၊ နှလုံး ၃ပါးလုံးဖြင့် လက္ခကာ အလ္လာဟ်၏ကျွန် (နာခံသူ) အဖြစ် အလ္လာဟ်၏ ဝဟီလမ်းညွှန်အတိုင်း ဘဝတည်ဆောက်မှု အိဘာဒတ် ပြုရမည်ဖြစ်၏။ ဤသို့ ဘဝတည်ဆောက်ခြင်းဖြင့် ဤဘဝတွင်လည်း ဒုက္ခနှင့် ဝမ်းနည်းပူဆွေးရာများကင်းဝေး၍ သေခြင်း၏အလွန် တမလွန်ဘဝတွင်လည်း နိစ္စထာဝရပြီးပြည့်စုံသော ငြိမ်းချမ်းမှု ဂျန္နသ်ကိုရပေမည်။ အလ္လာဟ်၏ စီမံကိန်းနှင့် ရည်ရွယ်ချက်အားလုံးတွင် မြေမှဖြစ်သော လူသားကို အဆင့်မြင့်သည်ထက်မြင့်ကာ ဂျန္နသ်အဆင့်အထိ ပို့ပေးရန်ပင် ဖြစ်သည်။ သို့သော် အလ္လာဟ်ကိုလက္ခံမှုသို့မဟုတ် ငြင်းပယ်မှုအတွက် လူသားအား လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ် လုပ်ပိုင်ခွင့်ပေးထားသည်။ လူသားသည် သေခြင်းတရား မရောက်မီ ထိုလွတ်လပ်စွာ ရွေးချယ်ပြုပိုင်ခွင့်ဖြင့် အလ္လာဟ်၏စီမံကိန်းအတွင်း၌ မည်သို့ပြုမည်ကို စမ်းသပ်တော်မူခြင်း ခံရပေမည်။

No comments:

Post a Comment