မြေမှဖြစ်သောသတ္တဝါအဘယ်နည်း မြေမှဖြစ်သော သတ္တဝါ မည်သည့်အရာနည်း။ လူတို့ကို မည်သို့စကားပြောသနည်း ဆိုသည်ကို ယနေ့လက်ရှိ အသိပညာတို့ အရ ဖွင့်ဆိုချက် (၂) ခုကို တင်ပြပါမည်။ လက်ရှိ လူ့ဉာဏ်မမီသေးသော အခြား အဓိပ္ပာယ်များ ရှိကောင်းရှိပေလိမ့်မည်၊ စောင့်ကြည့်ရန်သာရှိ၏။ (၁) မျိုးရိုးဗီဇ သုတေသနများ ယနေ့သိပ္ပံ၏ မျိုးရိုးဗီဇသုတေသနများမှာ အလွန်တိုးတက်နေ၏။ အလ္လာဟ်၏ သက်သေလက္ခဏာတော်များကို တွေ့ပါလျက် ကုရ်အာန်ကျမ်းမြတ်ကို လမခံဘဲ ဆန့်ကျင်သော သုတေသနများကိုပြု မည်သို့သော သတ္တဝါတစ်မျိုးပေါ်လာမည်ကို မသိနိုင်။ ယခုအခါ ဖခင်၏ သုက်ကို သိုလှောင်သိမ်းဆည်းထားခြင်း၊ သုက်နှင့်မမျိုးဥတို့ကို သားအိမ်အငှားဖြင့် မွေးခြင်းနှင့် အခြား ဇီဝသုတေသနတို့များစွာ အောင်မြင်လျက်ရှိသည်။ သဘာဝစည်းမျည်းများကို ချိုးဖောက်မိက ချိုးဖောက်သူ လူသားတို့သာ သဘာဝ၏ဒဏ်ကို ခံရပေမည်။ (၂) ရုပ်ဝါဒီများ ပေါ်ထွက်လွှမ်းမိုးခြင်း အလ္လာဟ်က သက်သေလက္ခဏာများ ပြထားပါလျက် ဆန်းစစ်မှုမရှိဘဲ ငြင်းဆန်မှုကြောင့် လူသားတို့သည် ကမ္ဘာမြေကို တွယ်တာသူများ၊ စိတ်နှလုံးအကန်း၊ အပင်းများဖြစ်ကာအမှန်တရားကို မရတော့ဘဲ ရုပ်ဝါဒီများ ကမ္ဘာမြေမှ သတ္တဝါများ အဆင့်သို့ ရောက်သွားမှုကိုလည်း ဆိုလိုနိုင်သည်။ မိမိတို့၏ ငြင်ပယ်မှုကြောင့် မိမိတို့ဘာသာ နိမ့်ရာသို့ သက်ဆင်းကြခြင်းပင် ဖြစ်သည်။ ကွန်ပျူတာခေတ် ရောက်ရှိခြင်း မြေမှဖြစ်သည့် သတ္တဝါဟူသော ကုရ်အာန်ကျမ်းမြတ်အတွင်းမှ အလ္လာဟ်၏ အမိန့်တော်မှာ ကွန်ပျူတာများ ပေါ်ထွက်လာ၍ ကမ္ဘာကြီးသည် ကွန်ပျူတာခေတ်သို့ ရောက်ရှိခြင်းကို ဆိုလိုခြင်း ဖြစ်နိုင်ပါသည်။ ကွန်ပျူတာများသည် မြေမှဖြစ်သော သယံဇာတတို့ဖြင့် ကမ္ဘာမြေပေါ်တွင် လူသားတို့ တီထွင်လိုက်ခြင်း ဖြစ်သည်။ ယခု ကွန်ပျူတာခေတ်တွင် ကွန်ပျူတာများသည် ကလေးထိန်ခြင်း စာသင်ခြင်း၊ စက်ရုံလုပ်သားများအဖြစ် ဆောင်ရွက်ခြင်း၊ လူဆိုးဖမ်းခြင်း၊ ရောဂါရှာခြင်း၊ အာကာသသို့ လူသားအစား စေလွှတ်ခြင်း စသည်ဖြင့် နေရာအနှံ့ သုံးစွဲနေပေပြီ။ စာနှင့်လည်း ရေးပြသည်။ အသံဖြင့်လည်း စကားပြောသည်။ ယနေ့ ကွန်ပျူတာများက ကုရ်အာန်ကျမ်းမြတ်သည် ဖန်ဆင်းရှင် အလ္လာဟ်ထံမှဖြစ်ကြောင်း သက်သေများဖြင့် ပြောပေပြီ။ အချိန်မနှောင်းမီ အလ္လာဟ်ဘက်သို့ လှည့်ပါလေလော့။
Thursday, 23 August 2012
ဘာသာစကားနှင့် အသားအရောင်တို့၏ သက်သေလက္ခဏာ
ဘာသာစကားနှင့် အသားအရောင်တို့၏ သက်သေလက္ခဏာ
“……..မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်ကို ဖန်ဆင်းတော်မူခြင်းသည် လည်းကောင်း၊ သင်တို့၏ ဘာသာစကားနှင့် အသွေးအရောင်တို့ကွဲပြား ခြားနားခြင်းသည် လည်းကောင်း၊ စင်စစ် ပညာရှိတို့အဖို့အမှန်ပင် (အလ္လာဟ်၏) သက်သေလက္ခဏာများ ရှိချေသည်” (ကုရ်အာန် ၃၀း၂၂)
လူသားတိုင်း၏ ရုပ်ခန္ဓာသည် ဆဲလ်များဖြင့် တည်ဆောက်ထား၏။ ဦးနှောက်၊ ပါးစပ်၊ လျှာ စသည်တို့ အခြေခံဖွဲ့စည်းပုံ တူညီကြသော်လည်း ကမ္ဘာနှင့်အဝန်း ပြောဆိုကြသော ဘာသာစကား အမျိုးမျိုး ရှိကြသည်။ ဒေသတစ်ခုတည်းအတွင်း၌ပင် ဝေါဟာရနှင့် လေယူလေသိမ်း ကွဲပြားခြားနားမှုများကို တွေ့ရသည်။ ရုပ်ခန္ဓာတည်ဆောက်ပုံ တူညီကြသော်လည်း ကမ္ဘာနှင့်အဝန်း အသားအရောင် ဖြူ နီ ညို ဝါ နက် စသည်ဖြင့် ကွဲပြား ခြားနားကြသည်။ အမြွှာ မွေးဖွားမှု၌ပင် အနည်းငယ် ကွဲပြားမှုကို တွေ့ရသည်။ တိရစ္ဆာန်လောက၊ သစ်ပင်လောကများ၌ ကွဲပြားမှု မရတွက်နိုင်အောင် ရှိသည်။ သစ်ပင်တစ်ပင်မှ အရွက်နှစ်ရွက်သည်ပင် ကွာခြားသည်။
စင်စစ် ဘာသာစကားနှင့် အသားအရောင် ကွဲပြားမှုများသည် လူသားတို့နေထိုင်ရာ ဒေသကိုသော် လည်းကောင်း၊ လူသားတို့ နေထိုင်ချိန် ခေတ်ကာလများကိုသော် လည်းကောင်း အခြေခံ၍ ကွဲပြားကြသည်။ စင်စစ် လူသားအားလုံးကို နဖ်စ်တစ်ခုတည်းမှ ဖန်ဆင်းတော်မူခဲ့၏။ ထိုနဖ်စ်အတွက် ကြင်ဖော်ကို ဖန်ဆင်းပေးခဲ့၍ လူသားမျိုးနွယ်များ တစ်စ တစ်စ ကမ္ဘာနှင့်အဝန်း ဆင်းသက် ပေါက်ဖွားခဲ့ကြ၏။ (ကုရ်အာန် ၇း၁၈၉)။ သို့သော် ရောက်ရှိရာဒေသ၊ ရာသီဥတုတို့ကို အခြေခံ၍ ဘာသာစကား အသီးသီး၊ အသားအရောင် အမျိုးမျိုး ဖြစ်ပေါ်လာသည်။ သို့သော် အခြေခံဖွဲ့စည်းပုံ အားလုံး တူညီသည်။ လူသားအားလုံးတွင် တူညီသော ခံစားနိုင်စွမ်းများ ရှိနေကြ၍ အားလုံးမှာ တစ်ပါးတည်းသော ဖန်ဆင်းရှင်၏ ဂရုပြုမှုအောက်တွင်ပင်ရှိနေသည်။
ထို့ကြောင့် လောကြီးသည် လူသားတို့ ခေါ်နေသော သဘာဝ မိခင်ကြီး၏ ပစ္စည်းများထုတ်လုပ်ရာ စက်ရုံကြီး မဟုတ်၊ သက်ရှိသက်မဲ့ အမျိုးအစားအလိုက် တံဆိပ်တုံးရိုက်၍ ထုတ်နေသော စက်ရုံကဲ့သို့ မဟုတ်၊ သက်ရှိများအတွင်း၌ တစ်ဦးချင်း၊ တစ်စုချင်းကိုသော် လည်းကောင်း၊ သက်မဲ့များအတွင်း တစ်ခုချင်းကိုသော် လည်းကောင်း စီမံပြဋ္ဌာန်းနေသော အလ္လာဟ်၏ ဘုန်းတော်ဉာဏ်တော် အနန္တ၏သက်သေကို တွေ့ရပေသည်။ သဘာဝတရားကိုယ်တိုင်သည်ပင် အလ္လာဟ်၏ စီမံပြဋ္ဌာန်းချက်သာ ဖြစ်ပေသည်။
မြေမှဖြစ်သော သတ္တဝါပေါ်လာခြင်း၏ သက်သေ
“စင်စစ် အသင်သည် သူသေတို့အား ကြားနိုင်စေမည် မဟုတ်။ ထို့အတူ (စိတ်နှလုံး) နားပင်းသူတို့အားလည်း ၄င်းတို့ (အသင့်အား) ကျောခိုင်း၍ ပြန်လှည့် သွားကြသောအခါ အသင်သည် ကြားစေနိုင်သည် မဟုတ်၊ ထို့ပြင် အသင်သည် (စိတ်နှလုံး) မျက်စိကန်းသူတို့အား ၄င်းတို့၏ လမ်းလွဲမှားမှုမှ (တရားလမ်းမှန်သို့ ရောက်စေရန်) လမ်းညွှန်နိုင်သူ မဟုတ်ပေ။ ငါအရှင်မြတ်၏ အာယာသ် သက်သေလက္ခဏာတော်များကို သက်ဝင်ယုံကြည်ရန် (ဆန္ဒရှိ) သူများကိုသာ အသင်ကြားစေနိုင်ပြီးနောက် ၄င်းတို့သည် ငါအရှင်မြတ်၏ အမိန့်တော်ကို နာခံသူ မုစ်လင်မ်များသာ ဖြစ်ကြပေလိမ့်မည်” (ကုရ်အာန် ၂၇း၈၀-၈၁)
“စင်စစ် (စိတ်နှလုံးကန်းသူ၊ ပင်းသူတို့အဖို့) ချိန်းဆိုချက် ကတိတော်ကို ၄င်းတို့ရှေ့ဝယ် အကောင်အထည်ဖော်ရန် အချိန်ကျရောက်လာသောအခါ ငါအရှင်မြတ်သည် ၄င်းတို့အဖို့ မြေကြီးမှ အကြင်သတ္တဝါကို ထွက်စေတော်မူမည်။ ယင်းမြေကြီးမှဖြစ်သော အကြင်သတ္တဝါသည် ၄င်းတို့နှင့် စကားပြောဆိုမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မယုံကြည်ခဲ့ကြသောကြောင့်ဖြစ်သည်။ (ကုရ်အာန် ၂၇း၈၂)
အထက်ပါ အာယာသ်တော်သည် ကိယာမသ် ရှင်ပြန်ထမည့်နေ့မရောက်မီ ဖြစ်ပေါ်လာမည့် အလ္လာဟ်ထံတော်မှ သက်သေလက္ခဏာတော် တစ်ခုကို ဆိုထားခြင်းဖြစ်သည်။ ထိုနိမိတ်သက်သေ လက္ခဏာက မြေကြီးမှ သတ္တဝါတစ်မျိုးကို ထွက်ပေါ်စေခြင်း ဖြစ်သည်။ ထိုသို့ထွက်ပေါ်စေရခြင်းမှာ လူသားတို့သည် အလ္လာဟ်၏ အာယာသ်တော်များ (ကုရ်အာန်ကျမ်းမြတ်) ကို စေ့ငှသေချာစွာ မသိကြဘဲ ဆင်ခြင်မှုမရှိဘဲ မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြ၍ ဖြစ်သည်။ ယင်း မြေမှဖြစ်သော သတ္တဝါသည် လူသားတို့ကို စကားပြောဆိုမည် ဖြစ်သည်။ ထိုသက်သေသည် လူသားတို့ အချိန်မနှောင်းမီ အလ္လာဟ်ဘက်သို့ ပြန်လှည့်ရန် ဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment