Wednesday 19 February 2014

ဝတ်စားဆင်ယင်မှု

အစ္စလာမ်ဘ၀တည်ဆောက်မှုလမ်းစဉ်သည် အာလမီယဟ်ခေါ် စကြ၀ဠာနှင့် ယှဉ်သည့် လမ်းညွှန်ဖြစ်ပေရာ လူမျိုး၊ ဒေသ၊ ပုဂ္ဂို၊ ကျောင်းတော်ဝါဒစွဲ စသည့် အစွဲကင်းရန်လို အပ်ပါသည်။
ကမ္ဘာပေါ်တွင် (×××) ခေါ် လူ့အစုအဝေးများစွာရှိနေရာ သီးခြားဘာသာစကား၊ အ၀တ်အစားယဉ်ကျေးမှုများနှင့် ရှိနေပြီးဖြစ်ပါသည်။ ယင်းအစုအဝေးအသီးသီးသည် တမန်တော်ချုပ် မုဟမ္မဒ် ယခင်၏ဟောကြားသွန်သင်ချက်ကို လက်ခံခြင်းဖြင့် တစ်ခုတည်းသော အွမ္မသ်သားချင်းဖြစ်လာ၏။ သို့သော် မှုလဘာသာစကားနှင့် အ၀တ်အစား ပြောင်းလဲသွားစရာ မလိုပါ။ မှုလလူမျိုးဘာသာစကားဖြင့်ပင် အစ္စလာမ်ကို ကျင့်သုံး၍ရပေသည်။ ထို့ကြောင့် တမန်တော်ချုပ် မုဟ်မ္မဒ်သခင်သည် အရဗ်ဖြစ်သော်ငြားလည်း ကမ္ဘာ့ မုစ်လင်မ်ထုအား အရဗ်လူမျိုး ၀တ်စုံကိုဝတ်ရန် မညွှန်ကြားခဲ့ပါ။ ကုရ်အာန်ကျမ်းစာသည် အရဗီ စာပေဖြစ်၍သာ အရဗီစကားအရေး ပါလာခြင်းသာဖြစ်ပါသည်။
အစ္စလာမ်သည် ယဉ်ကျေးမှုတည်ဆောက်ပေးသော သာသနာဖြစ်ပေရာ အ၀တ်အစား နှင့်စပ်လျဉ်း၍ ပုံစံမသတ်မှတ်ဘဲ စည်းကမ်းကိုသာ သတ်မှတ်ပေးသည်။
ယင်းတို့မှာ- (၁) သန့်ရှင်စင်ကြယ်မှုရှိရန် (ကုရ်အအန် ၇၄း၎၊ ၂း၂၂၂) (၂) အရှက်ကိုလုံခြုံစေရန်နှင့် ကျက်သရေဆောင်ဖြစ်စေရန် (ကုရ်အာန် ၇း၆၂၊ ၇း၃၁) (၃) ရာသီဥတု၊ စစ်ရေး၊ ပတ်ဝန်းကျင်သဘာဝနှင့် လျော်ညီစွာ ၀တ်ရန် (ကုရ်အာန် ၁၆း၈၁) (၄) မောက်မာပလွှားသော ဖြုန်းတီးသော အ၀တ်အစားမျိုး မ၀တ်ဆင်ရန် သွန်သင်ထားပေး သည်။
ဘာသာရေးအ၀တ်အစားဟူ၍ ကအ်ဗဟ်ကျောင်းတော်သို့ အွမ်မရဟ် (သို့မဟုတ်) ဟဂ်ျ ကျင့်စဉ်ပြုရန်သွားသူအတွက်သာ နေရာအချိန်သတ်မှတ်ချက်ဖြင့် အိဟ်ရာမ်ဝတ်ရုံစည်းကမ်း ချက်များသာရှိပါသည်။
ထို့ကြောင့် မုစ်လင်မ်တို့အနေဖြင့် မိမိကိုယ်မိမိ မည်သည့်နိုင်ငံသားဖြစ်ကြောင်း သတိပြုပြီး မိမိဒေသဆိုင်ရာ ၀တ်စားဆင်ယင်မှုကို အလေးထားဝတ်ဆင်ရပေမည်။ တမန်တော်မြတ်သည် အရဗ် အ၀တ်အစားကို အစ္စလာမ့်အ၀တ်အစားဟု သတ်မှတ် ချက်မရှိခဲ့သဖြင့် မုစ်လင်မ်များအတွင်း လူမျိုးတစ်မျိုး၏ အ၀တ်အစားကိုသာ အစ္စလာမ့်အ၀တ်အစားဟု သတ်မှတ်ပုံသွင်းခြင်းသည် အစ္စလာမ်တရားတော်နှင့် ဆန့်ကျင်ပြောဆိုခြင်းသာဖြစ်ပါသည်။ မြန်မာနိုင်ငံသားမုစ်လင်မ်များဟု မိမိကိုယ်မိမိ သတ်မှတ်သူ များအနေဖြင့် မိမိတို့၏ သားသမီး များကို မြန်မာ့ဝတ်စားဆင် ယင်မှုသည်သာ အစ္စလာမ်တရားတော်နှင့်ဝတ်ဆင်ပေးရမည်။ အိန္ဒိယမှ မုစ်လင်မ်တို့၏ ၀တ်စားဆင်ယင်မှုသည်သာ အစ္စလာမ်၏ ၀တ်စုံဟုသတ်မှတ် ပြောဆိုခြင်းသည် သာသနာရေး၊ လူမျိုးရေး ရှုတ်ထွေးမှုများပေါ်ပေါက်လာပြီး ဆိုးကျိုးများပေါ်ပေါက် လာနိုင်ပေသည်။ လူမျိုးတစ်မျိုးနှင့် တစ်မျိုး ရှုတ်ချပြောဆိုခြင်းမှာ အစ္စလာမ်လမ်းစဉ် မဟုတ်ပါ။ အထက်ဖော်ပြပါ စည်းကမ်းချက်များနှင့်ကိုက်ညီသော မည်သည့်လူမျိုး၏ အ၀တ်အစားမဆို အစ္စလာမ်က ခွင့်ပြုသော အ၀တ်အစားဖြစ်ပါသည်။
အလ္လာဟ်အရှင်မြတ်က ဘာသာရေးဆိုင်ရာကိစ္စများဆောင်ရွက်ရာတွင် မိမိတို့ဒေသ ဆိုင်ရာ ကျက်သရေဆောင် အမျိုးသားဝတ်စုံကို ဆင်ယင်ရန် ညွှန်ကြားထားပါသည်။
“အသင်တို့သည် နာခံဝတ်ပြုရာနေရာတွင် မိမိတို့၏ ကျက်သရေဆောင်တို့ကို ဆင်ယင်ကြ ကုန်လော့။” (ကုရ်အာန် ၇း၃၁)
ကလေးငယ်များကို ရွှေ၊ ငွေ၊ ရတနာများ ဆင်ယင်ပေးခြင်းသည် အန္တရယ်များ၍ မပြုသင့်ပါ။

No comments:

Post a Comment