Sunday, 9 September 2012
“ရှဂျရ်” သစ်ပင်အောက်မှ မေတ္တာရှင်တမန်တော်
“ရှဂျရ်” သစ်ပင်အောက်မှ မေတ္တာရှင်တမန်တော်
တမန်တော်မြတ်သည် ချစ်လှစွာသော မွေးမြေနှင့် ကအ်ဘဟ်ကျောင်းတော်ရှိရာ မက္ကာမြေမှ ခွဲခွာခဲ့ရသည်မှာ ၆နှစ် ရှိပေပြီ။ ကအ်ဘဟ်ကျောင်းတော်သည် ကာဖရ်မုရှရိက်တို့၏ လက်ထဲ ရောက်နေပေသည်။ ထို ၆နှစ်တာ ကာလအတွင်း အစ္စလာမ် သာသနာသည် မဒီနာမြို့၌ ထွန်းလင်းလာပေတော့သည်။ ထိုခေတ်က အာရဗ်တို့၏ ရိုးရာထုံးစံအရ မည်သည့် အာရဗ်မျိုးနွယ်ဝင်မဆို ကအ်ဘဟ်ကျောင်းတော်သို့ လက်နက်ကိုင်ဆောင်ခြင်းမရှိဘဲ လာရောက်ခွင့်ရှိ၏။ ထို့ပြင် ဟဂ်ျရာသီဖြစ်သော ဇုလ်ကအ်ဒဟ်လ၊ ဇုလ်ဟဂ်ျလနှင့် မုဟရမ်လ စသည့် (၃ လ)တွင် မည်သည့် စစ်တိုက်ခိုက်မှုမျိုးကိုမဆို အာရဗ်လောကတွင် တားမြစ်ထားသည်။ ကာဖရ်မုရှရိက်တို့သည် ရုပ်တုများကို ကိုးကွယ်သော်လည်း တမန်တော်ကြီး အီဘရာဟီမ် လက်ထက်က ကြွေးကြော်ခဲ့သော ဟဂ်ျကိုမူ အစဉ်အဆက် ပြုခဲ့ကြ၏။
ဟစ်ဂျရီ ၆ခုနှစ် ဇုလ်ကအ်ဒဟ်လ တွင် တမန်တော်မြတ်သည် နောက်လိုက် ၁၅၀၀ နီးပါးမျှနှင့်အတူ အမ္မရာဟ် (ဟဂ်ျအငယ်စား)ပြုရန် မက္ကာသို့ လက်နက်မပါဘဲသွားခဲ့ကြလေသည်။ မက္ကာဟ်ရှိ ကာဖိရ်မုရှရိက်တို့သည် ရိုးရာဓလေ့ထုံးစံကို ချိုးဖောက်၍ မုစ်လင်မ်တို့အား အုမ္မရာဟ်ပြုခြင်းကို ပိတ်ပင်တားဆီး၍ တိုက်ခိုက်ရန် ထွက်လာကြ၏။ တမန်တော်မြတ်သည် မက္ကာမြို့ မြောက်ဘက် အရပ်ရှိ ‘ဟုဒိုင်ဗီယာ’ အရပ်၌ ခေတ္တ စခန်းချနေ၏။ ထို ဟုဒိုင်ဗီယာအရပ် ရေအိုင် အနီးရှိ သစ်ပင်အောက်၌ နောက်လိုက်တို့ကို ‘ဘိုင်အတ်သ်’ပေး၍ ကတိသစ္စာယူတော်မူခဲ့၏။ (ကုရ်အာန် ၄၈း၁၈)၊ တမန်တော်မြတ်နှင့် နောက်လိုက်တို့၌ မည်သည့် လက်နက်မျှ မပါချေ။ တမန်တော်မြတ်သည် မက္ကာဟ်သားတို့ ကာဖိရ်မုရှရိက်တို့ကို လမြတ်များ၏ ရိုသေမှုထုံးစံကို မချိုးဖောက်စေချင်၊ ကာဖိရ်မုရှ်ရိက်တို့သည်လည်း (၁၉)နှစ်တာမျှ တမန်တော်မြတ်နှင့် မုစ်လင်မ်တို့ကို နည်းမျိုးစုံဖြင့် ဖျက်ဆီးခဲ့သော်လည်း မအောင်မြင်ဘဲ မိမိတို့သာ ဆုံးရှုံးနေမှုကို သိနေ၏။ နောက်ဆုံးတွင် ထိုဟုဒိုင်ဗီယာ အရပ်၌ပင် ‘ဟုဒိုင်ဗီယာငြိမ်းချမ်းရေးစာချုပ်’ကို နှစ်ဦးနှစ်ဖက်ချုပ်ဆိုခဲ့ကြ၏။
(၁၀)နှစ်တာမျှ စစ်မတိုက်ကြရ။ တမန်တော်မြတ်သည် ငြိမ်းချမ်းရေးရလို၍သာ စာချုပ်ချုပ်ဆိုခဲ့သော်လည်း မုစ်လင်မ်တို့ဘက်မှ အခွင့်အရေးမှာ အလွန်နည်းလှ၏။ ထိုနှစ်တွင်လည်း မက္ကာဟ်သို့ဝင်ခွင့် မပြုခဲ့ချေ။ နောက်နှစ်မှသာ ခွင့်ပြုမည်ဟုဆို၏။ ထိုဟုဒိုင်ဗီယာ အရပ်ရှိ သစ်ပင်အနီး၌ ချုပ်ဆိုခဲ့သော ငြိမ်းချမ်းရေး စာချုပ်ကြောင့် တမန်တော်မြတ် လွတ်လပ်စွာ တရားဟောခွင့် ရရှိခဲ့ပေတော့သည်။ အစ္စလာမ်၏ အောင်မြင်မှုများ အဆက်မပြတ် ရခဲ့ပေတော့သည်။ (ကုရ်အာန် ၄၈း၁-၃၀)
>ဝိညာဉ်ပိုင်းဆိုင်ရာ အမြင့်ဆုံးသစ်ပင်အောက်မှ ဝဟီဉာဏ်တော်ရှင်
ပွင့်ခဲ့လေသမျှသော နဗီတမန်တော်အသီးသီးတို့ ရခဲ့သော ဝဟီဉာဏ်တော်သည် လူသားတို့၏ အတွေးအခေါ်များ၊ အိပ်မက်များ မဟုတ်ချေ။ စကြဝဠာလောကခပ်သိမ်းတို့ကို ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေတော်မူ၍ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသော အလ္လာဟ်အရှင်မြတ်ထံမှ ချီးမြှင့်သည့် လောကခပ်သိမ်းနှင့်ယှဉ်သော အမြင့်ဆုံးဉာဏ်တော်ဖြစ်သည်။ သို့သော် နောက်ဆုံး တမန်တော်ချုပ် မုဟမ္မဒ်သည် လူသား မျိုးနွယ် အားလုံးနှင့် ခေတ်တိုင်းအတွက် လောကခပ်သိမ်းနှင့်ယှဉ်သော အမှန်တရားနှင့်စပ်လျဉ်း၍ ပြီးပြည့်စုံသော အဆင့်အမြင့်ဆုံး ဝဟီဉာဏ်တော်ကို အလ္လာဟ်က ချီးမြှင့်ခဲ့ပေသည်။
“ယင်း (တမန်တော်မုဟမ္မဒ်) ပြောဆိုမှုသည်ကား (အလ္လာဟ်ထံမှ) ထုတ်ပြန်ခြင်းခံရသော ဝဟီထုတ်ပြန်ချက်သာလျင် ဖြစ်ပေသည်။ ၄င်းအား အလွန်အင်အားကြီးမားသူသည် သင်ကြားပို့ချ၍ပေးခဲ့လေသည်။ (ကုရ်အာန် ၅၃း၎-၅)
တမန်တော်ချုပ် မုဟမ္မဒ်သခင်သည် ဝဟီဉာဏ်တော် အမြင့်ဆုံးရခဲ့ခြင်းကို ‘စစ်ဒရသုလ်မွန်သဟာ’ ဆီးပင်အနီး ဟူ၍ ဥပမာပေးကာ အလ္လာဟ်မိန့်တော်မူ၏။
“ဟဟ်ဒရသုလ်မွန်သဟာ နယ်စွန်နယ်ဖျား၌ရှိသော ဆီးပင်အနီးတွင်၊ ယင်းအနီးတွင်ပင် “ဂျန္နသုလ်မအ်ဝါ”ရှိ၏”
(ကုရ်အာန် ၅၃း၁၄-၁၅)
အထက်သို့တက်လေ မြင်တွေ့နိုင်သော မိုးကုတ်စက်ဝိုင်း နယ်နိမိတ် ပိုကျယ်လာလေဖြစ်သည်။ တမန်တော်ချုပ်အတွက် “မိအ်ရာဂ်ျ”စကြာဝဠာလောကခပ်သိမ်းများနှင့်ယှဉ်သော အတွေ့အကြုံတွင် အခြားနဗီများထက် သာလွန်၍ အဆုံးစွန်သိမြင်နိုင်သော နယ်နိမိတ်အထိ အလ္လာဟ်က ပြသခဲ့ပေသည်။ နဗီတို့ရသော ဝဟီ၏ သဘာဝမှာ လူသာမန်တို့ထိတွေ့ နားလည်နိုင်မှုစွမ်းမရှိအောင် နူးညံ့သိမ်မွေ့ နက်နဲသော်လည်း နဗီတို့မှတစ်ဆင့် အလ္လာဟ်ချပေးသော ဝဟီလမ်းညွှန်ကို လိုက်နာ၍ ဘဝတည်ဆောက်သူတို့အဖို့ “ဂျန္နသ်” နိစ္စထာဝရ ပြီးပြည့်စုံသော ငြိမ်းချမ်းအောင်နိုင်မှု အမှန်ပင် ရမည်ဖြစ်ပေသည်။
>သူတော်စင်တစ်သောင်းနှင့်လာမည့် မေတ္တာရှင်တမန်တော်
ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီးနောက် တမန်တော်မြတ်သည် အာရေဗျ တစ်ခွင်လုံး သာသနာပြုသည်သာမက ရောမ အင်ပါယာ၊ အီဂျစ်၊ အဘီဆီးနီးယား၊ ယီမင်၊ ဘာရိန်း စသောဘုရင်များထံ စေတမန်လွှတ်၍ သာသနာပြုလေတော့သည်။ အစ္စလာမ်ကို လက္ခံပါရန် သဝဏ်လွှာများ ပေးပို့လေသည်။ မိမိ(မုဟမ္မဒ်)သည် ကမ္ဘာ့လူသားတို့ စောင့်မျှော်နေသော နောက်ဆုံး တမန်တော်ချုပ် မေတ္တာရှင်ဖြစ်ကြောင်း အလ္လာဟ်တစ်ပါးတည်းကိုသာ နာခံကိုးကွယ်ရန် ဖော်ပြပါရှိသည်။ (ယနေ့တိုင် မူရင်းစာမူအချို့ ရှိနေပေသည်။)
လူသားများအပေါ်တွင်သာမက ရန်သူအပေါ်၌ပင် မေတ္တာထားခဲ့သော တမန်တော်ချုပ် မုဟမ္မဒ်သခင်ကို ကမ္ဘာ့သမိုင်း ပညာရှင်တို့အံ့ဖွယ်ချီးကျူးခဲ့ကြရ၏။ ဟုဒိုင်ဗီယာငြိမ်းချမ်းရေး စာချုပ်ကိုမက္ကာဟ်မြို့သား ကာဖိရ်မုရှရိက်တို့နှင့် ၄င်းတို့၏ မဟာမိတ်တို့က စတင်ချိုးဖောက်၍ မုဟ်လင်မ်တို့ကို သတ်ခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ်သည် နောက်ပါ “ဆွဟာဗာ” တစ်သောင်းနှင့်အတူ မက္ကာဟ်ကို ငြိမ်းချမ်းစွာ အောင်နိုင်ခဲ့သည်။ တစ်ပါးတည်းသော အလ္လာဟ်ကိုတသရန် ပထမဆုံး တမန်တော် အာဒမ်တည်ဆောက်ခဲ့သော “ကအ်ဘဟ်”ကျောင်းတော်ကို နောက်ဆုံးတမန်တော်ချုပ်က သန့်စင်ခဲ့သည်။ ထိုအချိန်တွင် ကအ်ဘဟ်ကျောင်းတော်၌ လားသ်၊ မနားသ်၊ ဟုဗာ အစရှိသည့် နတ်ရုပ်ပေါင်း ၃၆၀ မျှ ရှိနေပေရာ တမန်တော်မြတ်ကိုယ်တိုင် ဦးစီးသန့်စင်ခဲ့ပေသည်။
တမန်တော်မြတ်၏ မက္ကာဟ်ကို အောင်နိုင်ခြင်းသည် ကမ္ဘာ့မိုင်းတွင် စံတင်လောက်အောင် ကျော်ကြားခဲ့၏။ မုစ်လင်မ်တို့ကို မွေးရပ်မြေ မက္ကာဟ်တွင် မနေနိုင်အောင်ပြုခြင်း၊ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခြင်း၊ အိုးအိမ်စည်းစိမ်တို့ကို မတရားယူခြင်း၊ မဒီနာသို့ဟစ်ဂျရတ်ပြုပြီးသည့်နောက်တွင်လည်း အကြိမ်ကြိမ်ကျူးကျော်စော်ကားခြင်း ငြိမ်းချမ်းရေးစာချုပ်ကို ချိုးဖောက်ခြင်းစသည့် နည်းမျိုးစုံသော မတရားမှုများကို ကျူးလွန်ခဲ့သူ ကာဖိရ်မုရှရိက်တို့ကို မေတ္တာရှင် တမန်တော်ချုပ်ကြီးက လုံးဝခွင့်လွှတ်ခဲ့ပေသည်။ စစ်အောင်နိုင်သူတို့ ပြုလေ့ရှိသည့် အဓမ္မ စနစ်ကို မကျင့်သုံးခဲ့ချေ။ အစ္စလာမ် သာသနာကိုလည်း အဓမ္မလက်ခံခိုင်းခြင်း မရှိခဲ့ချေ။ တမန်တော်မြတ်ကြီး၏ ကြီးမားသောမေတ္တာတရားနှင့် သက်သေလက္ခဏာတို့ကို ရန်သူတို့ အံ့သြဝမ်းသာစွာ တွေ့၍နောက်ပိုင်းတွင် အစုလိုက် အပြုံလိုက် အစ္စလာမ်သာသနာကို လက္ခံခဲ့ကြ၏။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment