Sunday, 9 September 2012
ရှေးကျမ်းထဲက တမန်တော်
ရှေးကျမ်းထဲက တမန်တော်
တမန်တော်ချုပ် မုဟမ္မဒ်သခင် ပွင့်ပေါ်မည့်အကြောင်း ကမ္ဘာနှင့်အဝန်း ရှေးတမန်တော်များ၊ ကျမ်းများကကြိုတင် သတင်းကောင်းပေးထားပေသည်။ တဗရီကျမ်းနှင့် အဟ်ဘနီအဆီရ် သမိုင်းကျမ်းများအရ မုဟမ္မဒ်သခင် ၉နှစ်အရွယ် (အချို့ကျမ်းများအရ ၁၂နှစ်အရွယ်)တွင် ဦးလေးတော် အဘူသွာလစ်နှင့် ဆီးရီးယားနိုင်ငံသို့ ကုန်ရောင်း ကုန်ဝယ် လိုက်သွားရာ လမ်းခရီးတွင် ဘိုစသရာအရပ်၌ ခရစ်ယာန်ဘုန်းတော်ကြီး ဘာဟီရာက မုဟမ္မဒ်ကလေး၏ ထူးခြားသော အချက်များကို သတိပြုမိ၍ စစ်ဆေးကြည့်ရှုပြီးနောက် ရှေးကျမ်းများနှင့်အညီ နောင်ပွင့်မည့်တမန်တော်ဖြစ်ကြောင်း၊ အစ္စရာအီလ်တို့၏ အန္တရာယ်ရှိ၍ ကလေးကို မက္ကာဟ်သို့ ပြန်ပို့ရန် ဦးလေးတော်ကို ပြောခဲ့သည်။ မုဟမ္မဒ်သခင် ဟီရာလိုဏ်ဂူတွင် ဝဟီ(လမ်းညွှန်အမိန့်) ရ၍ ကုရ်အာန် စတင်ကျရောက်သည့် အဖြစ်အပျက်ကို မက္ကာဟ်မြို့ရှိ အစ္စရာအီလ်တို့နှင့် ခရစ်ယာန်ကျမ်းများ ကျွမ်းကျင်သူ “ဝါရာကဟ်ဘင်နောင်ဖလ်”က ရှေးကျမ်များအရ တမန်တော် အမှန်ဖြစ်ကြောင်း ဆန်းစစ်ထောက်ခံခဲ့ပေသည်။ (အစ္စလာမ့်ယုံကြည်ချက်)
ယခုအခါ ကမ္ဘာပေါ်တွင် ဘာသာတရားများနှင့် ကျမ်းများနှိုင်းယှဉ်လေ့လာခြင်း၊ ဆွေးနွေးခြင်းများ အားကောင်းလာရာ မုဟမ္မဒ်သခင်သည် ကမ္ဘာက စောင့်မျှော်နေသော နောက်ဆုံးအလင်းပြ ပုဂ္ဂိုလ် မေတ္တာရှင် နဗီချုပ်ဖြစ်ကြောင်း သက်သေများစွာ ပေါ်ထွက်လာ၏။ အစ္စလာမ်တွင်းသို့ များစွာသောသုတေသီတို့ ဝင်ရောက်လာကြ၏။ များစွာသော သုတေသနစာတမ်းများ၊ ကျမ်းများလည်း ထွက်နေပေပြီ။ တချို့သောကျမ်းများမှာ
(၁) A.H.Vidyarthi ၏ Muhammed in World’s Scriptures ကမ္ဘာ့ကျမ်းစာများတွင်းမှ မုဟမ္မဒ်၊ အတွဲ ၁-၂-၃ (ပါကစ္စတန်)
(၂) ခရစ်ယာန်ဘုန်းတော်ကြီးဟောင်း A.Ben Jamin ၏ Muhammed in the Bible
(၃) Gospel of Barnabas တမန်တော် အီစာ၏ မျက်မြင်သက်သေ ဆွဟဘတ်ကြီး ဘာရ်နာဘတ်စ်က တမန်တော်အီစာ (Jesus) ၏ သင်ကြားချက်များကို ရေးသားသည့် ကျမ်းများ (သြစတီးယားနိုင်ငံ ဗီယင်နာပြတိုက်ရှိ လက်တင်စာပေမှ ဘာသာပြန်)
(၄) A.H.Vidyarthi နှင့် U.Ali တို့၏ Muhammed in parsi, Hindoo, and Buddhist Scuriptures (အန္ဒိယ)
(၅) What Bible Says About Muhammed မုစ်လင်မ်ပညာရှင် အဟ်မဒ်ဒီဒတ်နှင့် ခရစ်ယာန် ဘုန်းတော်ကြီး တစ်ဦး၏ ဆွေးနွေးချက် (တောင်အာဖရိက)
မုဟမ္မဒ်သခင်၏ အကျင့်သိက္ခာတော်မှာ နဗီတမန်တော်အဖြစ် မကြေညာခင်ကတည်းက အာရေဗျ၌ “သစ္စာရှင်” အဖြစ် ကျော်ကြားနေပေရာ အလ္လာဟ်ထံမှ ဝဟီရ၍ တရားဒေသနာတော် စတင်ဟောကြားသောအခါ လက်မခံသူများစွာတို့က လူလိမ်ဟူ၍ မစွပ်စွဲခဲ့ကြချေ။ မုဟမ္မဒ်သခင်ရူးသွားပြီ၊ ပြုစားခံနေရပြီ စသည်ဖြင့် ဆိုခဲ့ကြသည်။ သို့သော် အစ္စလာမ်သာသနာတွင်းသို့ များစွာသောသူတို့ အဆက်မပြတ် ဝင်ရောက်လာ၍ ကာဖိရ်မုရှရိက်တို့၏ အကျင့်မှားနှင့် ကိုယ်ကျိုးစီးပွား ထိခိုက်လာသောအခါ တမန်တော်ချုပ်ကို ခါးသီးစွာဆန့်ကျင်ခဲ့ကြ၏။ သို့သော် ရန်သူများကပင် မုဟမ္မဒ်သခင်၏ ကိုယ်ကျင့်သိက္ခာကို အသိအမှတ်ပြုခဲ့ကြရ၏။ ဥပမာ-မက္ကာခေါင်းဆောင် (ရန်သူ) တစ်ဦးဖြစ်သူ အဘူစုဖ်ယာန်ကို ရောမဘုရင်က မုဟမ္မဒ်သခင်နှင့် စပ်လျဉ်း၍ စစ်ဆေးမေးမြန်းရာတွင် ကိုယ်ကျင့်သိက္ခာကောင်းမွန်ပုံကို အမှန်အတိုင်း ဝန်ခံပြောဆိုခဲ့ပေသည်။
အစ္စလာမ်သာသနာ၏ ရန်သူတို့သည် တမန်တော်မြတ် မုဟမ္မဒ်သခင်ကို တရားဒေသနာ ဟောကြားမှု ရပ်တန့်ရန်အတွက် အသက်အန္တရာယ်ဖြင့် ခြိမ်းခြောက်ခဲ့သော်လည်း တမန်တော်မြတ်က မရပ်တန့်ခဲ့ပေ။ မတရားဝါဒဖြန့်၍ လူသားတို့အား တမန်တော်မြတ်၏ တရားကိုနားမထောင်စေရန် ကြိုးပမ်းခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြချေ။ ထိုသောအခါ ရန်သူခေါင်းဆောင်တို့က လောကစည်းစိမ်တို့ဖြင့် ကမ်းလှမ်းဖြားယောင်းခဲ့သည်။ ထိုသူတို့က မုဟမ္မဒ်သခင်ကို ဘုရင်အဖြစ် တင်မြှောက်မည်၊ စည်းစိမ်ဥစ္စာများပေးမည်၊ အလှဆုံး ကညာပျိုများပေးမည်၊ အခြားလိုအပ်ချက်များကိုလည်းပေးမည်။ သို့သော် အစ္စလာမ်တရားဟောကြားမှုကို ရပ်တန့်ရမည်ဟု ဆိုခဲ့ကြသည်။ သို့သော် တမန်တော်မြတ်က လောကစည်းစိမ်တို့ကို ငြင်းပယ်ကာ ကမ္ဘာ့လူသားတို့အတွက် ဒုက္ခတရားကိုရင်ဆိုင်၍ တရားသေနာကိုသာ ဆက်လက်ဟောကြားခဲ့သည်။ (အစ်ဘနိဟိရှမ်ကျမ်း)
မက္ကာမြို့ရှိအစ္စလာမ်ကို ဆန့်ကျင်သူအများစုသည် တမန်တော်မြတ်၏ အသက်အန္တရာယ်ခြိမ်းခြောက်ခြင်း၊ လောကအာဏာစည်းစိမ်ဖြင့် ဖြားယောင်းခြင်းနှင့် မတရားဝါဒဖြန့်ခြင်း စသည်တို့ဖြင့် မအောင်မြင်သောအခါ တမန်တော်မြတ်နှင့် နောက်လိုက် မုစ်လင်မ်တို့ကို ဖိနှိပ်ချုပ်ချယ်၍ အန္တရာယ်ပေးလာခဲ့၏။
>ဟစ်ဂျရတ် ကမ္ဘာ့သမိုင်းကို ပြောင်းလဲခြင်း
သွေဖည်ငြင်းဆန်သူ မက္ကာဟ်သားတို့က တမန်တော်မြတ်၏ အေးချမ်းစွာတရားဟောမှုကို နှောင့်ယှက်ခြင်း၊ ဝတ်ပြုခြင်းကို ဒုက္ခပေးခြင်း၊ အစ္စလာမ်သာသနာကို လက္ခံသူများအား ဖမ်းဆီးချုပ်နှောင်နှိပ်စက်ခြင်း၊ မီးတမျှပူလောင်နေသော သဲကန္တာရ၏ သဲပြင်ပေါ်လှဲ၍ လေးလံသော ကျောက်တုံးများဖိ၍ ညဉ်းဆဲခြင်းစသည်ဖြင့် အစ္စလာမ်သာသနာကို စွန့်လွှတ်ရန် လူမဆန်စွာ အဓမ္မပြုကြလေတော့သည်။ နောက်ဆုံးတွင် တမန်တော်မြတ်၊ တမန်တော်မြတ်ကို လက္ခံသူနှင့် ထောက်ခံသူ မိသားစုအားလုံးကို မက္ကာမြို့ပြင်သို့ နှင်ထုတ်၍ (၃)နှစ်တာမျှ အစာရေစာ ဖြတ်တောက်၍ ဒုက္ခပေးကြသည်။ မုစ်လင်မ်အမျိုးသား၊ အမျိုးသမီးအချို့မှ ၄င်းတို့၏ ညှဉ်းပန်းမှုကြောင့် အစ္စလာမ်သာသနာအတွက် မိမိတို့၏ အသက်ကိုသာ စွန့်လွှတ်သွားခဲ့ကြသည်။ အမှန်တရားကိုကား မစွန့်လွှတ်ခဲ့ကြ …။
အစ္စလာမ်သာသနာသည် အတွေးအခေါ်တစ်ရပ်ကို အခြေခံ၍ ပေါ်လာခဲ့ခြင်း မဟုတ်ဘဲ ဒုက္ခတရား အစစ်အမှန်ကို အမှန်တရားဖြင့် လက်တွေ့ ရင်ဆိုင်တည်ဆောက်ခဲ့သော သာသနာလမ်းစဉ် ဖြစ်ခဲ့၏။ ဖိနှိပ်ညှဉ်းပန်းမှုများကြားမှပင် အစ္စလာမ်ကို လက္ခံသူများပြားလာခဲ့၏။ မက္ကာသား ကာဖရ်မုရိက်တို့က အစ္စလာမ် သာသနာကို ဆန့်ကျင်ရခြင်းမှာ အစ္စလာမ်သာသနာက ၄င်းတို့၏ အကျင့်မှားများ လူမှုရေး၊ စီးပွားရေးမတရားမှုများ၊ လူ့အခွင့်အရေး ဆုံးရှုံးနေသော အမှောင်ခေတ် စနစ်ဆိုးများကို ဆန့်ကျင်နေ၍ ဖြစ်သည်။
တမန်တော်မြတ်နှင့် နောက်လိုက်တို့သည် မက္ကာဟ်၌(၁၃)နှစ်မျှ ဒုက္ခဆင်းရဲကြီးစွာ အမှန်တရားအတွက် ရုန်းကန်နေခဲ့ကြရ၏။ ထိုအတောအတွင်း မဒီနာမြို့သားတို့က အမှန်တရားကို မြင်တွေ့၍ တမန်တော်မြတ်နှင့် မက္ကာမြို့ရှိ မုစ်လင်မ်တို့အား မဒီနာမြို့သို့ လာရောက်ကြရန် ဖိတ်ခေါ်လေတော့သည်။ တမန်တော်မြတ်သည် နောက်လိုက်တို့အား မဒိနာမြို့သို့အလျင် ထွက်ခွာစေသည်။ ဤသို့ဖြင့် တမန်တော်မြတ်သည် ‘နူဗူဝသ် ၁၃’ ခုနှစ်တွင် ညအချိန်၌ ကမ္ဘာကျော် “ဟစ်ဂျရတ်” ခရီးကို ထွက်ခွာတော်မူ၏။ ထိုညဥ့်၌ပင် မက္ကာသားတို့က အိမ်ကို ဝိုင်းဝန်း၍ တမန်တော်မြတ်အား သတ်ဖြတ်ရန် ကြံစည်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြ။ လမ်းခရီးတွင် လိုက်လံ သတ်ဖြတ်ကြသော်လည်း မအောင်မြင်ခဲ့ကြ။ အဘယ့်ကြောင့်ဆိုသော် နောက်ဆုံးတမန်တော်ချုပ်သည် လူတို့ သတ်၍သေမည့်သူ မဟုတ်ပေတကား။ (ကုရ်အာန် ၉း၄၀)
တမန်တော်မြတ်၏ ဟစ်ဂျရတ်ခရီးသည် အစ္စလာမ်သာသနာနှင့် ကမ္ဘာ့သမိုင်းစာမျက်နှာကို ပြောင်းလဲစေ၍ သမိုင်းမှတ်တိုင်သစ် တရပ်စိုက်ထူခဲ့သည်။ အစ္စလာမ်သာသနာပြက္ခဒိန်ကို ထိုဟစ်ဂျရီမှ စတင်ရေတွက်ခဲ့၏။ မက္ကာဟ်မှ မဒီနာမြို့တော်သို့ ဟစ်ဂျရတ်ပြုလာသော တမန်တော်မြတ်ကို မဒီနာတစ်မြို့လုံးက ဝမ်းသာအားရ တေးများသီဆို၍ ကြိုဆိုခဲ့ကြသည်။ မက္ကာဟ်တွင် (၁၃)နှစ်တာ ကာလပတ်လုံး ဒုက္ခခံခဲ့ကြရသူ မုစ်လင်မ်တို့ကို မဒီနာမြို့သားများက အိမ်ရာနှင့် စည်းစိမ်များခွဲပေးကြသည်။ ကမ္ဘာ့သမိုင်းတွင် ညီနောင်ဖွဲ့မှုကို လက်တွေ့အကောင်အထည် ဖော်ခဲ့ကြသည်။
တမန်တော်မြတ်သည် မဒီနာမြို့တွင် (၁၀)နှစ်တာမျှ အစ္စလာမ်သာသနာပြုခဲ့၏။ လက်တွေ့ တည်ဆောက်ပြခဲ့၏။ သို့သော် အေးချမ်းစွာကား မနေခဲ့ရ။ မဒီနာမြို့တွင်းရှိ အစ္စရာအီလ်အချို့နှင့် မုစ်လင်မ်အယောင်ဆောင် ‘မုနာဖိက်’တို့က အတွင်းရန် ဒုက္ခပေးနေခဲ့ကြသည်။ တမန်တော်မြတ်ကို သတ်ရန် အမျိုးမျိုးကြံစည်ခဲ့ကြ၏။ မက္ကာမြို့သားတို့ကလည်း အလွန်ကြီးမားသော စစ်သည်လက်နက်၊ အစီးအနင်း အင်အားများ၊ စစ်ပရိယာယ်ကြွယ်ဝသူများဖြင့် မဒီနာမြို့သို့ အကြိမ်ကြိမ် လာရောက်ကျူးကျော်ခဲ့ကြသည်။ သို့သော် မအောင်မြင်ခဲ့ကြချေ။
အစ္စလာမ်သာသနာတွင် ကျူးကျော်စစ် ခွင့်မပြုချေ။(ကုရ်အာန် ၂း၂၅၆)၊ ခုခံစစ်သာရှိပေသည်။ ထိုစဉ်က စစ်ပွဲများကို ကြည့်လျှင် ရန်သူတို့၏ စစ်သည်အင်အား၊ လက်နက်အင်အားတို့မှာ မုစ်လင်တို့ထက် ၂ဆ ၃ဆ စသည်ဖြင့် ပိုမိုများပြား၍ စစ်ပရိယာယ်ကြွယ်ဝသူများစွာပါဝင်ခဲ့ကြသော်လည်း အင်အားနည်းသော မုစ်လင်မ်တို့ကို မနိုင်ခဲ့ကြချေ။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကတိတော်အတိုင်း အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသော မုစ်လင်မ်တို့ကို အောင်မြင်မှု ပေးခဲ့သည်။ ဘဒရ်စစ်ပွဲ၊ အုဟုဒ်စစ်ပွဲ၊ မဒီနာမြို့ကို ဝိုင်းရံပိတ်ထားခြင်းနှင့် အခြားစစ်ပွဲများစွာတို့တွင် ကမ္ဘာ့လူသားတို့အား အလ္လာဟ် အမှန်တကယ်ရှိ၍ တမန်တော်ချုပ်မုဟမ္မဒ်ကို ကာကွယ်နေကြောင်း သက်သေလက္ခဏာများ တွေ့နိုင်ပေသည်။ ရှေးတမန်တော်များနည်းတူ တမန်တော်ချုပ်ကို ဒုက္ခပေးသူ အဘူလဟတ်ဘ်၊ အဘူဂျာဟလ်နှင့် အခြားရန်သူများစွာတို့သာ ဒုက္ခတရားကို ရင်ဆိုင်၍ ဘဝအဆုံးသတ် သွားခဲ့ကြပေသည်။ တမန်တော်ချုပ် ထွန်းညှိနေသော အလ္လာဟ်၏ တရားရောင်ခြည်ကိုကား မည်သည့်အင်အားကမျှ တားဆီးငြိမ်းသတ်၍ မရနိုင်ခဲ့ကြချေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment