Friday, 7 September 2012

အောင်နိုင်ခြင်း၏ သက်သေ

အောင်နိုင်ခြင်း၏ သက်သေ ရှေးနဗီတမန်တော်တို့က နောက်ဆုံး တမန်တော်ချုပ်သည် ရန်သူကိုပင် မေတ္တာထားသူ၊ ထောင်ပေါင်းများစွာသော နောက်လိုက်များနှင့် လာမည့် တမန်တော်၊ သူတော်စင် တစ်သောင်းနှင့် လာမည့် တမန်တော်၊ နွားတစ်သောင်းနှင့် လာမည့် တမန်တော် စသည်ဖြင့် ချီးမွမ်းသတင်းကောင်းပေးခဲ့ကြသည်။ စင်စစ် မက္ကာဟ်ကို အောင်နိုင်ခြင်းကို ရည်ညွှန်းခဲ့ကြခြင်းသည်သာ ဖြစ်၏။ ကအ်ဘဟ် ကျောင်းတော်သည်လည်း ထိုအချိန်မှစ၍ ယနေ့တိုင် တစ်ပါးတည်းသော အလ္လာဟ်ကို တသရာနေရာ၊ ကမ္ဘာ့မုစ်လင်မ်တို့ နေ့စဉ် မျက်နှာမူ၍ ဆွလာသ်ဝတ်ပြုရာ၊ ကမ္ဘာ့မုစ်လင်မ်တို့ နှစ်စဉ် ဟဂ်ျကျင့်စဉ်အတွက် စုဝေးရာ ဗဟိုဖြစ်နေပေတော့သည်။
တမန်တော်ချုပ် မုဟမ္မဒ်သခင်သည် လောကအပေါင်းအတွက် “မေတ္တာရှင်” အဖြစ် ပွင့်ခဲ့ရခြင်း ဖြစ်ပေသည်။ လောက လူသားတို့၏ အခက်အခဲများ၊ ပူလောင်သောခံစားမှု၊ မတရားမှုတို့ကို ငြိမ်းချမ်းမှုဖြင့် လဲလှယ်နိုင်ရန် သင်ကြားရေးအတွက် ပွင့်ခဲ့ခြင်းဖြစ်၏။ တမန်တော် မြတ်၏ အောင်နိုင်ခြင်းများကို ရေးသားပါက ကျမ်းအတွဲပေါင်း များစွာဖြစ်ပေလိမ့်မည်။ စင်စစ် အတိုချုံ့၍ ရေးသားရန် မဖြစ်နိုင်ချေ။ တမန်တော်မြတ်၏ အောင်နိုင်ခြင်းတို့သည် တစ်ဦးချင်း၊ တစ်နေရာချင်း၊ တစ်အုပ်စုချင်းသာမက လူသားမျိုးနွယ် တစ်ရပ်လုံးနှင့် ခေတ်တိုင်းအတွက် မတရားသော ဆိုးသွမ်းသောစနစ်ဆိုးကြီးများကို ဟောကြားရုံသက်သက်မဟုတ်ဘဲ လက်တွေ့အောင်မြင်စွာ ပြုပြင်ပြောင်းလဲခြင်းများ၊ ဥပဒေများ သတ်မှတ်ပေးခြင်းနှင့် နာမ်ပိုင်းဆိုင်ရာကိုလည်း ပြီးပြည့်စုံစွာ အလင်းပေးနိုင်ခဲ့ခြင်းဖြစ်ပေသည်
“ဧကန်မလွဲ အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၌ မွန်မြတ်လှစွာသော စံနမူနာ ရှိပေသည်။ (ကုရ်အာန် ၃၃း၂၁)
“မုရှရိက်တို့ မနှစ်မြို့ကြသော်လည်း ထို (အလ္လာဟ်)အရှင်မြတ်သည် မိမိ၏ ရစူလ်တမန်တော် (မုဟမ္မဒ်)အား တရားလမ်းညွှန်နှင့်တကွလည်းကောင်း၊ မှန်ကန်သော ဒီန်သာသနာ ဘဝတည်ဆောက်မှု လမ်းစဉ်နှင့်လည်းကောင်း (ယင်း မှန်ကန်သော ဒီန်သာသနာကို) ထိုဘာသာ သာသနာ အားလုံးတို့ထက်ဝယ် လွှမ်းမိုးစေရန်လည်းကောင်း စေလွှတ်တော်မူခဲ့ပေသတည်း။ (ကုရ်အာန် ၆၁း၉)
အတိတ်ခေတ်က ကမ္ဘာ့လူသားတို့ကို အီဂျစ်ဘုရင် ဖာရို(ဖရ်အောင်)ကဲ့သို့ မတရားသော ဘုရင်စနစ်၊ ဟာမန်ကဲ့သို့ ဘာသာရေးလက်ဝါးကြီးအုပ်သောစနစ်၊ ကာရွန်ကဲ့သို့ စီးပွားရေး လက်ဝါးကြီးအုပ် အရင်းရှင်စနစ် စသည်တို့က ဒုက္ခရောက်သည်ထက်ရောက်အောင် ပြုခဲ့ကြပေသည်။ လောကခပ်သိမ်းအတွက် မေတ္တာရှင် တမန်တော်သည် လူသားတို့အား ရုပ်.နာမ် အမှောင်ခေတ်နှင့် ဆင်းရဲတွင်းမှ အလင်းရောင်နှင့် ငြိမ်းချမ်းရေးသို့ ပို့ဆောင်ခဲ့ပေသည်။ စကြဝဠာ လောကခပ်သိမ်း၏ အုပ်ချုပ်မှု အာဏာသည်လည်းကောင်း။ ကိုးကွယ်ခြင်း ခံထိုက်ခြင်းသည်လည်းကောင်း၊ ပိုင်ဆိုင်မှုသည်လည်းကောင်း၊ အလ္လာဟ်တစ်ပါးတည်း၏လက်တော်ဝယ် ရှိ၏။ ဤသည် အစ္စလာမ်၏ အခြေခံသစ္စတရားတည်း။
တမန်တော်ချုပ် မုဟမ္မဒ်သည် စီးပွားရေး နိုင်ငံရေး၊ ကာကွယ်ရေး၊ လူမှုရေး၊ ပညာရေး၊ တရားရေး၊ ကျန်းမာရေး စသည့်စနစ်များစွာတို့ကို အလ္လာဟ်၏ ဝဟီလမ်းညွှန်နှင့်အညီ ပြုပြင်ပြောင်းလဲနိုင်ခဲ့သည်။ ကမ္ဘာပေါ်တွင် တရားဥပဒေ တိကျစွာ မရှိချိန်တွင် ဥပဒေများ ပေးနိုင်ခဲ့သည်။ နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်နိုင်ခဲ့သည်။ တမန်တော်မြတ်၏ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းသည် ကမ္ဘာပေါ်တွင် ပထမဆုံး စာပေဖြင့် ရေးသားသော ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်း ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုစည်းမျဉ်းထက် စော၍ စပေဖြင့်ရေးသားသော စနစ်တကျ ရှိသည့်ဖွဲ့စည်း အုပ်ချုပ်ပုံကို ကမ္ဘာ့သမိုင်းတွင် ယနေ့တိုင် မတွေ့ရသေးကြောင်း ၁၉၄၁ ခုနှစ်၊ အင်္ဂလန်နိုင်ငံထုတ် ပရော်ဖက်ဆာ ဟာမီဒုလ္လာဟ် ရေးသားသော The First Written Constitution in the World စာအုပ်တွင် ဖော်ပြပါရှိသည်။ ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ဥပဒေတက္ကသိုလ်တစ်ခုဖြစ်သော အင်္ဂန်နိုင်ငံမှ လင်ကွန်အင်း(LinconsInn) ဥပဒေသိပ္ပံကျောင်းကြီး၏ အဝင်ဝ၌ ကမ္ဘာပေါ်တွင် ဥပဒေချပြခဲ့သော ပုဂ္ဂိုလ်များ၏ အမည်စာရင်းတွင် တမန်တော်မြတ် မုဟမ္မဒ်၏ အမည်ကိုတွေ့၍ ဥပဒေပညာကို ဆည်းပုးခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ၏ ဖခင်ကြီး “မုဟမ္မဒ်အလီဂျင်းနား က ၁၉၄၇ ခုနှစ်တွင် ကရာချီရှေ့နေအသင်း၌ မိန့်ခွန်းပြောကြားခဲ့သည်။
လူသားမျိုးနွယ်အားလုံးသည် နဖ်တစ်မျိုးတည်းမှ ဆင်းသက်ခဲ့ကြ၍ အသားအရောင် ခွဲခြားခြင်း၊ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားခြင်း၊ မျိုးနွယ်ခွဲခြားခြင်း၊ ကျား-မ အဆင့်အတန်း ခွဲခြားခြင်း စသည့်စနစ်တို့ကို ပယ်ဖျက်၍ လူသားအားလုံးသည် ကမ္ဘာ့အိမ်ထောင်စုကြီး ဖြစ်ကြောင်း၊ မုစ်လင်မ်အချင်းချင်းသည် ညီရင်းအစ်ကိုများ ဖြစ်ကြကြောင်း၊ မေတ္တာဝါဒကို လက်တွေ့ ထူထောင်ခဲ့၏။ အမျိုးသမီးတို့ ကျွန်ဘဝရောက်နေမှုကို ပထမဆုံး ကယ်တင်ခဲ့၏။ မိန်းကလေးငယ်များ မွေးတိုင်းမြေမြုပ် သတ်ခြင်းကို ကာကွယ်ခဲ့သည်။ ကျွန်စနစ် လွတ်မြောက်ရေး အလုပ်သမားအခွင့်အရေး ရရှိရေးတို့ကို လက်တွေ့ ဆောင်ရွက်ခဲ့သည်။ စစ်မြေပြင်ကိုပင် မေတ္တာတရား လွှမ်းမိုးခဲ့၍ ရန်သူ၏ အခွင့်အရေး သုံ့ပန်း၏ အခွင့်အရေးတို့ကို သတ်မှတ်ပေးခဲ့သည်။
လူလူချင်း မေတ္တာတရားခေါင်းပါးစွာ စီးပွားရေးလက်ဝါးကြီးအုပ်ခြင်း၊ လာဘ်ပေးလာဘ်ယူလုပ်ခြင်း၊ အတိုးစားခြင်းတို့ကို ချေမှုန်းပစ်ခဲ့သည်။ အတိုးစားခြင်းကို ပယ်ဖျက်၍ ဇကားသ်စနစ်ဖြင့် ဆင်းရဲသူ လူတန်းစားဘဝမြင့်တက်ရေး ပြုခဲ့၏။ မေတ္တာတရားကို အခြေခံသော အတိုးမဲ့ ငွေချေးစနစ်ကိုသာ ထူထောင်ခဲ့၏။ တရားမဝင် စီးပွားအားလုံးကို ပိတ်ပင်ခဲ့၏။ ရရှိလာသော အကျိုးစီးပွားကို လူသားတို့ ဘဝမြင့်တက်ရေးအတွက် အသုံးချစေသည်။ နိုင်ငံသားတိုင်းက နိုင်ငံတော်အပေါ် တာဝန်ရှိသလို နိုင်ငံတော်က “ဘိုက်သုလ်မာလ်” စနစ်ဖြင့် နိုင်ငံသား တစ်ဦးချင်းအတွက် တာဝန်ယူခဲ့၏။
ကမ္ဘာပေါ်တွင် လူသားများ အချင်းချင်း စာပေ၊ ယဉ်ကျေးမှုများကို ဖျက်ဆီးနေချိန်တွင် “မုစ်လင်မ် ကျား-မ မရွေး ပညာမသင်မနေရ၊”“ပုခက်တွင်းမှ သင်္ချီုင်းတိုင် ပညာရှာရမည်” “တရုတ်ပြည်တိုင်ဝေးပါစေ ပညာရှာရမည်ဆိုက သွားလော့” စသည့် ပညာရေးမူဝါဒများ ချမှတ်ခဲ့၏။ ရန်သူ သုံ့ပန်းတစ်ဦးသည် မုစ်လင်မ်(၁၀)ယောက်ကို ပညာသင်ပေးနိုင်က ၄င်းအား လွှတ်ပေးခဲ့ပေသည်။ ကမ္ဘာ့စာပေ၊ ယဉ်ကျေးမှု အမွေအနှစ်တို့ကို စုဆောင်းထိန်းသိမ်းကာကွယ်ရန် ပြဋ္ဌာန်းခဲ့ပေသည်။
ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေငြာချက်စာတမ်းသည် မုစ်လင်မ်များအတွက်သော် လည်းကောင်း၊ ကုရ်အာန် ကျမ်းမြတ်ကို လေ့လာသူများ အတွက်သော်လည်းကောင်း၊ အသစ်အဆန်းမဟုတ်ချေ။ တမန်တော်ချုပ် မုဟမ္မဒ်သခင်က လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ ကျော်က အပြောမဟုတ်ဘဲ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ လူတစ်ဦးချင်းအတွက် ကိုယ်ကျင့်တရား၊ မိသားစုအတွင်း မိဘနှင့်သားသမီး၊ ခင်ပွန်းနှင့်ဇနီး၊ ဆွေမျိုး၊ အိမ်နီးချင်း၊ ရပ်ရွာ၊ နိုင်ငံသား၊ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံတို့၏ တာဝန်နှင့် ရပိုင်ခွင့်တို့ကို မှန်ကန်မျှတမှုအပေါ် အခြေခံ၍ ပြဋ္ဌာန်း ဆောရွက်စေခဲ့သည်။
စင်စစ် မြောက်မြားလှစွာသော အောင်နိုင်ခြင်းသည် အလ္လာဟ်တစ်ပါးတည်းသာ ယုံကြည်နာခံ ကိုးကွယ်ခြင်းဟူသော သစ္စာတရားမှ ပေါက်ဖွားလာသော ရလဒ်ဖြစ်သည်။ အရက်ကို စည်နှင့် တည်၍သောက်သူတို့ အရက်ချောင်းစီးသည်ထိ သွန်ပစ်၍ ရှောင်ရှားခဲ့ကြ၏။ ရန်လိုတတ်သူတို့ မေတ္တာတရားကို နားလည်ခဲ့ကြ၏။ မတရား ကာမပျော်ပါးခဲ့ကြသူများ တ၇ားဝင် အိမ်ထောင်ရေး စနစ်ဖြင့် တည်ငြိမ် လုံခြုံသော လူ့အသိုင်းအဝိုင်း တည်ဆောက်ခဲ့ကြ၏။
အမျိုးသမီးတို့၏ ကျွန်ဘဝ၊ ပြည့်တန်ဆာဘဝမှ ဂုဏ်ရှိစွာ မြှင့်တင်ပေးခဲ့ကြ၏။ သဲကန္တာရထဲတွင် ဘာမျှ ဂရုမစိုက်ဘဲ အမှောင်ထဲ ရောက်နေသော သိုးကျောင်းသားတို့ ကမ္ဘာကို အလင်းပေးနိုင်သော နိုင်ငံရေး ခေါင်းဆောင်များ၊ သိပ္ပံပညာရှင်များ၊ ဆေးပညာရှင်များ၊ ဥပဒေပညာရှင်များ၊ နာမ်ပိုင်းဆိုင်ရာ သူတော်စင်များ ပြောင်မြောက်စွာ ပေါ်ထွန်းခဲ့၏။ တမန်တော်မြတ် မကွယ်လွန်မီပင် အာရေဗျ တစ်ခွင်လုံးနီးပါး အစ္စလာမ် သာသနာကို လက္ခံခဲ့ကြသည်။ များမကြာမီပင် ကမ္ဘာ့နိုင်ငံများစွာတို့ လက္ခံခဲ့ကြသည်။ ကြေးနန်း၊ တယ်လီဖုန်း၊ ယာဉ်ရထား လွယ်ကူစွာ မရှိသော ခေတ်တွင် အစ္စလာမ်သာသနာ အလွန်လျင်မြန်စွာ ပြန့်ပွားသွားရခြင်းအတွက် သမိုင်းပညာရှင်တို့ အံ့သြကြရသည်။ ကျူးကျော်စစ်နှင့် ဓာမိုးဖြန့်ခဲ့ခြင်းမဟုတ်၊ မုစ်လင်မ်တို့သည် ကျူးကျော်မှုကို ရွံရှာ၍ ငြိမ်းချမ်းရေး မြတ်နိုးသူများ ဖြစ်ခဲ့ကြ၏။ နေ့စဉ် ဆွလာသ်ဝတ်ပြုခြင်း၊ ဇကားသ်တရားဝင် သန့်စင်ကြေးအလှူ ထုတ်ခြင်း၊ ဥပုသ်(ဆွီယာမ်)တည်ဆောက်ခြင်း၊ အလှူဒါနပြုခြင်း စသည့် အကျင့်သီလတို့ ဆောက်တည်ခဲ့ကြ၏။
တမန်တော်မြတ်သည် မဒီနာတွင် ဘုရင် အရိုက်အရာ ရှိခဲ့သော်လည်း သရဖူမဆောင်းခဲ့၊ ပလ္လင်လည်းမထား၊ ကိုယ်ရံတော်မရှိခဲ့၊ အလ္လာဟ်တစ်ပါးတည်းသာ ကြီးကျယ်၍ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်ကြောင်း၊ မိမိမှာ အလ္လာဟ်၏ ရစူလ်တမန်တော် ကျွန်တစ်ဦးမျှသာဖြစ်ကြောင်း ဆိုခဲ့၏။ နောက်လိုက်များနှင့်အတူ ထိုင်၏။ အများနည်းတူဝတ်၏။ သူက အလျင်ဦးစွာ နှုတ်ဆက်ဆလာမ်ဆို၏။ မိဘမဲ့ မုဆိုးမချို့တဲ့သူနှင့် လူသားအကျိုးကို သူက ဦးဆောင်၍ လုပ်ပြခဲ့၏။
>ကြီးကျယ်မှု၏ သက်သေ
ကမ္ဘာ့သမိုင်းတွင် တမန်တော် မုဟမ္မဒ်သည် စာတွေ့ဟောကြားခဲ့သလို လက်တွေ့လည်း အပြည့်အဝ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း သမိုင်းကသက်သေထူလျက်ရှိပါသည်။ တမန်တော်မြတ် မုဟမ္မဒ်သခင်သည် ရုပ်နှင့်နာမ် နှစ်ပိုင်းလုံးအတွက် လုံခြုံ ငြိမ်းချမ်းအောင် လက်တွေ့ ဟောကြား အကောင်အထည် ဖော်နိုင်ခဲ့ခြင်း၊ နောက်လိုက်တို့အတွက် ပြီးပြည့်စုံသော လမ်းညွှန်ကို ထားခဲ့နိုင်ခြင်း တို့ကြောင့် မုဟမ္မဒ်သခင်ကို “နဗီတမန်တော် များတွင် လည်းကောင်း၊ နာမ်၊ ဝိညာဉ်ပိုင်းဆိုင်ရာ အလင်းပြဂ္ဂိုလ်များတွင် လည်းကောင်း၊ အကြီးကျယ်ဆုံးနှင့် သြဇာ အသက်ရောက်ဆုံး ပုဂ္ဂိုလ်အဖြစ် ကမ္ဘာက မှတ်တမ်းတင်ခဲ့ရပေသည်။
မုဟမ္မဒ်သခင်သည် တမန်တော်များအနက် အောင်မြင်မှုအရဆုံး တမန်တော်ဟု ကမ္ဘာကျော် ဗြိတိသျှ စွယ်စုံကျမ်းကြီး Encyclopaedia Britanica 11 th. Edition က ဖော်ပြ၏။ အမေရိကန်နိုင်ငံမှ နက္ခတ္တနှင့် သင်္ချာဗေဒ ပညာရှင် Michael H.Hart သည် BC.3500 ခေတ်မှစ၍ AD 20 ရာစုတိုင် ကမ္ဘာ့ဒေသမျိုးနွယ် အသီးသီးမှ ဘာသာရေး၊ လူမှုရေး၊ စစ်ရေး၊ နိုင်ငံရေး၊ သိပ္ပံပညာရှင်အတွေးအခေါ်၊ စာပေ၊ ယဉ်ကျေးမှု၊ စွန့်စားသူစသည့်နယ်ပယ် အသီးသီးရှိ ကမ္ဘာပေါ်တွင် အောင်မြင်မှုအရှိဆုံး၊ လူသားတို့အပေါ် သြဇာအသက်ရောက်ဆုံး ပုဂ္ဂိုလ်(၁၀၀)ကို ၄င်းတို့ အသီးသီးတို့၏ သမိုင်းစဉ် အရည်အချင်းနှင့် ရလဒ်တို့ကို အခြေခံ၍ စီစစ်ရွေးချယ်ကာ အောင်မြင်မှု နံပါတ်စဉ်တပ်၍ The Hundred ဟူသော စာအုပ်ကို ၁၉၇၈ ခုနှစ်တွင် နယူးယောက်မြို့တွင် ထုတ်ဝေခဲ့ရာ မုဟမ္မဒ်သခင်ကို အားလုံးထဲတွင် နံပါတ်တစ်အဖြစ် ကမ္ဘာကို ကြေညာခဲ့သည်။ စာရေးသူမှာ မုစ်လင်မ်တစ်ဦး မဟုတ်သော်လည်း မုဟမ္မဒ်သခင်သည် ရုပ်နှင့်နာမ် နှစ်မျိုးလုံးတွင် အခြားသူတို့ထက် သာလွန်ကြောင်း၊ ၄င်း၏ နံပါတ်စဉ်တပ်မှုနှင့် အချက်အလက်တို့ကို မကျေနပ်က ဆက်သွယ်နိုင်ကြောင်း ကြေညာခဲ့၏။ ကမ္ဘာကျော်စာအုပ်တစ်အုပ် ဖြစ်ခဲ့၏။
အမေရိကန်နိုင်ငံ ချီကာဂိုတက္ကသိုလ်မှ ပရော်ဖက်ဆာ Jules Masserman ကလည်း ၁၉၇၄ ခုနှစ် ဇူလိုင်(၁၅)ရက်နေ့ Times မဂ္ဂဇင်းတွင် ခေါင်းဆောင်များ ဘယ်မှာလဲ Where Are The leaders ဆောင်းပါး၌ မုဟမ္မဒ်သည် ခေတ်တိုင်းအတွက် ခေါင်းဆောင်ဖြစ်ကြောင်း တင်ပြခဲ့သည်။ ထို့အတူ မဟတ္တမဂန္ဒီ(အန္ဒိယ)၊ ဂျော့ဘာနတ်ရှော(အင်္ဂလန်)၊ Lebon(ပြင်သစ်)၊ Lamatine (ပြင်သစ်)၊ Edward Gibbon နှင့် Simon Ockey(အင်္ဂလန်)တို့အပါအဝင် ကမ္ဘာကျော် ပုဂ္ဂိုလ်များစွာတို့သည် မုဟမ္မဒ်သည်သာ အကြီးကျယ်ဆုံး အဖြစ် ဖော်ပြကြလေသည်။

No comments:

Post a Comment