Friday, 7 September 2012

အခန်း(၉) ကုရ်အာန် ခေတ်တိုင်းအတွက် အကြီးကျယ်ဆုံး သက်သေလက္ခဏာတော်ကြီး

အခန်း(၉) ကုရ်အာန် ခေတ်တိုင်းအတွက် အကြီးကျယ်ဆုံး သက်သေလက္ခဏာတော်ကြီး “အို….လူသားအပေါင်းတို့။ အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်ထံတော်မှ အသင်တို့ထံ ခိုင်လုံသော သက်သေသာဓကသည် ဧကန် ရောက်ရှိလာခဲ့ချေပြီ။ ၄င်းပြင် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ထင်ရှားလှစွာသော အလင်းရောင် (ကုရ်အာန်)ကိုလည်း ချပေးသနားတော်မူခဲ့ချေပြီ” (ကုရ်အာန် ၄း၁၇၄)
>အံ့ဖွယ် တန်ခိုးဟူသည်
အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းခံ လူသားတို့အား မည်သည့် အယူဝါဒကိုမဆို အဓမ္မ မယုံကြည်ခိုင်းချေ။ လူသားတို့အား အမှန်အမှား ခွဲခြားနိုင်သော ဆင်ခြင်တုံတရားနှင့် လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ် ပြုပိုင်ခွင့် ပေးထား၏။ အကယ်၍သာ အလ္လာဟ်က လူသားတို့အား မုစ်လင်မ်နာခံသူအဖြစ် အဓမ္မပြုလုပ်လိုက တိရစ္ဆာန်လောကကဲ့သို့ပင် လူတို့ကို ဆင်ခြင်တုံတရား မပေးတော့ဘဲ အသိတ်စိတ်သာပေးမည် ဖြစ်ပေသည်။
အချိန်ဟူသည် မည်သည့်အခါကစတင်ခဲ့သနည်း၊ အာကာသ၏ အဆုံးသတ် နယ်နိမိတ် အဘယ်မှာနည်း၊ အချိန်နှင့် အာကာသ၏ လျှို့ဝှက်ဆန်းကြယ်မှုကို လူသားတို့၏ ဆင်ခြင်တုံတရားနှင့် ဉာဏ်လွှာအဆင့်ဆင့်တို့ လွှမ်းခြုံ ထိုးဖောက်နိုင်စွမ်း မရှိ၊ လူသား၏ စွမ်းရည်သည် အချိန်နှင့် အာကာသအတွင်း၊ ကန့်သတ်မှုအတွင်း၌သာရှိ၏။ သို့သော် လူသား၏ ဆင်ခြင်တုံတရားနှင့် ဉာဏ်လွှာအဆင့်ဆင့်တို့၏ အလွန်တွင် အမှန်တကယ် ရှိနေသော အကွယ်တရား(ဂိုက်ဘ်)တို့နှင့် စပ်လျဉ်း၍ ဖန်ဆင်းရှင် အလ္လာဟ်က လူသား နဗီများမှတစ်ဆင့် ဝဟီချပေးကာ တရားအလင်းများပေးတော်မူ၏။ ကမ္ဘာ့ နဗီတမန်တော်များအနက် မုဟမ္မဒ်သခင်သည် နောက်ဆုံး တမန်တော်ချုပ်ဖြစ်၏။ ကုရ်အာန်ကျမ်းမြတ်သည် ခေတ်အဆက်ဆက် လူသားမျိုးနွယ် အားလုံးအတွက် နောက်ဆုံးလမ်းညွှန် ဝဟီဖြစ်သည်။
အချိန်နှင့် အာကာသ စသော ကန့်သတ်မှု ရုပ်တရားတို့မှ ကင်းလွတ်တော်မူသော အလ္လာဟ်အရှင်မြတ်ကို ကန့်သတ်မှု ရုပ်တရားအတွင်းမှ မည်သည့် လူသားကမျှ မတွေ့မမြင်နိုင်ချေ။ သို့သော် လူသားတို့၏ အရှင် စကြဝဠာ လောကခပ်သိမ်း၏ အရှင် အလ္လာဟ်တစ်ပါးတည်းရှိတော်မူကြောင်းကို အလ္လာဟ်ထံတော်မှ အကြီးကျယ်ဆုံး သက်သေ ကုရ်အာန်ကျမ်းမြတ်ကို ချပေးတော်မူ၏။ ကုရ်အာန်နှင့် ဖန်ဆင်းခံလောကတို့ကို ဆင်ခြင်တုံတရားနှင့် ဆန်းစစ်ခြင်းဖြင့် မိမိ၏ ဖန်ဆင်းရှင် ကျေးဇူးတော်ရှင် အလ္လာဟ်ရှိကြောင်း သက်သေလက္ခဏာများကို မုချတွေ့မြင်ရပေတော့သည်။
>မယုံကြည်သူတို့နှင့် အံ့ဖွယ်တန်ခိုးသက်သေ
ကမ္ဘာမြေဝယ် လူ့သမိုင်းအစမှစ၍ လူသား နဗီတမန်တော်များပွင့်ပေါ်၍ နာခံကိုးကွယ်ရာ အလ္လာဟ်မှတစ်ပါးတည်း ရှိကြောင်းကို ဘာသာစကားအသီးသီးဖြင့် ဟောကြားခဲ့၏။ လိုအပ်ပါက အလ္လာဟ်၏ ခွင့်ပြုချက်ဖြင့် “မုအ်ဂျေဇာ” တန်ခိုးအံ့ဖွယ်များ ပြခဲ့၏။ မည်သည့် လူသားတို့မျှ ယှဉ်နိုင်ခဲ့ခြင်း မရှိခဲ့၊ နောက်ဆုံး တမန်တော်ချုပ် မုဟမ္မဒ်သခင် ပွင့်တော်မူသော အခါဝယ်တွင်လည်း လူသားတို့က အလ္လာဟ် အမှန်ရှိက မုဟမ္မဒ်သခင်သည် အလ္လာဟ်ထံမှ နဗီတမန် အမှန်ဖြစ်က အံ့ဖွယ်တန်ခိုးသက်သေ လက္ခဏာပြပါဟု တောင်းဆိုခဲ့ကြ၏။
မယုံကြည်သူတို့က တမန်တော်မြတ်အား ပထဝီမြေမှ စမ်းချောင်းတစ်ခု သွင်သွင်စီးထွက်လာအောင် ပြုရန်၊ သို့တည်းမဟုတ် စွန်ပလွံပင်၊ စပျစ်ပင်များဖြင့် ပြီးပြည့်စုံနေသော ခြံတစ်ခုပြု၍ ထိုခြံ၏အလယ်မှ စမ်းချောင်းများ ပြုလုပ်ပြရန်၊ သို့တည်းမဟုတ် မိုးကောင်းကင်ကို အပိုင်းပိုင်း အစစပြု၍ ပြိုကျလာအောင် ပြုလုပ်ပြရန်၊ သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်နှင့် မလာအိကဟ် ကောင်းကင်တမန်တို့အား ယင်းတို့၏ ရှေ့မှောက်သို့ ခေါ်ပြရန်၊ သို့တည်းမဟုတ် ရွှေဖြင့်ပြီးသော အိမ်တစ်ဆောင် ပြလုပ်ပြရန်၊ သို့တည်းမဟုတ် မိုးကောင်းကင်သို့တက်၍ ကျမ်းစာ တစ်စောင် ယူလာပြရန် တောင်းဆိုကြ၏။ သို့မှသာ ယင်းတို့က ယုံကြည်လက္ခံမည်ဟု ဆိုကြ၏။ (ကုရ်အာန် ၁၇း၉၀ မှ ၉၃) ထိုအခါ အလ္လာဟ်မိန့်တော်မူ၏။
“(အို…နဗီတမန်တော်) အသင် ပြောလော့၊ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် (လူသားတို့တွေးထင် ပြောဆိုသည်ထက်) မြင့်မြတ်စင်ကြယ် သန့်ရှင်းတော်မူ၏။ ငါသည် လူသား ရစူလ် တမန်တော်တစ်ပါးမှ အပ အခြားမဟုတ်ပြီ” (ကုရ်အာန် ၁၇း၉၃)
ရစူလ်တစ်ဦး၏ အလုပ်မှာ အလ္လာဟ်ပေးသည်တို့ကို ဆင့်ပြန်ရန်သာဖြစ်၏။ ဆင်ခြင်တုံတရားရှိပါလျက် အသုံးမချဘဲ စိတ်ကူးယဉ်သူ အထင်အမြင်နောက်လိုက်သူတို့ကို ဖျော်ဖြေရန် မဟုတ်ပေ၊ အတိတ်ခေတ်တွင် နဗီများက အံ့ဖွယ်တန်ခိုးသက်သေပြတိုင်း ယုံကြည်သူတို့သာ ယုံကြည်မှုတိုးပွားခဲ့၏။ မဆင်ခြင်သူတို့ကမူ မှော်အတတ်၊ ဗေဒင်ဆရာ စသည်ဖြင့်သာ ဆင်ခြေတက်စွပ်စွဲခဲ့ကြ၏။
>ကုရ်အာန်ကျမ်းမြတ်သည် အကြီးကျယ်ဆုံး အံ့ဖွယ်သက်သေ
ထို့ပြင် ၄င်း(မယုံကြည်သူ)တို့က အဘယ့်ကြောင့်ဤ (တမန်တော်မုဟမ္မဒ်)၏ အပေါ်၌ သက်သေလက္ခဏာများ ကျရောက်လာခြင်း မရှိပါသနည်း ဟု ပြောဆိုကြကုန်၏။ အသင်ပြောလော့၊ သက်သေလက္ခဏာများသည် အလ္လာဟ်အရှင်မြတ်၏ လက်တော်တွင်း၌သာ ရှိကုန်၏။ စင်စစ် ငါသည် ထင်ရှားစွာသော သတိပေးနှိုးဆော်သူ တစ်ဦးမျှသာဖြစ်၏။ (ကုရ်အာန် ၂၉း၅၀)
“ငါအရှင်မြတ်သည် ၄င်းတို့၏ရှေ့ဝယ် ဖတ်ကြားခြင်းခံရလျက်ရှိသော (ကုရ်အာန်)ကျမ်းမြတ်ကို အသင်(မုဟမ္မဒ်) အပေါ်၌ချပေးသနားတော်မူခဲ့ခြင်းသည်ပင်လျှင် ယင်းတို့အဖို့ လုံလောက်(သောသက်သေဖြစ်)ပြီ မဟုတ်ပါလော” (ကုရ်အာန် ၂၉း၅၁)
တမန်တော်မြတ် မုဟမ္မဒ်သခင်ကို လူတို့က အံ့ဖွယ်သက်သေပြခိုင်းတိုင်း တမန်တော်မြတ်က ကုရ်အာန်ကျမ်းမြတ်ကိုသာ ကိယာမသ်နေ့တိုင်အောင် တည်မြဲမည့် ထာဝရအံ့ဖွယ်အဖြစ် ပြလေ့ရှိခဲ့သည်။
“……ဧကန်စင်စစ် ငါ(တမန်တော်မုဟမ္မဒ်)သည် ထို(ကုရ်အာန်)မကျရောက်မည် ကတည်းက အသင်တို့ထဲတွင် တစ်သက်တာမျှ နေခဲ့ပြီးဖြစ်ပေသည်။ သို့ပါလျက် အသင်တို့ မဆင်ခြင် ကြလေသလော့” (ကုရ်အာန် ၁၀း၁၆)
ကုရ်အာန်မကျရောက်ခင်ကတည်းက မုဟမ္မဒ်သခင်ကို ရိုသားဖြောင့်မတ်သူ၊ သစ္စာရှင် စသည့်ဘွဲ့တို့ဖြင့် လူတို့သိခဲ့ကြ၏။ “အွမ္မီ”စာပေ မသင်ကြားခဲ့ရသူအဖြစ် သိခဲ့ကြ၏။ ထိုမုဟမ္မဒ်သခင်ထံ ကုရ်အာန်ကျခဲ့၏။ ထိုမိဘမဲ့ စာမတတ်သူ မုဟမ္မဒ်သည်ပင် ကုရ်အာန်ကျမ်းမြတ်ဖြင့် တစ်ကမ္ဘာလုံး၏ စနစ်ဆိုးများ အမှားများကို ကိုင်လှုပ်ခဲ့၏။ ကမ္ဘာ့သမိုင်း စာမျက်နှာကို လက်တွေ့ပြောင်းပြခဲ့၏။ မည်သည့် အင်အားစုကမျှ တမန်တော်ကို ဖြိုဖျက်နိုင်ခဲ့ခြင်းမရှိ၊ တမန်တော်မြတ်သည် အလ္လာဟ်ပြသော ကုရ်အာန်၏ လမ်းညွှန်၊ ကုရ်အာန်၏ ဖော်မြူလာများအတိုင်း နာခံ ဆောင်ရွက်ပြခဲ့ရာ အဆမတန် အင်အားကြီးသော ရန်သူတို့ပင် အရှုံးပေးခဲ့ကြရ၏။ ဤသည်မှာ အံ့ဖွယ် မဟုတ်ပါလော့။
>အလ္လာဟ့်ထံတော်မှ ဖန်ဆင်းခံ လူသားတို့အတွက် ဆန်းစစ်ရန် သက်သေ
စိတ်တန်ခိုးကို အသုံးချ၍ အံ့ဖွယ် ထူးဆန်းမှုများကို ပြုလုပ်နိုင်သည်မှာ အထူးအဆန်းမဟုတ်၊ မည်သည့် လူသားမဆို မွေးရာပါအရည်အချင်း စိတ်ကိုကျင့်ကြံက ရနိုင်၏။ အံ့ဖွယ် သက်သေ လက္ခဏာအစစ်အမှန်ကား လူသား၏ ဆင်ခြင်တုံတရားနှင့် ဉာဏ်လွှာ အဆင့်ဆင့်ကို စူးရှထက်မြက်စေ၍ နိစ္စထာဝရ ပြီးပြည့်စုံသော ငြိမ်းချမ်းအောင်နိုင်မှုကို တည်ဆောက်နိုင်စွမ်းပေးသော အ၇ာသာဖြစ်သည်။
“ဤ(ကုရ်အာန်)ကျမ်းသည် စကြဠာ လောကခပ်သိမ်းတို့ကို ယင်းအစမှ ပြီးပြည့်စုံသည့်တိုင်အောင် အဆင့်ဆင့် ပြုစုပျိုးထောင် မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ် ထံတော်မှ အဆင့်ဆင့် စနစ်တကျ ချပေးတော်မူခြင်း ဖြစ်သည်။ ယင်း ကျမ်းဂန်နှင့် စပ်လျဉ်း၍ ဒွိဟ သံသယဟူ၍ အလျင်းမရှိပြီ” (ကုရ်အာန် ၃၂း ၂)
“ဤသည်ကား အလ္လာဟ်ရှင်မြတ်၏ သက်သေ လက္ခဏာတော်များပင်တည်း။ ယင်းတို့ကို ငါအရှင်မြတ်သည် အသင်ထံသို့ မှန်ကန်တိကျစွာ ဖတ်ကြားပြတော်မူ၏။ သို့ဖြစ်ပေရာ ထိုသူတို့သည် အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များမှတစ်ပါး အခြားမည်သည့် စကားကို ယုံကြည်ကြသနည်း” (ကုရ်အာန် ၄၅း၆)
“အို….လူသားအပေါင်းတို့၊ အသင်တို့အားမွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်ထံတော်မှ အသင်တို့ထံသို့ ခိုင်လုံသော သက်သေသာဓကသည် ဧကန်ရောက်ရှိလာခဲ့ချေပြီ။ ၄င်းပြင် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ထင်ရှားလှစွာသော အလင်းရောင်(ကုရ်အာန်)ကိုလည်း ချပေးသနားတော်မူခဲ့ချေပြီ ” (ကုရ်အာန် ၄း ၁၇၄)
မုဟမ္မဒ်သခင်သည် အလ္လာဟ်ထံတော်မှ နောက်ဆုံး တမန်တော်ချုပ် အဖြစ်နှင့် အမှန်တရားကို မသိ၍ ဒုက္ခပင်လယ် ဝေနေသော လူသားတို့ကို အလင်းရောင်ပေးရန် ထာဝရငြိမ်းချမ်းမှုကို အလ္လာဟ်၏ ဝဟီလမ်းညွှန်ဖြင့် ဘဝတည်ဆောက်က ရနိုင်ကြောင်း။ စံပြပြုလုပ်ပြရန် စေလွှတ်ခဲ့ခြင်း ဖြစ်၏။ (ကုရ်အာန် ၂၁း ၁၀၇။ ၃၃း၄၀၊ ၃၃း၂၁။ ၁၇း ၉၃) (အစ္စလာမ့်ယုံကြည်ချက်)
ထို့ကြောင့် တမန်တော်မြတ် မုဟမ္မဒ်သည် အစ္စလာမ်သာသနာကို တန်ခိုးတော်များပေါ်ဝယ် အခြေခံ၍ မတည်ဆောက်ခဲ့ချေ။ ခေတ်အဆက်ဆက် လူသားတိုင်း ရင်ဆိုင်ရမည့် ပြဿနာများ၊ ဒုက္ခများကို သာမန် လူတစ်ဦး၏ သဘာဝအရည်အချင်းဖြင့် မည်သို့ဖြေရှင်းအောင်မြင်နိုင်ကြောင်း၊ တမလွန်အတွက် ထာဝရငြိမ်းချမ်းမှုကို မည်သို့တည်ဆောက်နိုင်ကြောင်း ဘဝရှုထောင့် မျိုးစုံမှ အပြောသက်သက် မဟုတ်ဘဲ လက်တွေ့ အနိုင်ယူပြခဲ့ခြင်း ဖြစ်သည်။ တမန်တော်မြတ်၏ လက်နက်ကား အလ္လာဟ်၏ လမ်းညွှန်ဝဟီ ကုရ်အာန်သာလျင် ဖြစ်၏။ (ကုရ်အာန် ၂၁း၁၈။ ၂၅း၅၂)
သို့သော် စိတ်တန်ခိုးရှင် လူသာမန် တစ်ဦးသည်ပင် အံ့ဖွယ်ထူးဆန်းမှုများ ပြုလုပ်ပြနိုင်သည်။ အလ္လာဟ်ထံမှ နဗီတစ်ဦးက စိတ်တန်ခိုးရှင်လောက်မျှပင် မတတ်နိုင်စွမ်းပြီလော၊ အလျင်း မဟုတ်ချေ။ အလ္လာဟ်ထံမှ နဗီတိုင်းသည် လိုအပ်ပါက အလ္လာဟ်၏ ခွင့်ပြုချက်ဖြင့် မည်သည့်လူသားတို့မှ ယှဉ်၍မရသော “မုအ်ဂျေဇဟ်” အံ့ဖွယ်တန်ခိုးများ ပြခဲ့ကြလေသည်။ စင်စစ် အလ္လာဟ်၏ သက်သေ လက္ခဏာများ အဖြစ်သာ ပြခဲ့ကြခြင်း ဖြစ်၏။
တမန်တော်ချုပ် မုဟမ္မဒ်သခင် ရှိစဉ်ကလည်း များစွာသော မုအ်ဂျေဇဟ်တို့ကို ပြခဲ့ပြီး ဖြစ်၏။ ထင်ရှားသည်တို့မှာ တမန်တော်မြတ်၏ စကြဝဠာခပ်သိမ်းကို ဖြတ်၍ အမြင့်ဆုံး နယ်နိမိတ်ထိ သွားခဲ့သော “မိအ်ရာဂ်ျ” ခရိးစဉ် အတွေ့အကြုံ၊ မက္ကာဟ်မှ မဒီနာသို့ ဟစ်ဂျရတ် ခရီးစဉ်၊ ရန်သူတို့ နည်းမျိုးစုံဖြင့် သတ်ရန် ကြံစည်သော်လည်း မအောင်မြင်ခဲ့ခြင်း၊ စစ်ပွဲများတွင် မိမိတို့ထက် အင်အားကြီးမားသူ ရန်သူတို့ ရှုံးနိမ့်နေရခြင်းနှင့် အခြား မြောက်မြားစွာသော အံ့ဖွယ်တန်ခိုးများ ပြခဲ့ခြင်း စသည်တို့အပါအဝင် မုစ်လင်မ်ပညာရှင်တို့က တမန်တော်မြတ်၏ တန်ခိုးတော် ၃၀၀ ကျော် ပြခြင်းကို စုဆောင်းပြထား၏။ သို့သော် တမန်တော်မြတ်သည် ထို တန်ခိုးတော်များဖြင့် အစ္စလာမ် သာသနာတော် တည်ဆောက်ခဲ့ခြင်း မဟုတ်ခဲ့ပေ။ ကုရ်အာန်၏ လမ်းညွှန်ဖြင့်သာ တည်ဆောက်ခဲ့ခြင်း ဖြစ်၏။ ကုရ်အာန်သည်သာ ခေတ်တိုင်းအတွက် အကြီးကျယ်ဆုံး သက်သေလက္ခဏာ တန်ခိုးတော်ဖြစ်၏။
“သို့ပါလျက် ၄င်းတို့သည် ကုရ်အာန် ကျမ်းမြတ်ကို စေ့ငှစွာ စဉ်းစားဆင်ခြင် သုံးသပ်ခြင်း မပြကြလေသလော၊ သို့တည်းမဟုတ် စိတ်နှလုံးများအပေါ်၌ သော့ခလောက်များ(ခေတ်ထားလျက်) ရှိနေသလော့” (ကုရ်အာန် ၄၇း၂၄)
>ဆင်ခြင်ဆန်းစစ်လော့
အလ္လာဟ်အရှင်မြတ်သည် ခေတ်အဆက်ဆက် လူသားမျိုးနွယ်တိုင်းကို ဒေသအသီးသီး၌ နဗီတမန်တော်များပွင့်ပေါ်စေ၍ ကျမ်းများတရားအလင်းများ ပေးခဲ့၏။ သို့သော် ထိုတရားအလင်းများနှင့် ကျမ်းများတို့သည် တမန်တော်ချုပ် မုဟမ္မဒ်သခင် မပွင့်ပေါ်မီကပင် အမှန်နှင့် အမှား ရောထွေးလာခြင်း၊ သို့တည်းမဟုတ် နည်းမျိုးစုံတို့ဖြင့် ကွယ်ပျောက်သွားခြင်းတို့ဖြစ်ခဲ့၏။ အလ္လာဟ်ထံမှ နဗီတိုင်းသည် နိစ္စသစ္စာဖြစ်သော သောဝ်ဟီဒ် အလ္လာဟ် တစ်ပါးတည်းကိုသာ နာခံကိုးကွယ်ရန် သင်ကြားခဲ့သော်လည်း သက်ဆိုင်ရာ နဗီများမရှိသည့်နောက်တွင် ကျမ်းများ ကွဲပြားမှုကို အခြေခံ၍ အယူဝါဒ ယုံကြည်မှုများ ကွဲပြားလာခဲ့ကြ၏။ ကျမ်းတစ်ခုတည်းကို အခြေခံသော ယုံကြည်မှု အယူဝါဒ တစ်ခုတည်း၌ပင်လျှင် ထပ်ဆင့် ကျမ်းကွဲများ ပေါ်ပေါက်လာ၍ အလ္လာဟ်ချပေးသော တရားအလင်းတို့သည် အစိတ်စိတ်ကွဲပြား၍ သွေဖည်လွဲမှားကုန်သည်။ (ကုရ်အာန် ၂း၂၁၃။ ၁၃း၃၈)
ထို့ကြောင့် ဒေသမျိုးနွယ်ဆိုင်ရာ နဗီတမန်တော်တို့၏ မူရင်းတရားအစစ်အမှန်ကို ပြန်လည်ဖော်ထုတ် အတည်ပြုရန်နှင့် ခေတ်တိုင်း အတွက် လူသားတို့ကို ပြီးပြည့်စုံသော လမ်းညွှန်ပေးရန် အလ္လာဟ်က တမန်တော်ချုပ် မုဟမ္မဒ်သခင်ကို ပွင့်ပေါ်စေတော်မူခဲ့သည်။ ခေတ်အဆက်ဆက် လူသားတိုင်းကိုလည်း ကမ္ဘာ့တမန်တော် အပေါင်းတို့သည် တစ်မျိုးတည်းသော သောဝ်ဟီဒ် သစ္စာဖြစ်သော အလ္လာဟ် တစ်ပါးတည်းကိုသာ နာခံကိုးကွယ်ရန် ဟောကြားခဲ့ကြောင်း၊ မုဟမ္မဒ် သခင်သည်လည်း ရှေးနဗီတမန်တော်များ ကြိုတင်သတင်းကောင်း ပေးထားခဲ့သည်နှင့်အညီ ထို သောဝ်ဟီဒ်သစ္စာတရားကိုပင် ဟောကြားရန်ပွင့်ပေါ်သည့်နောက်ဆုံးနဗီတမန်တော်ချုပ် မေတ္တာရှင်ဖြစ်ကြောင်း။ စကြဝဠာ လောကခပ်သိမ်း၊ သက်ရှိသက်မဲ့ ခပ်သိမ်းနှင့် လူသားတို့၏ ဖန်ဆင်းရှင် ကျေးဇူးတော်ရှင်မှာ အလ္လာဟ် တစ်ပါးတည်းသာ ဖြစ်ကြောင်း။
ကိယာမသ်ရှင်ပြန်ထကြရမည့်နေ့တွင် လူသားတိုင်းသည် မိမိတို့၏ အပြုအမူအားလုံးအတွက် အကျိုးအပြစ်အစားပေးခြင်းကို အလ္လာဟ်ထံတော်တွင် ခံကြရမည်ဖြစ်ကြောင်း အလ္လာဟ်ထံတော်မှ လွဲ၍ သွားစရာ အခြားနေရာ မရှိကြောင်း။ စသည်တို့ကို သက်သေပြရန်အတွက် ကုရ်အာန် ကျမ်းမြတ်ကို အလ္လာဟ်ထံမှ သက်သေလက္ခဏာတော်အဖြစ် ခေတ်အဆက်ဆက် လူသားတစ်ရပ်လုံးတို့ ဆန်းစစ်ရန် ချပေးတော်မူခဲ့ခြင်းဖြစ်၏။
ကျမ်း (သို့မဟုတ်) အခြေခံအုတ်မြစ်
အလ္လာဟ်အရှင်မြတ်သည် နိစ္စထာဝရ ဖြစ်တော်မူသော အရှင်ဖြစ်ပေရာ ကုရ်အာန်ကျမ်းမြတ်မှတစ်ဆင့် မိန့်တော်မူသည်မှာ ကု၇်အာန်ကျမ်းမြတ် မချပေးမီ အလ္လာဟ်ချပေးခဲ့သမျှ ကျမ်းများ၊ တရားများ မူရင်းအတိုင်း မရှိတော့၍ ကုရ်အာန်ကျမ်းမြတ်ကို ချပေးရသည်ဟု ဆိုထားသည်။ ဘာသာတရား၊ အယူဝါဒ တစ်ခုသည် သက်ဆိုင်ရာ ဟောကြားသူက ဟောကြားစဉ်လည်းကောင်း၊ ထိုဟောကြားသူမရှိတော့မှသော် လည်းကောင်း ၄င်း၏ ဟောကြားချက်တို့ကို စာပေဖြင့် ကျမ်းအသွင် ပြုလေ့ရှိသည်။ ထိုဟောကြားသူ ပုဂ္ဂိုလ်များ မရှိတော့သောအခါ ထိုကျမ်းတို့သည် သက်ဆိုင်ရာ ဘာသာအယူဝါဒ ကျင့်စဉ်တို့၏ အခြေခံအုတ်မြစ် ဖြစ်လာပေတော့သည်။
မည်သူမဆို အဆောက်အအုံတစ်ခု ဆောက်ရာတွင် အခြေခံအုတ်မြစ်ခိုင်မာရန်လိုအပ်သည်။ သို့မဟုတ်ပါ အဆောက်အအုံကိုမည်မျှ လှအောင် တန်ဆာဆင်ထားသည်ဖြစ်စေ အောက်ခြေမခိုင်၍ ပြိုကျပျက်စီးရပေမည်။ ထို့အတူ ဤဘဝနှင့် တမလွန်ဘဝတို့ အတွက် ရုပ်နာမ် နှစ်ပါးလုံးအတွက် ဘဝတည်ဆောက်မှု ပြုရန် ဘာသာအယူတစ်ခုကို ရွေးချယ်ရာ၌ အခြေခံအုတ်မြစ်ခိုင်မာသော၊ တစ်နည်းဆိုသော် မှန်ကန် ခိုင်လုံ၍ လက်တွေ့ကျသော ကျမ်းကို အခြေပြုသော ဘာသာအယူကို ရွေးချယ်ရပေမည်။ အစ္စလာမ်သာသနာ၏ အခြေခံအုတ်မြစ်မှာ ကုရ်အာန်ကျမ်းမြတ် ဖြစ်သည်။
ထို့ကြောင့် အစ္စလာမ်သာသနာကို လေ့လာရာတွင် ကုရ်အာန်ကျမ်းမြတ် သမိုင်းစဉ်နှင့် ဝိသေလက္ခဏာများ၊ အကျိုးသက်ရောက်မှုများနှင့် မှန်ကန်ခိုင်လုံသော ကျမ်းဟုတ်မဟုတ် ဆန်းစစ်ရန် အမှန်ပင် လိုအပ်၏။ အဘယ့်ကြောင့်ဆိုသော် မှန်ကန်ခိုင်လုံမှု မရှိသော ကျမ်းအပေါ်တွင် ဘဝတည်ဆောက်မိက မိမိလိုရာမရောက်တော့ဘဲ အောက်ခြေမခိုင်၍ ပျက်စီးရသည့်အိမ်နှယ် ဖြစ်မည်တည်း။ ကုရ်အာန်ကို ဆန်းစစ်ရာတွင်လည်း ဦးစွာပထမ ကုရ်အာန်ကျမ်းမြတ် ကိုယ်တိုင်က ကုရ်အာန်နှင့် စပ်လျဉ်း၍ မည်သို့ ဖော်ပြသည်ကို ဆန်းစစ်ရပေမည်။ သို့မဟုတ်ဘဲ ပြင်ပမှ သမိုင်းပညာရှင်များ၊ သုတေသီတို့၏ ဖော်ပြချက်ဖြင့် ဆန်းစစ်က ကုရ်အာန်၏ အမှန်တရားကို မရဘဲ ရှိချေမည် စင်စစ် ဘေးလူထက် ကာယကံရှင်ကသာ အမှန်တရားကို တိကျစွာ ဆိုနိုင်ပေသည်။

No comments:

Post a Comment