Friday, 7 September 2012
ကုရ်အာန်ကျမ်းမြတ် စတင်ကျရောက်ခြင်း
ကုရ်အာန်ကျမ်းမြတ် စတင်ကျရောက်ခြင်း
မုဟမ္မဒ်သခင်သည် မိမိပတ်ဝန်းကျင်ရှိ အမှောင်ခေတ်နှင့် အယူမှား၊ အကျင့်မှားများ စနစ်ဆိုးတို့ကို စိတ်မချမ်းမြေ့ဘဲ အာရေဗျနိုင်ငံ မက္ကာမြို့မြောက်ဘက်(၃)မိုင် အကွာရှိ အလင်းရောင်တောင်ပေါ်၇ှိ “ဟီရာလိုဏ်ဂူ”၌ သွားရောက် တရားဆင်ခြင်ကာ အမှန်တရား ရှာဖွေလျက်ရှိ၏။ နောက်ဆုံး “ကဒရ်”တည်းဟူသော ညဥ့်မြတ် အလ္လာဟ်ထံမှ ဝဟီလမ်းညွှန် ကုရ်အာန်ကျမ်းမြတ်ကို လူသားတို့အတွက် မုဟမ္မဒ်သခင်ထံ အလ္လာဟ်က ချပေးတော်မူခဲ့၏။
“၄င်းပြင် ထို (အလ္လာဟ်)အရှင်မြတ်သည် အသင် (မုဟမ္မဒ်)အား လမ်းမပေါက်သူအဖြစ် တွေ့ရှိတော်မူရာ လမ်းညွှန်တော်မူခဲ့၏ (ကုရ်အာန် ၉၃း၇)
“ငါ အလ္လာဟ်အရှင်မြတ်သည် ဝဟီလမ်းညွှန်ပေးရာ) တောင်ကို သက်သေထူတော်မူ၏။ ၄င်းပြင် ဖြန့်ထားသော စာရွက်ပေါ်၌ ရေးသားပြီးဖြစ်သော (ဤမှတ်တမ်းတော်) ကျမ်းဂန်ကို သက်သေထူတော်မူ၏။ ၄င်းပြင် စည်ပင်သာယာသော အိမ်တော်(ကျော်တော်)ကို သက်သေထူတော်မူ၏” (ကုရ်အာန် ၅၂း၁-၄)
“မုချဧကန် ငါအရှင်မြတ်သည်ပင် ယင်း(ကု၇်အာန်ကျမ်းမြတ်)ကို ကဒရ်ညဥ့်မြတ်၌ ချပေးသနားတော်မူခဲ့၏။ စင်စစ် ကဒရ်ညဥ့်မြတ်သည် အဘယ်နည်းဟု အသင်သိပါသလော့၊ ကဒရ် ညဥ့်မြတ်သည် လပေါင်းတစ်ထောင်ထက်ပင် ပို၍ ကောင်းမြတ်လှ၏” (ကုရ်အာန် ၉၇း၁-၃)
“လမြတ်ရမဿွာန်-ထိုလမြတ်အတွင်း၌ ကုရ်အာန်ကျမ်းမြတ်ကို လူခပ်သိမ်းတို့အဖို့ တရားလမ်းညွှန်အဖြစ် လည်းကောင်း၊ တရားလမ်းမှန်ရရှိစေသော အမှားအမှန်ကို ခွဲခြားသိစေသော ထင်ရှားလှသည့် လက္ခဏာများအဖြစ် ချပေးခြင်း ခံခဲ့ရသည်” (ကု၇်အာန် ၂း၁၈၅)
မဟာကရုဏာတော်ရှင် အလ္လာဟ်ကသာ ကုရ်အာန်ကျမ်းမြတ်ချမပေးက မည်သူမဆို လပေါင်း တစ်ထောင်မျှမကဘဲ တစ်သက်လုံး အမှန်တရားရှာကလည်း လမ်းပျောက်နေမည်သာဖြစ်၏။ ဤသို့ဖြင့် ကုရ်အာန်စတင် ကျရောက်သော ရမ်ဿွာန်လသည် ကမ္ဘာ့မုစ်လင်မ် အားလုံးအတွက် နှစ်စဉ်ဆွီယာမ် ဥပုသ်သီလ ဆောက်တည်ရာ လထူး လမြတ်အဖြစ် အလ္လာဟ်က သတ်မှတ်ခဲ့သည်။ (ကုရ်အာန် ၂း၁၈၅)
>ဝဟီအဖြစ် အဆင့်ဆင့် ကျရောက်ခြင်း
မုစ်လင်မ်သမိုင်းပညာရှင်တို့၏ တွက်ချက်မှုအရ ကဒရ်ညဥ့်မြတ်သည် ခရစ်သက္ကရာဇ် အေဒီ ၆၁၀ ခုနှစ်၊ အချို့ကမူ (၁၅)ရက် (၂၇)ရက်နေ့ည စသည့်ဖြင့် ဆိုကြ၏။ တမန်တော်မြတ် သက်တော် ၄၀ အချိန်ဖြစ်၏။ ဝဟီကဏ္ဍတွင် အသေးစိတ် ဖော်ပြခဲ့သည့်အတိုင်း နိစ္စထာဝရ ပြီးပြည့်စုံသော အလ္လာဟ်ကို မည်သည့် ဖန်ဆင်းခံကမျှ တိုက်ရိုက် မမြင်တွေ့နိုင်ချေ။ အလ္လာဟ်က ဖန်ဆင်းခံ လူသားကိုလည်း ဝဟီပေးခြင်းဖြင့်သာ ဆက်သွယ်၏။ ဝဟီပေးခြင်းဟူသည် အလ္လာဟ်အရှင်မြတ်က မိမိပေးလိုသော အသိများကို ပေးပို့ခြင်းခံရသူ လူသား၏ စိတ်နှလုံးအတွင်း၌ တိကျရှင်းလင်းပြတ်သား ထင်ရှားစွာ ပေါ်လွင်စေခြင်းဖြစ်စေ၊ ထိုလူသား၏ ဘာသာစကားအသွင်၊ စာပေကျမ်းဂန် အသွင်ဖြင့် ဖြစ်စေ အမိန့်ပေးလမ်းညွှန်ခြင်း (သို့) အလ္လာဟ်ထံမှ မလာအိကဟ် ကောင်းကင်တမန် စေလွှတ်၍ ဝဟီအမိန့် ပေးပို့စေခြင်းကို ခေါ်သည်။ (ကုရ်အာန် ၄၂း၅၁)
ကုရ်အာန်ကျမ်းမြတ်ကိုလည်း အလ္လာဟ်သည် တမန်တော်မြတ် မုဟမ္မဒ်ထံတော်သို့ ကောင်းကင်တမန် ဂျီဘရာအီလ်ကို စေလွှတ်၍ ဝဟီဖြင့်သာ ချပေးခြင်းဖြစ်သည် (ကုရ်အာန် ၂း၉၇-၁၉)။ သို့သော် ကုရ်အာန် ကျမ်းမြတ်အစမှ အဆုံးတစ်အုပ်လုံး တစ်ပြိုင်တည်းချပေးခြင်း မဟုတ်ဘဲ၊ အချိန်အခါလိုအပ်ချက်ကို အခြေခံ၍ ကမ္ဘာ့ လူသားအားလုံး အတွက် လမ်းညွှန်နှင့် သက်သေတို့ကို အဆင့်ဆင့် အလီလီချပေးခြင်းဖြစ်၏။ ဤသို့သော အဆင့်ဆင့် အလီလီပိုင်းခြား စိတ်ဖြာချပေးရခြင်းမှာ အလ္လာဟ်အရှင်မြတ်၏ စနစ်တကျစီစဉ်ထားမှု ဖြစ်ခြင်း၊ တမန်တော်မြတ်၏ စိတ်နှလုံးကို ကြံ့ခိုင်စေ၍ လူသားတို့အရှေ့ဝယ် အရစ်ကျ ရွတ်ဖတ်သင်ကြားနိုင်စေရန် ဖြစ်ပေသည်။ (ကုရ်အာန် ၁၇း၁၀၆။ ၂၅း၃၂။ ၇၆း၂၃)
ဤသို့ဖြင့် ခရစ်သက္ကရာဇ် ၆၁၀ ခုနှစ်မှစ၍ (၂၃)နှစ်တာ ကာလမျှ ကုရ်အာန် အာယာသ်တော်များ ကျရောက်ခဲ့ရာ ခရဟ်သက္ကရာဇ် ၆၃၂ ခုနှစ် (ဟစ်ဂျရီ ၁၀ ခုနှစ်) ဇုလ်ဟဂ်ျလ၊ တမန်တော်မြတ်၏ သက်တော် ၆၃ နှစ်တွင် ကုရ်အာန် ပြီးပြည့်စုံခဲ့လေသည်။
>ပထမဆုံးအကြိမ်ကျသော အာယာသ်တော် ၅ပါး
မုဟမ္မဒ်သခင်သည် ဟီရာလိုဏ်ဂူအတွင်း၌ တရားဆင်ခြင်နေစဉ် ကဒရ်ညဥ့်မြတ်၌ အလ္လာဟ်အရှင်မြတ် အမိန့်တော်အရ မလာအိကဟ် ကောင်းကင်တမန်ချုပ် ဂျီဘရာအီလ်သက်ဆင်းလာ၍ အောက်ဖော်ပြပါ အာယာသ်တော် ၅ပါးကို ကုရ်အာန်ကျမ်းမြတ်၏ ပထမဆုံး ဝဟီလမ်းညွှန်များ အဖြစ် မုဟမ္မဒ်သခင်ကို ပေးခဲ့လေသည်။
“(၁) ဖတ်လော့၊ အသင့်အား မွေးမြူ ဖန်ဆင်းတော်မူသော အရှင်မြတ်၏ နာမတော်ကိုအစပြု၍ (ဖတ်လော့)၊ ထို အရှင်မြတ်သည် သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့၏။ (၂) ထိုအရှင်မြတ်သည် လူသားကို အလတ်က်(တွယ်ကပ်သောအရာ)ဖြင့် ဖန်ဆင်းတော်မူခဲ့၏။ (၃) ဖတ်လော့၊ စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလွန်တရာရက်ရောစွာ ပေးကမ်းချီးမြှင့်တော်မူသောအရှင် ဖြစ်တော်မူ၏။ (၄) ထိုအရှင်မြတ်သည် လူသားကို ကလောင်ဖြင့် သင်ကြားပေတော်မူခဲ့၏။ (၅) ထိုအရှင်မြတ်သည် လူသားကို ထိုသူမသိသောအရာများကို သင်ကြားပေးတော်မူခဲ့၏” (ကု၇်အာန် ၉၆း၁-၅)
အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော်တို့၏တာဝန်ကား ကြီးမားလှပေသည်။ လောကခပ်သိမ်းအတွက် မေတ္တာရှင်အဖြစ် နောက်ဆုံး ပွင့်ရသော တမန်တော်ချုပ် မုဟမ္မဒ်သခင်၏ တာဝန်ကပို၍ကြီးမားလှပေသည်။ ယခုမူ မုဟမ္မဒ်သခင်သည် အလ္လာဟ်၏ ရစူလ်အဖြစ် ဆောင်ရွက်ရပေတော့မည်။ ထူးကဲသော အတွေ့အကြုံနှင့် ကြီးလေးသောတာဝန်တို့ကြောင့် တမန်တော်မြတ်သည် စိတ်လှုပ်ရှားစွာ ပြန်လာခဲ့၏။ ချစ်ဇနီး“ခတီဂျဟ်” သခင်မက ဇနီးကောင်းပီသစွာ ဆီးကြိုနှစ်သိမ့် အားပေးခဲ့သည်။ ကုရ်အာန် စတင်ကျရောက်ကတည်းက ဖတ်ခြင်းနှင့် ကလောင်(ရေးသားခြင်း)၏ အရေးပါမှုကို အလ္လာဟ်အရှင်မြတ်က အထူးဖော်ပြထား၏။ ထိုအချိန်မှစ၍ အချိန်အတော် ကြာသည်အထိ အာယာသ်တော်သစ်များ ကျရောက်ခဲ့ခြင်းမရှိပေ။ တမန်တော်မြတ်သည်လည်း အလ္လာဟ်ထံမှ ဝဟီတို့ကို တည်ငြိမ်စွာ လက္ခံနိုင်သော အခြေသို့ရောက်ချေပြီ။
>ဒုတိယအကြိမ် အာယာသ်တော်များ ကျရောက်လာခြင်း
ကုရ်အာန်ကျမ်းမြတ်ကို လက္ခံရခြင်း မရှိမီကတည်းက သစ္စာရှင်အဖြစ် ကျော်ကြားခဲ့သူ မုဟမ္မဒ်သခင်ကို လူလိမ်ဟူ၍ မည်သူကမျှမစွပ်စွဲခဲ့ချေ။ မုဟမ္မဒ်သခင်ရူးသွားပြီ၊ ပြုစားခံနေရပြီဟူသော သတင်းများ မက္ကာမြို့တော်တွင် ထွက်ပေါ်လျက်ရှိသည်။ ကမ္ဘာ့သမိုင်းတစ်လျောက်လုံးတွင် လူတို့က အမှန်ကို အမှား၊ ပညာရှိကို အ၇ူး စသည်ဖြင့် စွပ်စွဲချက်တို့မှာ အသစ်အဆန်းမဟုတ်တော့ချေ။ မကြာမီကပင် အလ္လာဟ်ထံတော်မှ ဒုတိယအကြိမ် ဝဟီတော်များ အဖြစ် အာယာသ်တော်(၉)ပါး ကျရောက်လာခဲ့လေသည်။
(၁) နုန်-(ငါအရှင်မြတ်သည်) ကလောင်ကို လည်းကောင်း၊ ထိုရေးမှတ်ကြသည်တို့ကို လည်းကောင်း၊ သက်သေထူတော်မူ၏။ (၂) အသင်(မုဟမ္မဒ်)သည် အသင့်အား မွေးမြူ ဖန်ဆင်းတော်မူသော အရှင်မြတ်၏ ကျေးဇူးတော်ဖြင့် ရူးသွပ်သောသူ မဟုတ်ပေ။ (၃) ၄င်းပြင် ဧကန်အမှန် အသင့်အဖို့ မကုန်ဆုံးနိုင်သော အကျိုးကျေးဇူးသည်ရှိ၏။ (၄)ထို့ပြင် မလွဲဧကန်အသင်သည် ထူးကဲမြင့်မြတ်လှစွာသော အကျင့်စာရိတ္တ (ဘဝတည်ဆောက်မှုလမ်းစဉ်) အပေါ်၌ ရှိပေသည်။ (၅) သို့ဖြစ်ပေရာ (မကြာမြင့်မီပင်) အသင်လည်း မြင်တွေ့ရပေမည်။ ၄င်းတို့သည်လည်း မြင်တွေ့ရပေမည်။ (၆) အသင်တို့အနက် မည်သူ၌ ၇ူးသွပ်ခြင်း ဝေဒနာရှိသည်ကို။ (၇)……(၈)…..(၉)….။(ကုရ်အာန် ၆၈း၁-မှ-၉)
ဤဒုတိယအကြိမ်ကျ အာယာသ်တော်(၉)ပါးတွင် တမန်တော်မြတ်ကို လူသားတို့ စွပ်စွဲချက်များ မဟုတ်မမှန်ကြောင်း အလ္လာဟ်က ရှင်းထားပေသည်။ ထို့ပြင် ကလောင်နှင့် ရေးမှတ်ခြင်း၏ အရေးပါပုံကိုလည်း ဖော်ပြထား၏။ ပထမအကြိမ်ကျ အာယာသ်တော်(၅)ပါးမှ လူသားကို (အလတ်က်)တွယ်ကပ်သောအရာမှ ဖန်ဆင်းခြင်းဟူသော အချက်ကို ဆေးသိပ္ပံပညာက ဆန်းစစ်ထောက်ခံမှုနှင့် ကျမ်းမြတ် ကုရ်အာန်တစ်အုပ်လုံးသည် အလ္လာဟ်ထံမှဖြစ်ကြောင်း ထောက်ခံမှုကို သက်ဆိုင်ရာကဏ္ဍ အသီးသီးတွင် ဖော်ပြထားပါသည်။
၂၃ နှစ်တာကာလတွင် ပြီးပြည့်စုံခဲ့ခြင်း
ဤသို့ဖြင့် တတိယအကြိမ် ဝဟီပို့ချမှုအဖြစ် အာယာသ်တော် (၁၀)ပါး ချပေးခြင်းခံရ၏။ ၄င်းတို့မှာ စူရဟ်အမှတ် ၇၃း ၁ မှ ၁၀ အထိ ဖြစ်သည်။ စတုတ္ထအကြိမ် လမ်းညွှန်တော်များ အဖြစ် အာယာသ်တော် အပါး ၃၀ ကို ချပေးတော်မူခဲ့၏။ ယင်းတို့မှာ စူရဟ် အမှတ် ၇၄း ၁ မှ ၃၀ အထိ ဖြစ်သည်။ ဤသို့ဖြင့် တမန်တော်ချုပ် မုဟမ္မဒ်သခင်သည် မက္ကာဟ်တွင် (၁၃)နှစ်၊ မဒီနာတွင် (၁၀)နှစ် စုစုပေါင်း (၂၃)နှစ်တာအတွင်း အလ္လာဟ်အရှင်မြတ်ထံမှ ဝဟီလမ်းညွှန် ကုရ်အာန် အာယာသ်တော်များ အဆင့်ဆင့် လက္ခံရရှိခဲ့ရာ ဟစ်ဂျရီ(၁၀) ခုနှစ် ဇုလ်ဟဂ်ျလ(၉)ရက်နေ့၊ တမန်တော်မြတ် ဘဝတွင် မက္ကာမြို့၌ နောက်ဆုံး ဟဂ်ျပြုလုပ်နေစဉ် အာရဖတ်ကွင်း၌ ကုရ်အာန်၏ နောက်ဆုံး အာယာသ်တော်ကျရောက်လာခဲ့လေသည်။
“ယနေ့သော်ကား ငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ဒီန်သာသနာတော်ကို ပြီးပြည့်စုံစေတော်မူပြီး ထို့ပြင် ငါအရှင်မြတ်သည် အစ္စလာမ်သာသနာကို အသင်တို့အဖို့“ဒီန်” ဘဝတည်ဆောက်မှု လမ်းစဉ် သာသနာအဖြစ် သဘောတူ နှစ်မြို့တော်မူပေပြီ” (ကုရ်အာန် ၅း၃)
အထက်ပါ အာယာသ်တော်ကျပြီးနောက် ကုရ်အာန်ကျမ်းမြတ်သည် ပြီးပြည့်စုံခဲ့လေပြီ။ ထိုအာယာသ်တော် ကျရောက်ပြီးနောက် ရက်ပေါင်း (၈၁)သို့မဟုတ် (၈၂)ရက်ကြာသောအခါ တမန်တော်ချုပ် မုဟမ္မဒ်သခင်သည် မဒီနာမြို့တော်၌ ဟစ်ဂျရီ (၁၁)ခုနှစ် ရဗီအွတ်လ် အောဝ်ဝလ်လ ၁၂ ရက်နေ့တွင် (အေဒီ ၆၃၂ ခုနှစ် ဇွန်လ) ဤရုပ်လောကမှ“ဝဖသ်” ဖြစ်တော်မူခဲ့ပေသည်။ (တမန်တော်မြတ် မွေးဖွားသည့်နေ့မှာလည်း ရဗီအွတ်လ် အောဝ်ဝလ်လ ၁၂ရက် တနလာင်္နေ့ဖြစ်သည် ဟုသမိုင်းပညာရှင် အများစုက ဆိုကြသည်။)
ကုရ်အာန်ကျမ်းမြတ် ပြီးပြည့်စုံချိန်တွင် အာယာသ်တော်ပေါင်း ၆၂၃၆ ရှိ၏၊ အချို့ပညာရှင်တို့က ဝါကျရေတွက်ရာတွင် ၆၆၆၆ ဟု ရေတွက်ကြသည်။ စာကြောင်းရေလျော့ခြင်း ပိုခြင်း မဟုတ်ပေ။ ဝါကျ ရေတွက်မှု ကွဲပြားခြင်းသာ ဖြစ်၏။ ထိုအာယာသ်တော်များကို ကဏ္ဍ(စူရဟ်)ပေါင်း ၁၁၄ ခုခွဲထား၏။ ပရော်ဖတ်ဆာ A R I DOI ၏ အဆိုအရ ကုရ်အာန် တစ်အုပ်လုံးတွင် စကားလုံးပေါင်း {Words} ၈၆၄၃၀ ပါဝင်၍ အက္ခရာ {Letters} ၃၂၃၇၆၀ ပါဝင်၏ {Rrf; Sharia-Islamic Law}
>တမန်တော်မြတ်ရှိစဉ် မှတ်တမ်းတင်ခြင်း
မုဟမ္မဒ်သခင်သည် မိဘမဲ့ဘဝဖြင့် ကြီးပြင်းခဲ့၍ “အွမ္မီ”ခေါ် စာပေမသင်ကြားခဲ့ရသူ ဖြစ်ခဲ့ရသည်မှာ အလ္လာဟ်၏ စီမံမှုသာဖြစ်သည်။ (ကုရ်အာန် ၉၃း၆) ရှေးနဗီတို့၏ ကျမ်းများတွင် နောက်ဆုံး နဗီတမန်တော်ချုပ်မှာ စာပေမရေးတတ် မဖတ်တတ်သူ အွမ္မီ (Unletterd ဖြစ်မည်ဟု ပါရှိ၏။ (ကု၇်အာန် ၇း၁၅၇) အကယ်၍သာ တမန်တော်မြတ် မုဟမ္မဒ်သည် လူသားဆရာများထံတွင် စာပေသင်ကြားခဲ့က ကုရ်အာန်ကျမ်းမြတ်ကို သူ့အတွေးအခေါ် ဟု လူသားတို့စွပ်စွဲကြမည်ပင် ဖြစ်သည်။ ယခုမူ စာမတတ်သူ တမန်တော်၏ နှုတ်မှ ကမ္ဘာ့အကြီးကျယ်ဆုံးအံ့ဖွယ် သက်သေလက္ခဏာ ကုရ်အာန်ထွက်ခဲ့လေပြီ။ (ကုရ်အာန် ၆၂း၂)
အလ္လာဟ်သည် တမန်တော်ချုပ်ထံ ချပေးသော ပထမနှင့် ဒုတိယအကြိမ် အာယာသ်တော်များတွင် ကလောင်တံ (ရေးသားခြင်း)၏ အရေးပါမှုကို အသိပေးထားပြီးဖြစ်၏။ “စကား” ဟူသည် မှတ်တမ်းမရှိက မေ့ပျောက်မြဲ၊ အမှားနှင့်အမှန် ရောမြဲသာ ဖြစ်၏။ ခေတ်တိုင်း လူမျိုးတိုင်းအတွက် အလ္လာဟ်ထံမှ နောက်ဆုံး ဝဟီလမ်းညွှန် ကုရ်အာန်ကို ရေးသား မှတ်တမ်းတင်ရမည် အမှန်ပင် ဖြစ်၏။ လူနှစ်ဦး စီးပွားရေးဆက်ဆံမှုကိုပင် သက်သေနှင့်တကွ စာချုပ်ရေးမှတ်ရန် အမိန့်ပေးသော ကုရ်အာန်သည် ခေတ်တိုင်း လူမျိုးတိုင်းအတွက် ဝဟီလမ်းညွှန်ဖြစ်သော ကုရ်အာန်၏ အာယာသ်တော်အားလုံးကို ရေးသားမှတ်တမ်းတင်ရန် အမှန်ပင် ညွှန်ကြားပေသည်။(ကုရ်အာန် ၂း၂၈၂)
ကုရ်အာန်ကို “ကိသာဘ်”(ကျမ်း) ဟူ၍ ကုရ်အာန်၏ အာယာသ်တော် များစွာတွင် ဖော်ပြထား၏။ ကျမ်းဟူသည် စာရွက်များ တစ်စစီကို ခေါ်သည်မဟုတ်၊ ရေးသားထားသော စာရွက်များကို စုပေါင်းထားခြင်းကိုသာ ခေါ်သည်။ စင်စစ် ကုရ်အာန်သည် စူရာဟ် ကဏ္ဍ(၁၁၄)ခုကို စုစည်းထားသော ကျမ်းဖြစ်သည်။
“ယင်းကျမ်းမြတ်နှင့် စပ်လျဉ်း၍ ယုံမှားသံသယ ဖြစ်ဖွယ်ရာ အလျင်းမရှိပြီ” (ကုရ်အာန် ၂း၂)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment