Friday, 7 September 2012
ပြီးပြည့်စုံသော မှတ်တမ်းတင်ခြင်း
ပြီးပြည့်စုံသော မှတ်တမ်းတင်ခြင်း
ကုရ်အာန်ကျမ်းမြတ်သည် ရေးမှတ်ခြင်းနှင့် အလွတ်ကျက်မှတ်ခြင်းတို့ဖြင့် တစ်ပြိုင်တည်း မှတ်တမ်းတင်ခံရသော ကျမ်းဖြစ်ပေသည်။ “ (အို နဗီတမန်တော်) အသင်သည် မိမိထံ ထုတ်ပြန်ခြင်းခံရလေသော ကျမ်းမြတ်(ကုရ်အာန်)ကို ရွတ်ဖတ်ပါလေ” (ကုရ်အာန် ၂၉း၄၅)
“ထိုအရှင်မြတ်၏ အာယာသ်တော်များကို ပြောင်းလဲနိုင်မည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိချေ” (ကုရ်အာန် ၁၈း၂၇)
“ငါအရှင်မြတ်သည် ၄င်းတို့၏ရှေ့ဝယ် ဖတ်ကြားခြင်းခံရလျက်ရှိသော ကျမ်းမြတ်(ကုရ်အာန်)ကို အသင်(မုဟမ္မဒ်) အပေါ်ချပေးခဲ့ခြင်းသည်ပင်လျင် ၄င်းတို့အဖို့ လုံလောက်သော (သက်သေ)ဖြစ်ပြီ မဟုတ်ပါလော့” (ကုရ်အာန် ၂၉း၅၁)
အထက်ပါ အာယာသ်တော်များအရ အလ္လာဟ်သည် တမန်တော်မြတ်အား ကုရ်အာန်ကျမ်းမြတ်ကို ကျမ်းအသွင် အစီစဉ်တကျ မှတ်တမ်းတင် ရေးသားစေခြင်း၊ ရွတ်ဖတ်သင်ကြားစေခြင်းတို့ကို တစ်ပြိုင်တည်း ပြုစေသည်။ ကုရ်အာန်သည် ကျမ်းအသွင်ဖြင့် လုံးဝပြီးပြည့်စုံသော လုံခြုံမှုဖြင့် ဖျက်ဆီးခြင်းခံရခြင်း၊ လူသားတို့ စွက်ဖက်ခြင်းတို့မှ ကင်းစင်နေပေသည်။
“ထို့ပြင် ငါအရှင်မြတ်သည် ကြယ်နက္ခတ်တို့၏ စခန်းချရာများကို သက်သေထူတော်မူ၏။ စင်စစ် ဤသို့ သက်သေထူ(ကျိန်ဆို)ခြင်းမှာ အကယ်၍ အသင်တို့ သိရှိကြလျင် ကြီးစွာသော သက်သေထူမှုပင်။ ဧကန်မလွဲ ယင်းသည် ဂုဏ်ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံသော ကုရ်အာန်ကျမ်းမြတ်ပင်။မှတ်တမ်း စာအုပ် တစ်ခု၌ ထိန်းသိမ်းစောင့်ရှောက်ထားပြီးဖြစ်သည်။ ယင်းမှတ်တမ်းတော် စာအုပ်ကို (ရုပ်ခန္ဓာ၊ စိတ်၊ အတွေးအခေါ်၊ ရည်ရွယ်ချက်) သန့်ရှင်းစင်ကြယ်သော သူတို့မှတစ်ပါး မည်သူမျှပင် ထိတွေ့(အကျိုးရယူနိုင်)ကြသည် မရှိပြီ။ (ယင်းကျမ်းသည်) စကြဝဠာ လောကခပ်သိမ်းကို မူလအစမှ ပြီးပြည့်စုံသည့်တိုင်အောင် အဆင့်ဆင့် ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ (အဆင့်ဆင့် စနစ်တကျ) ချပေးတော်မူခြင်း (ဖြစ်၏)” (ကုရ်အာန် ၅၆ ၇၅-၈၀)(အစ္စလာမ့်ယုံကြည်ချက်)
>မှတ်တမ်းတင်ရာတွင် အသုံးပြုသော စာရွက်နှင့် ရေးမှတ်သူများ
အလ္လာဟ်အရှင်မြတ်သည် နေ၊ လ၊ နက္ခတ်တာရာ စကြဝဠာလောကခပ်သိမ်းကို မည်သည့်ဖန်ဆင်းခံကမှ စွက်ဖက်နိုင်စွမ်း မရှိသော ရုပ်၊ စွမ်းအင်နှင့် နိယာမတရားတို့ဖြင့် အဆင့်ဆင့် ထင်ရှားဖြစ်ပေါ်စေထားသည်။ အလွန် ကြီမားသော ကြယ်၊ နက္ခတ်တို့သည်လည်း အလ္လာဟ်သတ်မှတ်ရာ လမ်းကြောင်းများတွင် သွားလျက်ရှိကြ၏။ ထို့အတူ ကုရ်အာန်ကျမ်းမြတ်ကိုလည်း စနစ်တကျ စီစဉ်မှုဖြင့် အဆင့်ဆင့် ချပေးခဲ့ခြင်း ဖြစ်သည်။ မည်သည့်အရာကမျှ ပြုပြင်ပြောင်းလဲ ဖျက်ဆီးနိုင်စွမ်း ရှိမည် မဟုတ်ပေ။
ထိုကုရ်အာန်ကျမ်းမြတ်ကို တမန်တော်မြတ်နှင့် နောက်လိုက် ဆွဟာဘဟ်ကြီးများသည် အရိုး၊ အိုးကြမ်းပဲ့၊ သစ်ရွက်နှင့်ကျောက်တုံး စသည်တို့ပေါ်၌သာလျင် မှတ်တမ်းတင်ခဲ့ခြင်း မဟုတ်ဘဲ စာရွက်ပေါ်တွင် မှတ်တမ်းတင်ခဲ့ကြောင်း အလ္လာဟ်က မိန့်တော်မူ၏။
“(ငါအလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ချပေးရာ) တောင်ကို သက်သေထူတော်မူ၏။ ၄င်းပြင် ဖြန့်ထားသော စာရွက်ပေါ်၌ ရေးသားပြီး ဖြစ်သော (ဤမှတ်တမ်းတော်) ကျမ်းဂန်ကို သက်သေထူတော်မူ၏” (ကုရ်အာန် ၅၂း၁-၃)
ကမ္ဘာ့ နဗီတမန်တော်များအနက် တမန်တော်ချုပ် မုဟမ္မဒ်သခင်သည် အထူးခြားဆုံး ဆွဟာဘဟ်(နောက်လိုက်၊ ရဲဘော်ရဲဘက်)များကို ရခဲ့သည်။ အလ္လာဟ်သည် တမန်တော်ချုပ်၏ ဆွဟာဘဟ်များ၏ အကျင့်စာရိတ္တနှင့် ယုံကြည်ချက်တို့ကို အထူးချီးကျူးထားသည်။ (ကုရ်အာန် ၈း၆၂။ ၄း၁၁၅။ ၃း၇၄။ ၉း၁၀၀။ ၄၈း၂၉။ ၈း၂၃)။ ၄င်းတို့အနက် တမန်တော်မြတ် ရှေ့တော်တွင် ကုရ်အာန်ကျမ်းမြတ်ကို မှတ်တမ်းတင်သူတို့၏ အဆင့်အတန်းကို အလ္လာဟ်က ဂုဏ်ပေးထားသည်။
“ဤ(ကုရ်အာန်)သည် ဆုံးမသြဝါဒပင်ဖြစ်သည်။ သို့ဖြစ်ပေရာ အလိုရှိသူသည် ယင်းဆုံးမသြဝါဒကို လေ့ကျက် မှတ်သားပေလိမ့်မည် (ယင်းဆုံးမသြဝါဒ)သည် ဂုဏ်ကျက်သရေနှင့် ပြည့်စုံသော စာရွက်များပေါ်တွင် ဖြစ်၏။ (ယင်းစာရွက်များသည်) မြင့်မြတ်သော စင်ကြယ်သန့်ရှင်းသော (စာရွက်များဖြစ်ကြ၏) ဂုဏ်ဒြပ်ထူးကဲသော၊ တရားမျှတ၍ သူတော်စင်များ ဖြစ်ကြသော ရေးမှတ်သူတို့၏ လက်များဖြင့် (မှတ်တမ်းတင်သော စာရွက်များဖြစ်ကြ၏”) (ကုရ်အာန် ၈၀း၁၁-၁၆)
>ရေးမှတ်ခြင်း၊ စစ်ဆေးခြင်း၊ ဟောကြားခြင်း၊ အလွတ်ကျက်ခြင်း
ကုရ်အာန်၏ အာယာသ်တော်များ အလ္လာဟ်ထံမှ ကျရောက်လာတိုင်း တမန်တော်မြတ်သည် ကျမ်းမြတ် ကုရ်အာန်၏ မည်သည့် စူရဟ်ကဏ္ဍမှဖြစ်ကြောင်း မည်သည့်နေရာတွင် မည်သို့ထည့်သွင်းမှတ်တမ်းတင်ရမည် စသည်တို့ကို သေချာစွာ ညွှန်ကြားတော်မူသည်။ ရေးမှတ်ပြီး စီစစ်နိုင်ရန် ရွတ်ဖတ်စေသည်။ မှန်ကန် တိကျစွာ ရေးမှတ်ပြီးပါက မိတ္တူပွားစေသည်။ ထို့ကြောင့် ကုရ်အာန်၏ စာသားများကို အပိုထည့်သွင်းခြင်း၊ လျော့ခြင်း၊ ပြုပြင်ပြောင်းလဲခြင်း စသော လူသားတို့၏ စွက်ဖက်မှုများ လုံးဝ ကင်းစင်နေပေတော့သည်။
ကုရ်အာန်မကျမီ အတိတ်ခေတ်တွင် ကျမ်းများစွာ ရှိခဲ့သော်လည်း ရန်သူတို့ ကျူးကျော်ဝင်ရောက်လာသော အခါ ကျမ်းများ၊ ယဉ်ကျေးမှုများ ဖျက်ဆီး ခံခဲ့ရသည်မှာ ကမ္ဘာ့သမိုင်းတစ်လျောက်တွင် အထင်အရှားပင်။ ထို့ကြောင့် ရေးသား မှတ်တမ်းတင်ရုံမျှဖြင့် အသိပညာတစ်ရပ်သည် လုံလောက်သော လုံခြုံမှု မရှိချေ။ အသိပညာ တစ်ရပ်ကို အစဉ်မပြတ်စေဘဲ အလွတ်ကျက်မှတ်ခြင်းနှင့် ရေးမှတ်ခြင်းကို တစ်ပြိုင်တည်း ပြုမှသာလျှင် မူလအသိပညာတစ်ရပ်သည် လုံခြုံစိတ်ချရပေသည်။
ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်နှင့် တမန်တော်မြတ်ကို စံပြအဖြစ် နာခံသူ နောက်လိုက်တို့အား ညစဉ်ကုရ်အာန်ကို ရွတ်ဖတ် အလွတ်ကျက်မှုကို ပြုစေသည်။ (ကုရ်အာန် ၇၃း၁၄) နောက်ပိုင်းတွင် အာယာသ်တော်များ များပြားစွာ ရရှိပြီး လက်တွေ့ဘဝ တည်ဆောက်ရန် တာဝန်က ပိုကြီးမားလာသောအခါညစဉ် ညဝက် ည၏သုံးပုံနှစ်ပုံ၊ ည၏သုံးပုံတစ်ပုံ အချိန်ပေး၍ အလွတ်ကျက်မှတ်နိုင်စွမ်း မရှိကြတော့သောအခါ အလ္လာဟ်က ဆွလာသ်ဝတ်ပြုမှု အတွင်း၌ပင် တတ်နိုင်သမျှ ရွတ်ဖတ်ကြရန် အမိန့်ပေးတော်မူသည်။ (ကုရ်အာန် ၇၃း ၂၀)။ ထိုအချိန်မှစ၍ ညဘက်တွင် ကုရ်အာန်ရွတ်ဖတ်ကျက်မှတ်မှု အစဉ်အဆက်ရှိခဲ့ရာ အထူးသဖြင့် ရမ်ဇာန် (ကုရ်အာန် စတင် ကျရောက်သည့်လနှင့် ဆွီယာမ် ဥပုသ်တည်ဆောက်ရသည့်လ)တွင် အစအဆုံး တစ်လုံး ရွတ်ဖတ်သည့်ဓလေ့မှာ ယနေ့တိုင် မုစ်လင်မ် လောက၌ ရှိနေပေတော့သည်။ ကုရ်အာန် ကျမ်းမြတ်ကို အလွတ်ကျက်မှတ်သည့် ဓလေ့မှာလည်း ထိုအချိန်မှစ၍ ယနေ့တိုင် အဆက်မပြတ် ရှိနေပေတော့သည်။
>ကုရ်အာန်ကျမ်းမြတ်၏ ကဏ္ဍတော်များ အစီအစဉ်
“စင်စစ် ဤ(ကုရ်အာန်)ကျမ်းမြတ်သည် အသိပညာကိုချီးမြှင့် ပေးသနားတော်မူခြင်း ခံခဲ့ကြရသော သူတို့၏ စိတ်နှလုံးများတွင် (ထိန်းသိမ်းထားသော) လွန်စွာ ထင်ရှားလှသည့် သက်သေလက္ခဏာများပင် ဖြစ်သည်” (ကုရ်အာန် ၂၉း၄၉)
ခေတ်အဆက်ဆက်တွင် ကုရ်အာန် ကျမ်းမြတ်ကို အစအဆုံး အလွတ်ရကြသော‘ဟာဖီဇ်’ ထောင်ပေါင်းများစွာတို့က ကမ္ဘာနှင့်အဝန်း ရှိနေပေတော့သည်။ ဤသည်ကား အလ္လာဟ်မှ ထူးခြားသော သက်သေဖြစ်ပေသည်။ ယနေ့တိုင် ဟာဖီဇ်ကျောင်းများစွာ ကမ္ဘာနှင့် အဝန်းရှိနေပေတော့သည်။ နှစ်စဉ် ဟာဖီဇ်ပေါင်းများစွာ မွေးထုတ်နေပေးသည်။ ကမ္ဘာ့ကျမ်းစာများအနက် ကုရ်အာန်တစ်အုပ်တည်းသာ ဤဓလေ့ကို အထူးအလေးပေး ကျင့်သုံးပေသည်။ ဟာဖီဇ်မဟုတ်သော မုစ်လင်မ်တိုင်းလည်း အစအဆုံး အလွတ်မရစေကာမူ နေ့စဉ် (၅)ကြိမ် ဆွလာသ်ဝတ်ပြုရန် ကုရ်အာန်၏ အစိတ်အပိုင်းများကို တတ်နိုင်သမျှ ကျက်မှတ်ကြရပေသည်။
ထို့ပြင် ကုရ်အာန် အာယာသ်တော်များ အစအဆုံးကို မည်သို့ ကဏ္ဍ(စူရဟ်)ဖွဲ့၍ ကျမ်းအသွင် စီစဉ်ရမည်ကို အလ္လာဟ်ကိုယ်တော်တိုင် တမန်တော်မြတ်ကို ညွန်ကြားကြောင်း အလ္လာဟ်မိန့်တော်မူ၏။
“(အို…နဗီတမန်တော်) အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို အလျင်အမြန် ကျက်အံ့သောငှာ မိမိ၏ လျှာကို မလှုပ်ပါလေနှင့်။ (ယုံကြည် စိတ်ချလော့) မုချဧကန် ယင်း ကုရ်အာန် ကျမ်းမြတ်ကို စုပေါင်း၍ ပေးခြင်းသည်လည်းကောင်း၊ ယင်း ကုရ်အာန်ကျမ်းမြတ်ကို (အသင်၏ စိတ်နှလုံးမှ တစ်ဆင့်လူတို့ထံ စနစ်တကျ) ဖတ်စေခြင်းသည် လည်းကောင်း၊ ငါအရှင်မြတ်၏ တာဝန်ပင် ဖြစ်သည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ယင်း ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ကြားတော်မူသော အခါ အသင်သည် ယင်း ဖတ်ကြားချက်ကိုလိုက်နာ၍ နားဆင်ပါလေ၊ ထို့နောက် ယင်းကုရ်အာန်ကျမ်းမြတ်ကို ရှင်းပြခြင်းမှာလည်း “ဧကန်အမှန် ငါအရှင်မြတ်၏ တာဝန်” သာဖြစ်၏ (ကုရ်အာန် ၇၅း၁၆-၁၉)
>ကုရ်အာန်ကျမ်းမြတ်စီစဉ်ထားပုံနှင့် ပါဝင်သော အကြောင်းအရာများ
တမန်တော်မြတ်၏ ၂၃ နှစ်တာ သာသနာပြု သက်တမ်းကာလအတွင်း ကုရ်အာန်ကျမ်းမြတ်၏ အာယာသ်တော်အားလုံး (၆၂၃၆ ပါး)တို့သည် အချိန်အခါ၏ လိုအပ်ချက်ကို အခြေခံ၍ ခေတ်အဆက်ဆက် ကမ္ဘာ့လူသားတိုင်းအတွက် အကြောင်းအရာ ဖော်ပြချက်၊ သက်သေ လက္ခဏာများနှင့် ရယူလိုက်နာရမည့် သင်ခန်းစာနှင့် လမ်းညွှန်များ အဖြစ် အလ္လာဟ်ထံမှ အလီလီစိတ်ပိုင်း ခွဲခြမ်းကာ တမန်တော်မြတ်ထံ ချပေးတော်မူခဲ့၏။ ယင်းအစီအစဉ်ကို အကြောင်းအရာများ ဖြစ်ပျက်ရာ အချိန်အခါကိုလိုက်၍ ချပေးသော အစီအစဉ်ဟုခေါ်သည်။ သို့သော် ကုရ်အာန်၏ အာယာသ်တော်များကို ကျမ်းအသွင်ဖြင့် ခေတ်အဆက်ဆက် လူးသားတိုင်းအတွက် စီစဉ်ရာတွင် အချိန်အခါကို မှီ၍ကျသော အစီအစဉ်အတိုင်း မဟုတ်ပေ။ ယင်း အာယာသ်ပေါင်း ၆၂၃၆ ပါးကို ကဏ္ဍပေါင်း (စူရဟ်ပေါင်း) ၁၁၄ ကဏ္ဍခွဲထား၏။ စူရာဟ်ကဏ္ဍအမှတ်စဉ် ၁ မှ လွဲ၍ စူရဟ် အမှတ် ၂ မှ စူရဟ် အမှတ် ၁၁၄ အထိ စူရဟ်အရှည်အတိုကိုလိုက်၍ စီစဉ်ထား၏။ ဥပမာ စူရဟ် ၂ သည် အာယာသ်တော်ပေါင်း (၂၈၆)ပါး ပါဝင်၍ အရှည်ဆုံးဖြစ်ပြီး နောက်ဆုံး စူရဟ်ကဏ္ဍများမှာ အတိုဆုံးများ ဖြစ်သည်။ ဤအစီစဉ်မှာ ဖော်ပြခဲ့သော အာယာသ်တော် (၇၅း၁၆-၁၉)အရ အလ္လာဟ်၏ အမိန့်တော် လမ်းညွှန်အတိုင်း တမန်တော်မြတ်ရှိစဉ် မှတ်တမ်းတင်စဉ်ကတည်းက ပြီးပြည့်စုံစွာ စီစဉ်ထားပြီး ဖြစ်သည်။ အစအဆုံး အစီအစဉ်တကျ အလွတ်ကျက်မှတ်ပြီး ဖြစ်ကြသည်။
ကုရ်အာန်၏ အခြေခံ ကျောရိုးမှာ သောင်ဟီဒ် အလ္လာဟ်တစ်ပါးတည်း တည်ရှိခြင်းကို လက္ခံယုံကြည်ခြင်း ဖြစ်သည်။ ထိုသောဝ်ဟီဒ်တရားကို အခြေခံ၍ ဖန်ဆင်းရှင် အလ္လာဟ်နှင့် ဖန်ဆင်းခံလောကအားလုံး ဆက်သွယ်မှု အခွင့်အရေးနှင့် တာဝန်များ၊ လူသား အချင်းချင်း ဖန်ဆင်းခံ အချင်းချင်း ထားအပ်သည့် တာဝန်နှင့် အခွင့်အရေးများ၊ အကွယ်တရားများဖြစ်သည့် တမလွန်၊ ကမ္ဘာ့တရားစီရင်မည့်နေ့နှင့် ရှင်ပြန်ထမြောက်ရမည့်နေ့၊ အစားပေးခံရခြင်း၊ ဂျန္နသ်နှင့် ဂျဟန္နမ် စသည့် နှစ်ဘဝလုံးအတွက် ရုပ်နာမ် နှစ်ပါးလုံးအတွက် ပြီးပြည့်စုံသော လမ်းညွှန်များ၊ သက်သေလက္ခဏာများ ပါဝင်ပေသည်။ စင်စစ် အလ္လာဟ်၏ အာယာသ်တော်များကို လူသားတို့ ဖွင့်ဆို၍ ကုန်နိုင်မည်မဟုတ်ဟု အလ္လာဟ်က မိန့်တော်မူထား၏။ (ကုရ်အာန် ၁၈း၁၀၉။ ၁၆း၁၁၅)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment