Tuesday, 18 September 2012

အလ္လာဟ်နှင့် လူသားဆက်သွယ်မှု

အလ္လာဟ်နှင့် လူသားဆက်သွယ်မှု
“အမြင်အာရုံများသည် ထိုအရှင်မြတ်အား (စိတ်ငုံ)ငုံမိနိုင်သည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်မှာမူကား အမြင်အာရုံများကို(စိတ်ငုံ) ငုံမိလျက် ရှိတော်မူ၏” (ကုရ်အာန် ၆း၁၀၃)
“ဝဟီ အမိန့်တော်ထုတ်ပြန်တော်မူခြင်း ဖြစ်စေ၊ သို့တည်းမဟုတ် အကွယ်နောက်မှဖြစ်စေ၊ သို့တည်းမဟုတ် ထိုအရှင်မြတ်သည် စေတမန်တစ်ပါးကို စေလွှတ်တော်မူ၍ ထိုစေတမန်သည် ထိုအရှင်မြတ် အလိုရှိတော်မူသော ဝဟီ အမိန့်ထုတ်ပြန်ချက်ကို ပို့ပေးခြင်းမှ တစ်ပါး(ဤနည်းများမှ တစ်ပါး) အလ္လာဟ် အရှင်မြတ်သည် မည်သည့် လူသားတစ်ဦးတစ်ယောက်ကိုမျှ စကားပြော (ဆက်သွယ်)တော်မူသည် မဟုတ်ပေ” (ကုရ်အာန် ၄၂း၅၁)
နိစ္စထာဝရ ပြီးပြည့်စုံတော်မူသော အလ္လာဟ်ကို မပြီးမပြည့်စုံသော လူသားက မည်သို့မျှ တိုက်ရိုက်မြင်နိုင်၊ ဆက်သွယ်နိုင်စွမ်းမရှိချေ။ သို့သော် မဟာကရုဏာတော်ရှင် အလ္လာဟ်သည် လူသားတို့ကို နည်း(၃)နည်းဖြင့် ဆက်သွယ်လေသည်။
(၁) “ဝဟီပေးခြင်းဖြင့် ဆက်သွယ်ခြင်း” ဟူသည် ဖန်ဆင်းရှင် အလ္လာဟ်က မိမိပေးလိုသော အသိများကို ပေးပို့ခံရသော လူသား၏ စိတ်နှလုံးအတွင်း တိကျရှင်းလင်း ထင်ရှားစွာ ပေါ်လွင်စေခြင်းဖြစ်စေ၊ သက်ဆိုင်ရာ လူသား ဘာသာစကား အသွင်ဖြင့်ဖြစ်စေ၊ စာပေကျမ်း အသွင်ဖြင့်ဖြစ်စေ အမိန့်လမ်းညွှန်ပေးခြင်း တို့ကိုခေါ်သည်။
(၂) ဒုတိယနည်းမှာ အလ္လာဟ်သည် “အကွယ်မှ လမ်းညွှန်တော်ပေးခြင်း” ဖြစ်သည်။ ရုပ်ဝတ္ထုပစ္စည်းတို့၏ နောက်ကွယ်ကို ဆိုလိုခြင်း မဟုတ်ပါ။
(၃) တတိယနည်းမှာ အလ္လာဟ်သည် ဖန်ဆင်းခံ မလာအိကဟ် ကောင်းကင်တမန် ဂျီဘရာအိလ်ကို စေလွှတ်၍ အလ္လာဟ်ထံမှ “ဝဟီ အမိန့်တော်ကို တစ်ဆင့်ပေးပို့စေခြင်း” ဖြစ်သည်။
လူသား နဗီတမန်တော်တို့သည် အထက်ပါ တစ်နည်းနည်းဖြင့် အလ္လာဟ် ထံတော်မှ ဆက်သွယ်ခြင်းခံရ၍ လူသားတို့ တရားများနှင့် လိုက်နာရန် (ကျင့်ရန်/ကြဉ်ရန်) လမ်းညွှန်အမိန့်တို့ကို ဝဟီအဖြစ် ပေးခြင်းခံရလေသည်။
နောက်ဆုံး ဝဟီလမ်းညွှန်
အလ္လာဟ်ထံတော်မှ ဝဟီလမ်းညွှန်ကို လူ့သမိုင်း အဆက်ဆက်တွင် ကျမ်းအသွင်ဖြင့် လည်းကောင်း၊ တရားအလင်းဖြင့်လည်းကောင်း ကမ္ဘာနှင့်အဝန်း တမန်တော်အသီးသီးတို့ ရခဲ့ကြရာ နောက်ဆုံး ဝဟီလမ်းညွှန်ကို ကုရ်အာန်ကျမ်းမြတ် အသွင်အဖြစ် တမန်တော်မြတ် မုဟမ္မဒ် သခင်ထံပေးတော်မူ၏။ နောက်ထပ် “နဗီရစူလ်” တမန်တော် ပွင့်စရာ အကြောင်း မရှိတော့ချေ။
အလ္လာဟ်သည် လူသားတို့ ဉာဏ်မမီနိုင်သော “ဂိုက်ဘ်” အကွယ်ရှိ သစ္စာတရားများ၊ လောကများနှင့် ယင်းတို့၏ သဘာဝများကို ကုရ်အာန်ကျမ်းမြတ်တွင်း၌ ဥပမာ ပုံဆောင်မှုများ၊ တင်စားမှုများဖြင့်ပြဆိုထားပေသည်။
သို့သော် သေခြင်းတရား၏ အလွန်၌ လူသားတို့မုချတွေ့ကြရမည်ဖြစ်ပေရာ ထိုအမှန်တရားတို့သည် အမှန်တကယ် ရှိကြောင်းကို ဤလောကအတွင်း၌ သက်သေလက္ခဏာများကို ဖန်ဆင်းရှင်းလင်းပြဆို ထားပေသည်။ ထို့ကြောင့် ထိုဥပမာများ တင်စားပြောဆိုမှုတို့ကို ရုပ်တရား၏ (အချိန်ကန့်သတ်မှု၊ အာကာသကန့်မှု) သဘာဝတရားတို့ဖြင့် ဖွင့်ဆို၍ မရချေ။ သဘာဝချင်းမှာ ခြားနားနေပေရာ ဥပမာကို ဥပမာ အဖြစ်သာ သဘောပေါက်ရမည်။ သက်သေ လက္ခဏာများကို ဆင်ခြင်ခြင်းဖြင့်သာ ယင်းတို့အမှန်တကယ်ရှိကြောင်း နှလုံးသွင်းရာ၏။
ဥပမာ အလ္လာဟ်ဘာလဲဟူသော သဘာဝ၊ အလ္လာဟ်၏ ဂုဏ်တော်များ၊ အလ္လာဟ်၏ အမရ်စီမံမှုအမိန့်တော်၊ အလ္လာဟ်၏ အရ်ရှ် ပလ္လင်တော်၊ အလ္လာဟ်၏(ကုရ်စီ)တော်၊ အလ္လာဟ်၏ အကြွင်းမဲ့ သိတော်မူသော ဉာဏ်တော်၊ အရာခပ်သိမ်းကို တတ်စွမ်းနိုင်သော ဘုန်းတော်၊ လက်တော်၊ မျက်နှာတော်၊ အလ္လာဟ်၏ သက္ကဒီရ် စီမံသတ်မှတ်ချက်၊ လူသားတိုင်းကို ချီးမြှင့်ထားသော အလ္လာဟ်ထံမှ ဖြစ်သည့် ရူဟ်စွမ်းအင်၊ လူသားတိုင်း၏ လွတ်လပ်စွာ ရွေးချယ်လုပ်ပိုင်ခွင့်နှင့်ယှဉ်သော အလ္လာဟ်၏ သက္ကဒီရ် သတ်မှတ်ချက်၊ လောင်ဟိမဟ်ဖုဇ်ခေါ် သင်ပုန်းတော်ကြီးနှင့် ကလောင်တံ၊ လောကခပ်သိမ်းအတွက် မှတ်တမ်း၊ မီဇာန်ချိန်တွယ်မှုနှင့် အလ္လာဟ်၏ တရားမျှတမှု၊ အလ္လာဟ်ကို နာခံ၍ ကောင်းမှုပြုသူအတွက် ဂျန္နသ်ဆုလာဘ် အဆင့်ဆင့်နှင့် ယင်းတို့၏ သဘာဝ၊ အလ္လာဟ်ကို ငြင်းပယ်သူ၊ မကောင်းမှု ပြုသူအတွက် ဂျဟန္နမ်ပြစ်ဒဏ် အဆင့်ဆင့်နှင့် ယင်းတို့၏ သဘာဝ၊ တရားစီရင်မည့်နေ့၊ အစားပေးမည့် နေ့တော်ကြီး၏ သဘာဝ၊ သေပြီးနောက်“ဘရ်ဇက်ခ်”ကြားကာလ၏ သဘာဝနှင့် တမလွန်၏ သဘာဝ စသည်တို့ကို လေ့လာရာတွင် လက်ရှိရုပ်တရား၏ သဘာဝတို့ဖြင့် မပြီးမပြည့်စုံစွာ ဖွင့်ဆို နားလည်မှု မပြုအပ်ချေ။ သို့သော် လက်ရှိရုပ်တရားအတွင်း၌ သက်သေ သာဓကများစွာကိုကား နားလည်နိုင်ပေသည်။

No comments:

Post a Comment