Wednesday, 19 September 2012

အကောင်းဆုံး စားနပ်ရိက္ခာရှင်

အကောင်းဆုံး စားနပ်ရိက္ခာရှင်
“စင်စစ်သော်ကား မြောက်မြားစွာသော တိရစ္ဆာန်တို့မှာ မိမိတို့၏ စားနပ်ရိက္ခာကို သယ်ပိုးထားကြသည် မဟုတ်ပေ။ အလ္လာဟ် အရှင်မြတ်သည်ပင် ထို တိရစ္ဆာန်တို့ကို လည်းကောင်း၊ အသင်(လူသား)တို့အား လည်းကောင်း စားနပ်ရိက္ခာကို ပေးသနားတော်မူ၏” (ကုရ်အာန် ၂၉း၆၀)
“အလ္လာဟ် အရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူအား စားနပ်ရိက္ခာကို ကျယ်ဝန်းစွာ ချီးမြှင့်ပေးသနားတော် မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် မိမိအလိုရှိသောသူအား တိုင်းထွာ၍ ပေးတော်မူသည်။ စင်စစ် အလ္လာဟ်သည် အကြွင်းမဲ့သိတော်မူသော အရှင်မြတ် ဖြစ်တော်မူပေသည်” (ကုရ်အာန် ၂၉း၆၂) (အစ္စလာမ့် ယုံကြည်ချက်)
အတိုင်းအဆမရှိ ပေးတော်မူသော အရှင်
“….စင်စစ် အလ္လာဟ်သည် မိမိအလိုရှိတော်မူသော သူအား အကန့်အသတ်မရှိ (ကျေးဇူးတော်ကို) ချီးမြှင့် ပေးသနားတော်မူ၏” (ကုရ်အာန် ၂၄း၃၈)
အတိုင်းအဆဖြင့်ပေးခြင်း
“စင်စစ် အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန် (လူသား)တို့အား စားနပ်ရိက္ခာကို ကျယ်ဝန်းပေါများစွာ ချီးမြှင့်တော်မူခဲ့ပါလျင် အမှန်ပင် (ထိုကျွန်အပေါင်းသည်) ကမ္ဘာမြေဝယ် ဆိုးသွမ်းသောင်းကျန်းခဲ့မည်သာ။ သို့ရာတွင် ထိုအရှင်မြတ်သည် (စားနပ်ရိက္ခာကို တဖြည်းဖြည်း) မိမိအလိုရှိသော အတိုင်းအတာနှင့် အမျှချပေးတော်မူ၏။ စင်စစ် ထိုအရှင်မြတ်သည် မိမိကျွန်အပေါင်းနှင့် ပတ်သက်၍ ကောင်းစွာသိတော်မူသောအရှင်၊ ကောင်းစွာမြင်တော်မူသောအရှင် ဖြစ်တော်မူ၏” (ကုရ်အာန် ၄၂း၂၇)
အာဏာနှင့် ဂုဏ်တို့ကို ပေးနိုင်တော်မူသော အရှင်
“….အရှင်မြတ်သည် မိမိနှစ်လိုတော်မူသောသူအား တန်ခိုး အာဏာကို ပေးသနားတော်မူ၏။ ထိုနည်းတူစွာ အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူထံမှ သြဇာအာဏာကို ပြန်လည် ရုပ်သိမ်းတော်မူ၏။ ထိုနည်းတူ အရှင်မြတ်သည် မိမိနှစ်လိုတော်မူသောသူကို ဂုဏ်ဒြပ်ချီးမြှင့်တော်မူ၏။
ထိုနည်းတူ အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူကို ဂုဏ်အင်နှိမ့်ချယုတ်လျော့စေတော်မူ၏။ ကောင်းမြတ်ခြင်း အဖြာဖြာတို့သည် အရှင်မြတ်၏ လက်တော်၌သာရှိ၏။ မုချဧကန် အရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသော အရှင်တည်း” (ကုရ်အာန် ၃း၂၆)
ရှိုဿွာန် ခေါ် မမြင်နိုင်သောစွမ်းအင်တို့၏ အန္တရာယ်မှ ကာကွယ်ပေးသောအရှင်
“စင်စစ် ငါအရှင်မြတ်၏ ကျွန် (အလ္လာဟ်၏ အမိန့်အတိုင်း ဘဝတည်ဆောက်သူ)တို့ကိုကား အသင် (ရှိုဿွာန်၏) သြဇာ အာဏာ လုံးဝလွှမ်းမိုးနိုင်လိမ့်မည် မဟုတ်။ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်ပင် (၄င်းကျွန်တို့အား) ထိန်းသိမ်း စောင့်ရှောက်တော်မူသော သူအဖြစ် လုံလောက်တော်မူပေ သတည်း” (ကုရ်အာန် ၁၇း၆၅) (ဖန်ဆင်းခံအားလုံးတို့ပြုတတ်သော ဘေးအန္တရာယ်များအတွက် ကုရ်အာန်၊ စူရဟ် ၁၁၃ နှင့် ၁၁၄ တို့တွင် ကြည့်ပါ)
ဒုက္ခဟူသည် လူသားကြောင့်
“စင်စစ် ထိုအရှင်မြတ်သည် ဤသည် (ကရုဏာ ပြုတော်မူရန်) အတွက်ကြောင့်သာ လည်းကောင်း(လူသား) တို့အား ဖန်ဆင်းတော်မူသည်” (ကုရ်အာန် ၁၁း၁၁၉)
“….ကောင်းမြတ်ခြင်း အဖြာဖြာတို့သည် အရှင်မြတ်၏ လက်တော်၌သာရှိ၏။ (ကုရ်အာန် ၃း၂၆)
“စင်စစ် အသင်တို့၌ သက်ရောက်လေ့ရှိသော ဘေးဒုက္ခဟူသမျှတို့သည် အသင်တို့၏ လက်များဖြင့် ဆည်းပူးခဲ့ကြသော အပြုအမူတို့ကြောင့်ပင် သက်ရောက်ခဲ့ကြသည်သာ။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် များစွာသော ပြစ်မှုများကိုကား ခွင့်လွှတ်တော်မူသည်” (ကုရ်အာန် ၄၂း၃၀)
“မိမိ၏ စိတ်အလိုဆန္ဒကိုသာ လိုက်စားသောသူထက် ပို၍ လမ်းလွဲမှားနိုင်သူ မည်သူရှိပါအံ့နည်း“ (ကုရ်အာန် ၂၈း၅၀)
“စင်စစ် မည်သူမဆို မိမိကိုယ်တိုင် အလ္လာဟ်အရှင်မြတ်ကို ယုံပုံနာခံပြီး (အလ္လာဟ့် လမ်းညွှန်နှင့်အညီ) ကောင်းမှုကုသိုလ်များ ပွားများခဲ့ပါလျင် ထိုကဲ့သို့သောသူတို့သည် မိမိတို့၏အရှင် ထံတော်၌ အကျိုးကျေးဇူးများကို မုချရရှိ၍ စိုးရိမ်ကြောင့်ကြမှု၊ ပူဆွေးမှု ရကြမည်လည်း မဟုတ်ချေ” (ကုရ်အာန် ၂း၁၁၂)
နိစ္စထာဝရ ပြီးပြည့်စုံသော ငြိမ်းချမ်မှုသို့

“စင်စစ် အလ္လာဟ် အရှင်မြတ်သည်(လူခပ်သိမ်းတို့အား) ငြိမ်းချမ်းရေး ဗိမာန်သို့ဖိတ်ခေါ်တော်မူ၏” (ကုရ်အာန် ၁၀း၂၅)
“…..အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုး၏ အခြေအနေကို ၄င်းတို့ကိုယ်တိုင် မိမိတို့၏ အခြေအနေကို မပြောင်းလဲသမျှ ကာလပတ်လုံး ပြောင်းလဲပေးတော်မူသည် မဟုတ်ပေ” (ကုရ်အာန် ၁၃း၁၁)
“ပြောလော့ ဤအမှန်တရား (ကုရ်အာန် ကျမ်းမြတ်သည်) အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံမှဖြစ်၏။ သို့ဖြစ်ပေရာ မည်သူမဆို ယုံကြည်လိုလျင် ယုံကြည်နိုင်၏။ ထိုနည်းတူ မည်သူမဆို ငြင်းပယ်လိုလျင် ငြင်းပယ်နိုင်၏” (ကုရ်အာန် ၁၈း၂၉)

No comments:

Post a Comment