Wednesday, 19 September 2012

အလ္လာဟ်အပြင် အခြားကြောက်စရာ မရှိပါ

အလ္လာဟ်အပြင် အခြားကြောက်စရာ မရှိ
“ထို့ပြင် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်၌ ရှိကြသော (သက်ရှိသက်မဲ့) အရာခပ်သိမ်းတို့သည် ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာဝတ္ထု ချည်းသာ ဖြစ်ကြကုန်၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်၏ (အမိန့်တော်)ကိုသာ ထာဝစဉ် လိုက်နာရပေမည်။ သို့ပါလျက် အသင်တို့သည် အလ္လာဟ်အရှင်မြတ် အပြင် အခြား တစ်စုံတစ်ရာကို ကြောက်ရွံ့ကြလေသလော” (ကုရ်အာန် ၁၆း၅၂) (အစ္စလာမ့် ယုံကြည်ချက်)
အလ္လာဟ်သည် အလွန်နီးကပ်စွာ ရှိနေ၏
“ထို့ပြင် မလွဲဧကန် ငါအရှင်မြတ်သည် လူသားအား ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၄င်း (လူသား)၌ ၄င်း၏ စိတ်က မသိမသာ ပေါ်ပေါက်စေသော အရာကိုလည်း သိတော်မူ၏။ စင်စစ် ငါအရှင်မြတ်သည် ၄င်း၏ လည်ချောင်းသွေးကြောထက်ပင် ၄င်းနှင့် ပိုမို နီးကပ်စွာရှိနေတော်မူ၏” (ကုရ်အာန် ၅၀း၁၆)
အကောင်းဆုံး ကာကွယ်မှုပေးနိုင်သူ
“၄င်းပြင် အကယ်၍သာ အလ္လာဟ် အရှင်မြတ်သည် အသင့်အား (လောက၌ဖြစ်စေ၊ တမလွန်၌ဖြစ်စေ) ဘေးအန္တရာယ် တစ်စုံတစ်ရာ သင့်စေတော်မူပါလျင် ထိုအရှင်မြတ်မှ တစ်ပါး ယင်း ဘေးအန္တရာယ်ကို ကင်းဝေး ပပျောက်စေနိုင်သူ ဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိ။ အကယ်၍ ထိုအရှင်မြတ်သည် အသင့်၌ တစ်စုံတစ်ရာ အကျိုးကျေးဇူးကို ဖြစ်ထွန်းစေတော်မူပါလျင်လည်း (မည်သူမျှ ပျက်ပြားစေနိုင်သူဟူ၍ မရှိ) ထို အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို တတ်စွမ်းနိုင်တော်မူသော အရှင်မြတ် ဖြစ်တော်မူ၏” (ကုရ်အာန် ၆း၁၇)
အကောင်ဆုံး အောင်နိုင်မှုပေးနိုင်သော အရှင်
“အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ကူညီစောင်မတော် မူပါလျင် အသင်တို့ အပေါ်၌ အောင်မြင်လွှမ်းမိုးမည့်သူဟူ၍ မည်သူ တစ်ဦးတစ်ယောက်မျှ ရှိတော့မည် မဟုတ်ပေ။ သို့ရာတွင် အကယ်၍သာ ထိုအရှင်မြတ်သည် အသင်တို့အား (ကူညီခြင်းမပြုဘဲ) စွန့်ပစ်ထားတော်မူပါလျင် ထိုကဲ့သို့ စွန့်ပစ်တော်မူပြီးနောက် အသင်တို့အား ကူညီစောင်မမည့်သူသည် အဘယ်သူ ရှိပါသေးသနည်း။ သို့ဖြစ်ရကား ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိသော သူတို့သည် အလ္လာဟ်အရှင်မြတ် အပေါ်၌သာလျင် ယုံကြည်စိတ်ချ ပုံအပ်ထားကြရမည်သာတည်း” (ကုရ်အာန် ၃း၁၆၀)
အကောင်းဆုံး ကရုဏာပေးနိုင်သူ

“အလ္လာဟ် အရှင်မြတ်က လူတို့အဖို့ ဖွင့်ပေးတော်မူသော ကရုဏာတော်ကို ပိတ်ပင် တားဆီးနိုင်သူဟူ၍ အလျင်းမရှိချေ။ ထိုနည်းတူစွာ ထိုအရှင်မြတ် ပိတ်ပင်တားဆီးတော် မူပြီးနောက် ပို့ပေးနိုင်သောသူသူ ဟူ၍ အလျင်းမရှိပြီ။ စင်စစ် ထိုအရှင်မြတ်သည်ပင် အလွန်တရာ လွှမ်းမိုးတော်မူသော အရှင်၊ ဉာဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူပေ သတည်း” (ကုရ်အာန် ၃၅း၂) (အစ္စလာမ့် ယုံကြည်ချက်)

No comments:

Post a Comment