Tuesday 18 September 2012

လူသားထံမှ ပဋိညာဉ်ဝန်ခံချက် ယူတော်မူခြင်း

လူသားထံမှ ပဋိညာဉ်ဝန်ခံချက် ယူတော်မူခြင်း
“ထိုမှတစ်ပါး အခါတစ်ပါး၌ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် “အာဒမ်”၏ သားမြေးတို့၏ ကျောကုန်းမှ ၄င်းတို့၏ မျိုးစေ့တို့ကို ထုတ်ဆောင်တော်မူခဲ့လေသည်။ ထို့နောက် ထို အရှင်မြတ်သည် ၄င်းတို့ကိုပင် ၄င်းတို့အပေါ်၌ သက်သေထားတော်မူ၍
“ငါ အရှင်မြတ်သည် အသင်တို့အား ဖန်ဆင်းတော်မူသော အရှင်မြတ်ပင် မဟုတ်ပါလော့ ”ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုအခါ ၄င်းတို့က “အမှန်ပင်ဟုတ်ပါသည်။ ကျွန်တော်မျိုးတို့ သက်သေခံကြပါသည်”ဟု လျှောက်ထား ဝန်ခံကြကုန်၏။ ယင်း (သက်သေထားတော်မူခဲ့စေခြင်းမှာ) ကိယာမသ် ရှင်ပြန်ထရမည့်နေ့တွင် “ကျွန်တော်မျိုးတို့သည် ဤသည်ကို မသိခဲ့ကြပါ” ဟု မပြောကြရန်ပင် ဖြစ်သည်။ (ကုရ်အာန် ၇း၁၇၂)
“သို့တည်းမဟုတ် အသင်တို့သည် “ကျွန်တော်မျိုးတို့၏ ဘ၊ ဘိုး၊ ဘေး၊ ဘီဘင်တို့မှာ ရှေးဦးမဆွကပင် အခြား အရာများကို အလ္လာဟ်နှင့် တွဲဖက် ကိုးကွယ်ခဲ့ကြသည်သာ ဖြစ်ပါသည်။ ကျွန်တော်မျိုးတို့မှာ မူကား (၄င်းတို့၏) သားမြေးများသာ ဖြစ်ကြပါသည်။ သို့ဖြစ်ပေရာ အရှင်မြတ်သည် (ရှေးဦးမဆွက) မဟုတ်မမှန် ပြုလုပ်ခဲ့ကြသော သူတို့ကြောင့် ကျွန်တော်မျိုးတို့သာ ပျက်စီးတော်မူပါမည်လော” ဟု ပြောဆိုကြလတ္တံ့” (ကုရ်အာန် ၇း၁၇၃)
အထက်ပါ အာယာသ်တော်များ အရ အလ္လာဟ်သည် လူသားအားလုံးကို လူ့လောကသို့ မစေလွှတ်မီ ကတည်းက အလ္လာဟ်သည်သာ လူသားတို့၏ ကိုးကွယ်ရာ အရှင်ဖြစ်ကြောင်း ခံဝန်ချက်များယူပြီး ဖြစ်သည်။ တစ်နည်းဆိုသော် လူသားတိုင်းတွင် မွေးရာပါ အတွင်းစိတ်၏ အသိတွင် ဖန်ဆင်းရှင် အလ္လာဟ်ကို သိစိတ် သဘာဝ ထည့်သွင်းပေးထားမှုကို အလ္လာဟ်က ပြုလုပ်ထားခြင်း ဖြစ်ပေသည်။ သို့သော် မိရိုးဖလာ ပတ်ဝန်းကျင် စသည့် အတားအဆီများ ကြားဝယ် ဆင်ခြင်တုံ့တရားကို အလ္လာဟ်က ပေးထားပါလျက် အသုံးမချခြင်းသည် လူသား၏ တာဝန်မဲ့မှုသာ ဖြစ်သည်။
“ သို့တည်းမဟုတ် ၄င်းတို့သည် (ဖန်ဆင်းသူ၊ အကြောင်းအရာ) တစ်စုံတစ်ရာမျှ မရှိဘဲ ထင်ရှား ဖြစ်ပေါ်စေခြင်း ခံခဲ့ကြရလေသလော့၊ သို့တည်းမဟုတ် ၄င်းတို့ကိုယ်တိုင် (မိမိတို့ကိုယ်ကို) ဖန်ဆင်းသူများ ဖြစ်လေသလော့၊ သို့တည်းမဟုတ် ထိုသူတို့သည် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်ကို ဖန်ဆင်းခဲ့ကြလေသလော့။ (ကုရ်အာန် ၅၂း၃၅-၃၆)
အမာနတ် လွှဲအပ်တော်မူခြင်း
ကုရ်အာန် ၃၃း၇၂ အရ အလ္လာဟ်အရှင်မြတ်သည် စကြဝဠာ ခပ်သိမ်း ကမ္ဘာဂြိုဟ်နှင့် တောင်များ စသည်တို့ကို အမာနတ် (ဆင်ခြင်တုံတရားနှင့် လွတ်လပ်စွာ ရွေးချယ်ပြုပိုင်ခွင့်)ကို မပေးထားကြောင်း လူသားကိုသာ အမာနတ် ပေးထားကြောင်း တင်စားပြဆိုထားပေသည်။ ထို့ပြင်…………..
“အသင်တို့သည် မမြင်ခဲ့ကြလေသလော့၊ စင်စစ် အလ္လာဟ် အရှင်မြတ်သည် အသင်တို့အကျိုးငှာ မိုးကောင်းကင်၌ရှိသည် တို့ကို လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌ ရှိသည်တို့ကို လည်းကောင်း အသုံးချနိုင်စေတော် မူလေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိ၏ထင်ရှားသော ကျေးဇူးတော်များကို လည်းကောင်း မထင်ရှားသော ကျေးဇူးတော်များကို လည်းကောင်း အသင်တို့ အပေါ်ဝယ် အပြည့်အစုံချပေး သနားတော်မူ၏။ သို့ရာတွင် လူတို့အနက် အချို့မှာမူကား မည်သည့် သက်သေအထောက်အထားမျှလည်းကောင်း၊ မည်သည့် တရားလမ်းညွှန်မျှ လည်းကောင်း၊ မည်သည့်ထွန်းလင်းသော ကျမ်းဂန်မျှ လည်းကောင်းမရှိဘဲလျက် အလ္လာဟ်နှင့် ပတ်သက်၍ အငြင်းအခုံ ပြုလုပ်လေ့ရှိကြသည်” (ကုရ်အာန် ၃၁း၂၀)
“ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိုးကောင်းကင်များ၌ ရှိသမျှကို လည်းကောင်း၊ ကမ္ဘာဂြိုဟ်ဝယ် ရှိသမျှကို လည်းကောင်း၊ အလုံးစုံတို့ကို မိမိ၏ အထံတော်မှ အသင်တို့၏ လက်အောက်ခံ ဖြစ်စေတော်မူခဲ့၏။ ဧကန်မလွဲ ထိုသည်တို့၌ စဉ်းစား ဆင်ခြင်ကြသော သူတို့အဖို့ အမှန်ပင် သက်သေလက္ခဏာများရှိ၏” (ကုရ်အာန် ၄၅း၁၃)
အလ္လာဟ်သည် လူသားတို့ကို ခလီဖဟ် ကိုယ်စားလှယ် အဖြစ်ခန့်အပ်ရာတွင် ကျန်အရာခပ်သိမ်းတို့ကို လူသား၏ လက်အောက်ခံအဖြစ်ပြုလုပ်ထား ပေးတော်မူ၏။ စင်စစ် စကြဝဠာ ခပ်သိမ်း၊ နေ၊ လ ဂြိုဟ် နက္ခတ်တာရာများ၊ ပင်လယ်သမုဒ္ဒရာများ၊ သက်ရှိသက်မဲ့ ခပ်သိမ်းတို့သည် လူသားတို့က ကြောက်ရွံ့ ကိုးကွယ်ရာများ မဟုတ်။ လူသားတို့၏ ဘဝကံကြမ္မာကို လွှမ်းမိုး ချယ်လှယ်နိုင်စွမ်း မရှိ။ လူသားကသာလျင် ကျန်ရုပ်ဝတ္ထု အရာခပ်သိမ်းကို လွှမ်းမိုး ချယ်လှယ်နိုင်စွမ်းရှိ၏။ အရာခပ်သိမ်းမှာ လူသား၏ လက်အောက်ခံ၊ အသုံးချခံများသာ ဖြစ်ကြသည်။ လူသား၏ ကိုးကွယ်ရာ ကျေးဇူးတော်ရှင်မှာ အလ္လာဟ်သာဖြစ်၏ ။
သက်မဲ့ ရုပ်ဝတ္ထုမြေမှ စတင်ခဲ့ခြင်း
လူသား၏ ရုပ်နှင့်နဖ်စ် ဝိညာဉ်အဆင့်ဆင့် ပြောင်းလဲ တိုးတက်လာမှုကို ကုရ်အာန်၌…… “ထိုအရှင်မြတ်သည် မိမိဖန်ဆင်းတော်မူခဲ့သော အရာဝတ္ထုတိုင်းကို ကောင်းမွန်စွာ ပြုလုပ်ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် ထိုအရှင်မြတ်သည် လူသားအား စတင်ဖန်ဆင်း ထင်ရှားဖြစ်ပေါ် စေတော်မူခြင်းကို “သွီးန်” ရွံ့ညွံဖြင့် အစပြုတော်မူခဲ့၏” (ကုရ်အာန် ၃၂း၇)
လူသား၏ ရုပ်ခန္ဓာသည် ရွံ့ညွံသို့မဟုတ် ပထဝီမြေ၏ အပိုင်းအစသာ ဖြစ်၏။ ထိုပထဝီမြေ ရုပ်ပစ္စည်းသည်ပင်လျင် အလ္လာဟ်၏ ဖန်ဆင်းခံသာဖြစ်၏။ (၂း၁၁၇)။ သက်ရှိအားလုံးတို့၏ အစမှာ ရေမှဖြစ်ကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။(၂၁း၃၀)။
ကုရ်အာန်ကျမ်းမြတ်တွင် မကြာခဏ ဖော်ပြနေသော လူသားကို (သုရာဘ်)မြေမှ ဟူ၍ လည်းကောင်း (၂၂း၅) ရွံ့နွံမှ ဟူ၍လည်းကောင်း (၃၂း၇)၊ မြေ၏ အဆီအနှစ်မှ ဟူ၍ လည်းကောင်း (၂၃း၁၂) ပုံသွင်းပြီးသော အသံမြည်သော ရွံခြောက်မှဟူ၍ လည်းကောင်း (၁၅း၂၆)၊ မြေအိုး၊ အိုးခြမ်းကွဲပမာ အသံမည်သော ရွံခြောက်မှဟူ၍ လည်းကောင်း (၅၅း၁၄) ထင်ရှား ဖြစ်ပေါ်စေသည်ဟု ဆိုရာတွင် လူသား၏ ခန္ဓာကိုယ်တွင် ကမ္ဘာ့ ပထဝီမြေပေါ်၊ မြေအောက်ရှိရေ၊ မြေ၊ လေ၊ မီး၊ အာကာသဓာတ်များ အပါအဝင် ခန္ဓာကိုယ်နှင့် သက်ဆိုင်သောရုပ်ကလာပ်ဝတ္ထုပစ္စည်းများနှင့် သက်မဲ့ ဝတ္ထုပစ္စည်းများ (Organic And Inorganic Substances) ဖြင့် ဖန်ဆင်းရှင် အလ္လာဟ်က စတင်ဖွဲ့စည်း ဖန်ဆင်းပြုလုပ်ကြောင်းကို ဖော်ပြခြင်းဖြစ်ပေသည်။
“ထိုအရှင်မြတ်သည်သာလျင် သက်မဲ့အရာမှ သက်ရှိများကို ထုတ်တော်မူလေသည်။ ထို့ပြင် ထိုအရှင်မြတ်သည် သက်ရှိများမှ သက်မဲ့အရာများကို ထုတ်တော်မူသော အရှင်မြတ်လည်း ဖြစ်၏” (ကုရ်အာန် ၆း၉၅)
မိုးကောင်းကင်များနှင့် ပထဝီမြေ၏ အစကိုမရှိရာမှ ရှိရာသို့ အဆင့်ဆင့် ဖန်ဆင်းတော်မူခြင်းကို ဖော်ပြခဲ့ပြီး ဖြစ်သည်။ (၂း၁၁၇)
ယခု ထိုသက်မဲ့ ရုပ်ဝတ္ထုမြေမှ သက်ရှိကို အလ္လာဟ်သာလျင် ပြုစွမ်းနိုင်တော်မူသည်။ ထိုကဲ့သို့လူသားကို မြေမှ စတင်ထင်ရှား ဖြစ်ပေါ်စေသော အလ္လာဟ်၏ သက္ကဒီရ်သတ်မှတ်ချက်တို့သည် လူသားမျိုးဆက်အားလုံးပြန့်ပွားမှုတွင် သဘာဝတရားအဖြစ် အစဉ်အဆက် ဖြစ်ပေါ်နေပေတော့သည်။

No comments:

Post a Comment