Thursday 23 August 2012

အလုပ်သည်သာ ဂျန္နသ်ပို့မည့် ကံတရား

အလုပ်သည်သာ ဂျန္နသ်ပို့မည့် ကံတရား လူ့သဘာဝနှင့်အညီ အလ္လာဟ်ချပေးထားသော ကုရ်အာန်ကျမ်းမြတ်၏ လမ်းညွှန်တို့သည် လူသား၏ နဖ်စ်ဝိညာဉ်ကို ဖွံ့ဖြိုးတိုးတက်စေ၍ တည်ငြိမ်မျှတသော လူ့အဆောက်အအုံ ဖွဲ့စည်းမှုကို ဖြစ်စေသည်။ ထို့အတူ ဖွံ့ဖြိုးတိုးတက်နေသော လူသား၏ နဖ်စ်သည် သေခြင်းတရားအပြီး တမလွန်တွင် ပို၍မြင့်မားသော အခြေအနေ အဆင့်အတန်း (ဂျန္နသ်) သို့ ဝင်ရောက်နိုင်စွမ်း ရှိလေသည်။ သို့သော် မဖွံ့ဖြိုးသော နဖ်စ်အတွက်မူ သေပြီးနောက် ပို၍ မြင့်သောအဆင့်သို့ ဝင်ရောက်နိုင်စွမ်း မရှိတော့ဘဲ ဂျဟန္နမ် ဒုက္ခမီးနှင့်သာ ရင်ဆိုင်ရပေတော့သည်။ ဂျန္နသ်သည် နိစ္စထာဝရ ပြီးပြည့်စုံသော ဒုက္ခကင်းဝေးသော ငြိမ်းချမ်းမှု အခြေအနေ ဖြစ်ပေသည်။
“စင်စစ် ဤသည်ကား နိစ္စထာဝရ ပြီးပြည့်စုံသော ငြိမ်းချမ်းအောင်မြင်မှု ဂျန္နသ်ဖြစ်သည်။ အသင်တို့သည် မိမိတို့ (လောကီ၌) ကျင့်မူခဲ့ကြသော ကောင်းမှုများကြောင့် ယင်းဂျန္နသ်ကို အမွေအဖြစ် ချီးမြှင့် ပေးသနားတော်မူခြင်း ခံကြရပေပြီ” (ကုရ်အာန် ၄၃း၇၂)
“(ဤဂျန္နသ်သည်) ၄င်းတို့ ကျင့်မူခဲ့ကြသော အကျင့်အမူတို့၏ အစားပေးခြင်း ဖြစ်ပေသည်” (ကုရ်အာန် ၄၆း၁၄)
“ပင်ပန်ကြီးစွာ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသော သူတို့၏အကျိုးအား လွန်စွာကောင်းမြတ်လှပါဘိတကား…” (ကုရ်အာန် ၂၉း၅၈)
အထက်ပါ ကုရ်အာန်၏ အာယာသ်တော်များအရ၊ ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဆိုနေရုံ သက်သက်ဖြင့် ဂျန္နသ်မရနိုင်၊ ကုရ်အာန်၏လမ်းညွှန်အတိုင်း ရုန်းကန်၍ ဘဝတည်ဆောက်မှသာ ဂျန္နသ်ရနိုင်ပေသည်။ ဤသည်မှာ အလ္လာဟ်၏ သက္ကဒီရ် သတ်မှတ်ချက်ဖြစ်၏။ အလုပ်မလုပ်သူ၊ အချောင်လိုက်သူတို့ ဂျန္နသ် မရနိုင်၊ အဘယ့်ကြောင့်ဆိုသော် လူတိုင်းသည် ဂျန္နသ်ဝင်နိုင်သော အရည်အချင်းရှိကြောင်း ပြုကြရပေမည်။
“အသင်တို့အနက် (အလ္လာဟ်၏ လမ်းတော်တွင်) သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခြင်း၊ အခက်အခဲများတွေ့ကြုံစဉ် ကြံ့ခိုင်မှု (ဆွဘရ်) တရားထားရှိခြင်း၊ အလ္လာဟ်၏ အသိအမှတ်ပြုတော်မူခံရခြင်းတို့ မရှိဘဲ အသင်တို့သည် ဂျန္နသ်သို့ (အလွယ်တကူ) ဝင်ရောက်နိုင်ကြလိမ့်မည်ဟု ထင်မှတ်နေကြသလော့” (ကုရ်အာန် ၃း၁၄၂)
ဂျန္နသ်အတွက် ပေးရမည့်တန်ဖိုး
လူသားတစ်ဦးချင်းအတွက် နိစ္စထာဝရ ပြီးပြည့်စုံသော အောင်မြင်ငြိမ်းချမ်းမှု ဂျန္နသ်အတွက်ပေးရမည့် တန်ဖိုးမှာ ၄င်း၏အသက်နှင့် ပိုင်ဆိုင်မှုအားလုံးဖြစ်သည်။ ဤသည်မှာ အလ္လာဟ်ကို သက်ဝင်ယုံကြည်သူ အားလုံးအား အလ္လာဟ်က တောင်းဆိုမှုဖြစ်ပြီး အလ္လာဟ့် ဥပဒေ၏ စာချုပ်ဖြစ်သည်။
“စင်စစ် အလ္လာဟ်သည် မုအ်မင် သက်ဝင်ယုံကြည်သူတို့ထံမှ ထိုသူတို့၏ အသက်များကို လည်းကောင်း၊ ထိုသူတို့၏ ဥစ္စာပစ္စည်းများကို လည်းကောင်း ထိုသူတို့အဖို့ ဂျန္နသ်ကို အစားထိုးပေးရန်ဟူ၍ ဝယ်ယူတော်မူခဲ့လေသည်” (ကုရ်အာန် ၉း၁၁၁)
မိမိ၏ အသက်ဝိညာဉ်သည် လည်းကောင်း၊ ဥစ္စာပစ္စည်းတို့သည် လည်းကောင်း အလ္လာဟ်က ချီးမြှင့်ထားခြင်း ဖြစ်သည်။ လိုအပ်ပါက အလ္လာဟ်၏ လမ်းတော်တွင် အသုံးချရမည်ဖြစ်၏။ ဤလောကီနှင့်တမလွန်အကြားဝယ် သေခြင်းတံခါးဝသာ ခြား၏။ တစ်နည်းဆိုသော် တစ်ဆက်တည်းသာ ဖြစ်၏။ ထို့ကြောင့် အလ္လာဟ်၏လမ်းညွှန် ကုရ်အာန်ကို နာခံကျင့်သုံးသူအဖို့ ဤဘဝ၌ပင် ယာယီ ဂျန္နသ် စတင်လေတော့သည်။
“အလ္လာဟ်သည် အသင်တို့အနက် အီမာန် သက်ဝင်ယုံကြည်ပြီး အလ္လာဟ်၏ လမ်းညွှန်အတိုင်း ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြသူတို့အား (ဤသို့) ကတိပေးတော်မူသည်၊ ထိုအရှင်မြတ်သည် ၄င်းတို့အလျင် ရှိခဲ့ကြကုန်သော သူတို့အား (ကမ္ဘာဂြိုဟ်ဝယ်) အုပ်ချုပ်စေတော်မူခဲ့သည့်နည်းတူ ၄င်းတို့အားလည်း ကမ္ဘာဂြိုဟ်ဝယ် အုပ်ချုပ်မှုအမွေကို မုချပေးတော်မူမည်။ ထို့ပြင် ၄င်းတို့အဖို့ မိမိနှစ်သက်တော်မူသော (အစ္စလာမ်) ‘ဒီန်’ သာသနာတော်ကို ၄င်းတို့အကျိုးငှာ မြဲမြံခိုင်ခံ့ စေတော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် ၄င်းတို့၏အား ၄င်းတို့၏ စိုးရိမ်မှုအခြေအနေနောက်တွင်
လုံခြုံ ငြိမ်းချမ်းမှုကို ပြောင်းလဲ၍ ပေးတော်မူမည်” (ကုရ်အာန် ၂၄း၅၅) အထက်ပါ အာယာသ်တော်အရ မုစ်လင်မ်တို့၏ ဘဝအခြေအနေ နိမ့်ကျမှု၊ စိုးရိမ်ပူပန်မှုတို့သည် အလ္လာဟ်၏အမိန့် ကုရ်အာန်ကို မကျင့်သုံး၍သာ ဖြစ်သည်။
ဂျီဟာဒ်
ထိုကဲ့သို့ ကမ္ဘာဂြိုဟ်၌ အုပ်ချုပ်မှုအမွေကိုရခြင်း၊ ဘဝအခြေအနေ လုံခြုံ ငြိမ်းချမ်းသာယာခြင်းတို့သည် လူသား၏ ပန်းတိုင်မဟုတ်ချေ။ လူ့အဆောက်အအုံတွင် သာယာလှပမှု၊ မှန်ကန်မျှတမှုတို့ကို ဆက်လက်မြှင့်တင်ရန် အုတ်မြစ်ချရခြင်းသာ ဖြစ်သည်။
“အကယ်၍ ငါအရှင်မြတ်က ထိုသူတို့အား ကမ္ဘာဂြိုဟ်ဝယ် လွှမ်းမိုးအုပ်စိုးမှုကို ပေးတော်မူခဲ့ပါလျှင် ၄င်းတို့သည် ဆွလာသ် တည်ဆောက်ကြပေမည်။ ၄င်းပြင် ဇကားသ်များကိုလည်း (ဘဝနိမ့်ကျသူ လူသားတို့အခြေအနေ မြင့်မားလာရေးအတွက်) ပေးဆောင်ကြပေမည်။ အလ္လာဟ်၏လမ်းညွှန်အတိုင်း ကောင်းမြတ်သောကိစ္စတို့ကို အမိန့်ပေး ဆောင်ရွက်ကြပေမည်။ မကောင်းမှုများမှလည်း တားမြစ်ကြပေမည်” (ကုရ်အာန် ၂၂း၄၁)
“ဂျီဟာဒ်’ဟူသည် မိမိလိုရာ အရာဝတ္ထုတစ်ခု၏ ပန်းတိုင်ကို မိမိတွင်ရှိသော စွမ်းရည်အားလုံးဖြင့် သက်စွန့်ကြိုးပမ်း ဆောင်ရွက်မှုကိုခေါ်သည်။ မုစ်လင်မ်တို့အတွက် အလ္လာဟ်၏လမ်းညွှန်ဖြင့် ဘဝတည်ဆောက်မှုမှာ အရေးကြီး၏။ မည်မျှသေးငယ်သော ကိစ္စဖြစ်စေ၊ လိုရာပန်းတိုင်ရောက်ရေးအတွက် ကြိုးပမ်းမှုဂျီဟာဒ်ဖြစ်သည်။ လူသားတို့၏ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ အောင်မြင်ရေး ဆောင်ရွက်မှုတွင် ကိုယ်ကျိုးရှာအတ္တသမားတို့က ဆန့်ကျင်ကြမည်သာ ဖြစ်၏။ အစ္စလာမ်သာသနာ ဘဝတည်ဆောက်မှု လမ်းစဉ်တွင် အဓမ္မစနစ် မရှိပါ။ (ကုရ်အာန် ၂း၂၅၆)
သို့သော် မိမိကိုယ် ဆန့်ကျင် တိုက်ခိုက်လာသူကိုမူ ခုခံခွင့် ပေးထားပေသည်။ ၄င်း ခုခံစစ်ကို ‘ကိသာလ်’ ဟုခေါ်သည်။ အလ္လာဟ်၏ လမ်းတွင် ခုခံတိုက်ခိုက် ကာကွယ်မှု ကိသာလ်သည် ဂျီဟာဒ်၏ အစိတ်အပိုင်းမျှသာ ဖြစ်၏။ အစ္စလာမ်တွင် ကျူးကျော်မှု အဓမ္မမှု လုံးဝခွင့်မပြုပါ။
သို့သော် အစ္စလာမ်ကို ဆန့်ကျင်လိုသူတို့က ဂျီဟာဒ် ဟူသည် အစ္စလာမ်သာသနာပြုရန် အဓမ္မ စစ်ဆင်နွှဲခြင်း ဖြစ်သည်ဟူ၍ လွဲမှားစွာ ဖော်ပြကြလေသည်။ စင်စစ် ဂျီဟာဒ်သည် အလ္လာဟ်၏ ဒီန်သာသနာနှင့် လမ်းညွှန်အတွက် လွတ်လပ်သော လူ့အခွင့်အရေးဖြင့် သက်စွန့်ကြိုးပမ်း ဆောင်ရွက်မှုနှင့် လိုရာပန်းတိုင် ရောက်ရေးအတွက် မဆုတ်မနစ်၊ ကြံ့ခိုင်စွာ ကြိုးပမ်း အလုပ်လုပ်ခြင်းသာ ဖြစ်ပေသည်။

No comments:

Post a Comment