Thursday, 23 August 2012
အခန်း (၁၇) တရားမျှတမှု
အခန်း (၁၇)
တရားမျှတမှု
“ထို့ပြင် ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် ထိုသူတို့အနက် အချို့ကို အချို့ဖြင့် စမ်းသပ်တော်မူလေသည်” (ကုရ်အာန် ၆း၅၃)
“အလ္လာဟ်သည် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိုသူ၏ စွမ်းအားထက်ပို၍ တာဝန်ပေးတော်မမူချေ” (ကုရ်အာန် ၂း၂၈၆)
“ထိုနေ့တွင် ထိုအရှင်မြတ်သည် ၄င်းတို့အား (ရှင်ပြန်ထစေပြီး နောက် မိမိထံတော်သို့) စုရုံးတော်မူပေမည်။ ထိုအခါ ၄င်းတို့သည် (လောက ကမ္ဘာမြေ၌) နေ့၏ တစ်နာရီခန့်မျှသာ နေခဲ့ကြသည် (ဟုထင်မှတ်ကြပေမည်)” (ကုရ်အာန် ၁၀း၄၅)
တရားမျှတမှု
အလ္လာဟ်သည် ဤလောက၌ တစ်ဦးကို တစ်ဦးထက် သာလွန်ပေးထားမှုကိုလည်း တရားမျှတမှုကို အခြေခံ၍ ခေတ္တသာ ပေးထားခြင်း ဖြစ်၏။ ရုပ်ရည်၊ စည်းစိမ်၊ အာဏာ၊ ပညာတို့သည် အချိန်မရွေး ပြောင်းလဲသွားနိုင်သည်။ လူသားတိုင်းကိုလည်း ၄င်း ထမ်းနိုင်သော ဝန်ထက်ပို၍ တာဝန်မပေး၊ မစမ်းသပ်ချေ။ မည်သူမဆို မိမိရောက်ရှိနေသော ပတ်ဝန်းကျင်တွင် မိမိ၌ရှိထားသော အရည်အချင်း အဆင့်အတန်းဖြင့် အလ္လာဟ်၏ လမ်းညွှန် ကုရ်အာန်အတိုင်း ကျင့်သုံးပါက ဤဘဝ၌လည်း အောင်မြင်မှုရပြီး တမလွန်တွင်လည်း ထာဝရငြိမ်းချမ်းသော မှန်ကန်သည့် အဆင့်ရပေမည်။ တမလွန်၏ ထာဝရအဆင့်အတန်းကိုမူကား ဤလောက၌ အလ္လာဟ်ကို မည်မျှ ချစ်ကြောက်ရိုသေ၍ အမိန့်နာခံမှု အပေါ်၌သာ ဆုံးဖြတ်ပေမည်။ ဤလောက၏ ရုပ်ရည်၊ စည်းစိမ်၊ ပညာ၊ အာဏာ အဆင့်အတန်းတို့ဖြင့် ဆုံးဖြတ်မည် မဟုတ်ချေ။
ဆင်းရဲသားတစ်ဦး၏ ငါးပြားအလှူသည် သူကြွယ်တစ်ဦး၏ ငါးထောင်အလှူနှင့် ညီမျှကောင်း ညီမျှပေမည်၊ သာကောင်း သာမည်။ မိမိနိုင်သော ဝန်အလိုက် အမှန်အကန်ဆုံးနီယာသ် (ရည်စူးချက်) စေတနာသည်သာ အဓိက ဖြစ်ပေသည်။ ဤလောကတွင် ‘ငါပိုင်’ဟူ၍ လုံးဝ မရှိ၊ စည်းစိမ်၊ အာဏာ၊ ပညာ၊ ရုပ်ခန္ဓာအားလုံးသည် အလ္လာဟ်ပိုင်များသာ ဖြစ်၏။ အလ္လာဟ်၏ လမ်းညွှန်အတိုင်းသာ အသုံးချရပေမည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment