Thursday, 23 August 2012

သက္ကဒီရ်နှင့် အလ္လာဟ်၏ ဉာဏ်တော်

သက္ကဒီရ်နှင့် အလ္လာဟ်၏ ဉာဏ်တော် သက္ကဒီရ်နှင့် ကံအကြောင်း လေ့လာရာတွင် (၁) လူသား၏ လွတ်လပ်စွာ ရွေးချယ်လုပ်ပိုင်ခွင့်၏ အတိုင်းအတာ၊ (၂) အလ္လာဟ်၏ အကြွင်းမဲ့ တတ်စွမ်းနိုင်တော်မူသော ဘုန်းတော်၊ အကြွင်းမဲ့ သိတော်မူသော ဉာဏ်တော်နှင့်၊ (၃) တမလွန်နှင့် ဤရုပ်လောကတို့၏ အချိန်နှင့် အာကာသ လျှိ့ဝှက်ဆန်းကျယ်မှုတို့ကို ယှဉ်တွဲဆင်ခြင်ရပေမည်။ သို့မဟုတ်က နားလည်မှု ရှုပ်ထွေးသွားပေလိမ့်မည်။
ဖန်ဆင်းခံ ရုပ်လောကသည် အချိန်နှင့် အာကာသ ကန့်သတ်မှုအတွင်းမှ ဖြစ်၏။ ဖန်ဆင်းရှင် အလ္လာဟ်သည် နိစ္စထာဝရ ပြီးပြည့်စုံနေတော်မူ၏။ အလ္လာဟ်ကို အချိန်ဖြင့် ကန့်သတ်၍ မရ၊ အာကာသဖြင့် ကန့်သတ်၍လည်း မရချေ။ အချိန်နှင့် အာကာသသည်ပင်လျှင် အလ္လာဟ်၏ ဖနဆင်းခံများသာ ဖြစ်၏။ ထို့ကြောင့် ကုရ်အာန်၏ နေရာများစွာတို့တွင် တမလွန်ဘဝ၌ လူတို့က ဤလောကီတွင် နာရီပိုင်း အချိန်ပိုင်းမျှသာ နေခဲ့သည်ဟု ထင်ကြလိမ့်မည်ဟု ဆိုထားခြင်း ဖြစ်သည်။ (ကုရ်အာန် ၂း၂၅၉။ ၁၇း၅၂။ ၁၈း၁၉။ ၂၀း၁၀၃။ ၂၃း၁၁၂။ ၃၀း၅၅)
ထို့ကြောင့် အလ္လာဟ်၏ ဘုန်းတော်၊ ဂုဏ်တော်၊ ဉာဏ်တော်အနန္တတို့ကို အချိန်အကန့်အသတ် (အတိတ်၊ ပစ္စုန်၊ အနာဂတ်)ဖြင့် ပြော၍လည်းမရ၊ အာကာသ (နေရာ)ကန့်သတ်ချက်ဖြင့် ဖော်ပြ၍လည်း မရချေ။ ဥပမာ အလ္လာဟ်၏ ဉာဏ်တော်ကို ဖော်ပြရာတွင် အတိတ်က အလ္လာဟ်သည် မည်သို့သိသည်၊ ယခု ပို၍သိလာသည်။ အနာဂတ်ကို ကြို၍ သိသည် စသည်ဖြင့် ဆို၍မရ၊ နိစ္စထာဝရ ပြီးပြည့်စုံသော အလ္လာဟ်၏ ဉာဏ်တော်ကို အချိန်အကန့်အသတ်အတွင်း ထည့်၍ အတိုးအလျော့ပြု၍ ဖော်ပြ၍ မရချေ။ ထို့အတူ အလ္လာဟ်တွင် ဂုဏ်တော် ဘယ်နှစ်ခုသာ ရှိပါသည်ဟူ၍ ကန့်သတ်ဖော်ပြ၍ မရချေ။
သို့သော် ရုပ်လောကမှ လူသားတို့သည် အချိန် ကန့်သတ်မှု၊ အာကာသ ကန့်သတ်မှုများအတွင်း၌ နေရ၏။ လူသား၏ ဉာဏ်နှင့် ဆင်ခြင်တုံတရားတို့သည် အကန့်အသတ်အတွင်း၌သာရှိ၏။ အလ္လာဟ်နှင့် အလ္လာဟ်၏ ဂုဏ်တော်၊ ဉာဏ်တော်၊ ဘုန်းတော်တို့၏ သဘာဝကိုသော် လည်းကောင်း အချိန်နှင့် အာကာသ ကန့်သတ်မှု မရှိခြင်း၏ လျှိ့ဝှက်ဆန်းကြယ်မှုကို လည်းကောင်း လွှမ်းခြုံသိနိုင်စွမ်း မရှိချေ။
ထို့ကြောင့် ‘အလ္လာဟ်သည် အကြွင်းမဲ့ သိတော်မူသော ဉာဏ်တော်အရှင် ဖြစ်ပါလျှင် လူသားတစ်ဦးသည် ဂျန္နသ် (သို့တည်းမဟုတ်) ဂျဟန္နမ်ရောက်မည်ကို ကြို၍ မသိပါသလော’ ဟူသော မေးခွန်းအတွက်လည်း အလ္လာဟ်၏ ဉာဏ်တော်ကို ကြို၍ နောက်ကျ၍ သိသည် စသည်ဖြင့် ဖော်ပြ၍ မရချေ။ အလ္လာဟ်သည် အရာခပ်သိမ်းကို ကန့်သတ်မှုမရှိဘဲ အကြွင်းမဲ့ သိသည်မှာ အမှန်ပင် ဖြစ်သည်။
ထို့ကြောင့် အချိန်၊ အာကာသ ကန့်သတ်မှုမရှိသော အလ္လာဟ်က အချိန် အာကာသ ကန့်သတ်မှုရှိသော ရုပ်လောကရှိ လူသားတို့ကို ဆက်သွယ်ရာတွင် အလ္လာဟ်၏ ဉာဏ်တော်သည် အကြွင်းမဲ့သိတော်မူသည်ဟု ဖော်ပြရန်အတွက် ‘အလ္လာဟ်သည် အရာခပ်သိမ်းကို သိတော်မူ၏’ ‘မှတ်တမ်းတော်စာအုပ်ကြီးတွင် မှတ်ထားပြီး ဖြစ်၏’‘လောင်ဟီမဟ်ဖုဇ် သင်ပုန်းတော်တွင် ရေးသားထားပြီးဖြစ်သည်’ စသည်ဖြင့် ဥပမာ တင်စားဖော်ပြထား၏။ ဤသည်မှာ အချိန်၊ အာကာသ သဘာဝမတူသော အခြေအနေနှစ်ခု ဆက်သွယ်ရာတွင် နားလည်အောင် ဥပမာပေးခြင်းသာ ဖြစ်၏။
သို့သော် အလ္လာဟ်သည် အရာခပ်သိမ်းကို အကြွင်းမဲ့သိတော်မူသော ဉာဏ်တော်ရှင် ဖြစ်သလို ဤရုပ်လောကအတွင်း၌ လူသားကို အလ္လာဟ်၏ထံတော်မှ ရူဟ်ဝိညာဉ်စွမ်းအင် ထည့်သွင်းပေး၍ အကန့်အသတ်အတွင်းမှ လွတ်လပ်စွာ ရွေးချယ်ပြုပိုင်ခွင့် ပေးထားသည်မှာလည်း အမှန်ပင် ဖြစ်သည်။ လူသားသည် မိမိ၏ ကောင်းမှု၊ မကောင်းမှု လုပ်ရန်အတွက်သာ ဂျန္နသိ သို့တည်းမဟုတ် ဂျဟန္နမ်အစားပေးခြင်း ခံရမည်စု ဆိုထားသည်။ လူသား၏ ပြစ်မှုကျူးလွန်မှုသည် လူသား၏ လုပ်ရပ်သာ ဖြစ်၏။ အလ္လာဟ်၏မှတ်တမ်းစာအုပ်တော်ကြီးတွင် သက္ကဒီရ် သတ်မှတ် ရေးသားထား၍ မဟုတ်။ လူသား၏ လွတ်လပ်စွာ ရွေးချယ်ပြုလုပ်မှုကြောင့်သာ ဖြစ်သည်ဟု အလ္လာဟ်က ဆိုသည်။
အကယ်၍သာ အလ္လာဟ်သည် လူသားတစ်ဦးချင်း အတွက် ဂျန္နသ် (သို့မဟုတ်) ဂျဟန္နမ်သတ်မှတ်ထားပြီး ဖြစ်က လူသားကို ဆင်ခြင်တုံတရားနှင့် လွတ်လပ်စွာ ရွေးချယ်လုပ်ပိုင်ခွင့် ပေးထားခြင်း၊ တမန်တော်များပွင့်၍ တရားများပေးခြင်း၊ ကိယာမသ် ရှင်ပြန်ထကြရ၍ တရားစီရင် စစ်ဆေးခြင်း စသည်တို့မှာ အဓိပ္ပယ် မရှိတော့ချေ။
လူသား၏ လွတ်လပ်စွာပြုပိုင်ခွင့်နှင့် သက္ကဒီရ်
အချိန်နှင့် အာကာသ ကန့်သတ်ချက်မရှိသော နိစ္စထာဝရရှင် အလ္လာဟ်ရှိကြောင်းကို အလ္လာဟ်၏ ဂုဏ်တော်များကြောင့် ဖြစ်ပေါ် ထင်ရှားလာသော သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့အတွင်းရှိ အလ္လာဟ်၏ လက်ရာတော် သက်သေ လက္ခဏာတော်များမှတစ်ဆင့် လူသားတို့သိနိုင်သည်။ ထို့အတူ အလ္လာဟ်၏ အမရ်စီမံမှုအမိန့်တော်နှင့် သက္ကဒီရ် သတ်မှတ်ချက် သဘောတရားတို့ကိုလည်း အလ္လာဟ်ရှိကြောင်း သက်သေ ကုရ်အာန်ကျမ်းမြတ်မှ တစ်ဆင့်သော် လည်းကောင်း၊ လူသားကိုယ်တိုင်သည်ပင် လွတ်လပ်စွာ ရွေးချယ်ပြုပိုင်ခွင့်ရနေခြင်းမှ သော်လည်းကောင်း နားလည်နိုင်၏။
ဥပမာ အသင်၏ခြေထောက်သည် ကောင်းမှုပြုရန် သွားနိုင်သလို မကောင်းမှုပြုရန်လည်း သွားနိုင်၏။ အသင်၏ ပါးစပ်သည် ကောင်းသောစကားမွန် ပြောနိုင်သလို ဆဲရေးတိုင်းထွာနိုင်၏။ အသင်၏ စိတ်သည် ကောင်းရာတွေးနိုင်သလို မကောင်းမှုကိုလည်း တွေးနိုင်၏။ ဤသည်တို့မှာ အလ္လာဟ်ပေးထားသော လွတ်လပ်စွာ ရွေးချယ်ပြုပိုင်ခွင့်များပင် မဟုတ်ပါလော။ အသင် ရွေးချယ် ပြုလုပ်သော ကောင်းမှု မကောင်းမှုသည်သာ အသင်ခံစားရမည် ဖြစ်ပေသည်။
နိစ္စထာဝရပြီးပြည့်စုံနေသော ဖန်ဆင်းရှင် အလ္လာဟ်နှင့် အလ္လာဟ်၏ လုပ်ရပ်သဘာဝတို့ကို အချိန်၊ အာကာသ ကန့်သတ်မှုအတွင်း ရုပ်လောက မပြီးမပြည့်စုံသော လူသား၏ဉာဏ်ဖြင့် ငြင်းခုံနေမည့်အစား အလ္လာဟ်ပေးထားသော ဆင်ခြင်တုံတရား၊ ဉာဏ်လွှာ အဆင့်ဆင့်တို့ဖြင့် ဖန်ဆင်းခံလောကခပ်သိမ်းအတွင်းမှ အလ္လာဟ်၏ သက်သေလက္ခဏာများကို ကြည့်ခြင်း၊ ခေတ်တိုင်းအတွက် အလ္လာဟ်ချပေးထားသော အံ့ဖွယ်သက်သေလက္ခဏာ ကုရ်အာန်ကျမ်းမြတ်ကို လေ့လာခြင်း၊ အလ္လာဟ်ပေးထားသော လွတ်လပ်စွာ ရွေးချယ်ပြုပိုင်ခွင့် အလ္လာဟ်ကို ဆင်ခြင်လက္ခံ၍ ကောင်းမှုပြုခြင်း၊ ပြစ်မှုရှောင်ခြင်းတို့ကို ပြုရမည် ဖြစ်ပေသည် မတူညီသော သဘာဝနှစ်ခုကို အတွင်းနှိုင်းယှဉ် ဆင်ခြင်နေမည့်အစား မိမိဉာဏ်မီသော ဖန်ဆင်းခံ မိမိတို့၏ သဘာဝ အတွင်းမှ အလ္လာဟ်ရှိကြောင်း သက်သေများကိုသာ ရှာဖွေဆင်ခြင်အပ်ပေသည်။
အလ္လာဟ်၏ စီမံကိန်းနှင့် သက္ကဒီရ်
“အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား လမ်းမှား၌ပင် ထားရှိတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူအား တရားလမ်းမှန်ကို ပြတော်မူ၏” (ကုရ်အာန် ၁၄း၎) “အလ္လာဟ်သည် ထို(ငြင်းပယ်) သူတို့၏ စိတ်နှလုံးများနှင့် နားများအပေါ်၌ တံဆိပ်ခတ်နှိပ်တော်မူလိုက်လေပြီ၊ မျက်စိများအပေါ်၌လည်း အကာအကွယ် ရှိနေစေသည်။ ထို့နောက် ထိုသူတို့အဖို့ ကြီးလေးသော အပြစ်ဒဏ်သည်လည်း အသင့်ရှီချေပြီ” (ကုရ်အာန် ၂း၇)
ကုရ်အာန်ကျမ်းမြတ်တွင်း၌ အထက်ပါ အာယာသ်တော်များနှင့် ဖော်ပြပုံတူသော အာယာသ်တော်များစွာ ရှိသည်။ ဆိုလိုချက်မှာ အလ္လာဟ်သည် လူသားတစ်ဦးချင်းအတွက် သက္ကဒီရ် ကြိုတင်သတ်မှတ်ထား၍ မိမိ အလိုမတူသူတို့ကို လမ်းမှားပို့ခြင်း၊ တံဆိပ်ခတ်ခြင်း၊ စသည်တို့ကို ပြုခြင်း မဟုတ်ချေ။ အလ္လာဟ်၏ အလိုတော်ဆန္ဒအရ သက္ကဒီရ် သတ်မှတ်ချက်မှာ အလ္လာဟ်နှင့် အလ္လာဟ်၏ ဝဟီလမ်းညွှန်ကို လက္ခံသူသည် လက္ခံခြင်းအတွက် မှန်ကန်ကောင်းမွန်သော အကျိုးဆက်များကို ခံစားရမည်။ ငြင်းပယ်သူသည် ငြင်းပယ်ခြင်းအတွက် မှားယွင်းမှုနှင့် ဆိုးကျိုးကို နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ခံစားရမည်။ အလ္လာဟ်၏ ထိုသတ်မှတ်ချက်နှစ်မျိုးကို လူသား၏ လွတ်လပ်စွာ ရွေးချယ်လုပ်ပိုင်ခွင့်ဖြင့် ရွေးချယ်နိုင်၏။ အလ္လာဟ်နှင့် အလ္လာဟ်၏ ဝဟီလမ်းညွှန်ကို မိမိ၏ ဆန္ဒအလျောက် ငြင်းပယ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးနှင့် အမှားရင်ဆိုင်ရခြင်းသည် အလ္လာဟ်က ကြိုတင်သတ်မှတ်ထား၍ မဟုတ်ချေ။ လမ်းမှားကို လူသား၏ ရွေးချယ်မှုနှင့် လုပ်ရပ်ကြောင့်သာ ဖြစ်၏။
ထို့ကြောင့် လူသားကိုယ်တိုင်က စတင်၍ အလ္လာဟ်နှင့် အလ္လာဟ်၏ လမ်းညွှန်ကို မငြင်းပယ်သမျှ အလ္လာဟ်၏ အလိုဆန္ဒဖြင့် သတ်မှတ်ထားသော ဆိုးကျိုး မသက်ရောက်နိုင်၊ လူသားကိုယ်တိုင်က စတင်၍ အလ္လာဟ်နှင့် လမ်းမှန်ရှာသူအတွက် အလ္လာဟ်၏ အလိုဆန္ဒသတ်မှတ်ချက်အရ ကူညီတော်မူမည်။
“မိမိကိုယ်မိမိ မပြောင်းလဲသမျှ ကာလပတ်လုံး အလ္လာဟ်ကလည်း မုချဧကန် ၄င်းတို့ (၏ အခြေအနေ)ကို ပြောင်းလဲပေးမည် မဟုတ်ချေ။ (ကုရ်အာန် ၁၃း၁၁)

No comments:

Post a Comment