Thursday, 23 August 2012

သက္ကဒီရ်နှင့် ဝဟီလမ်းညွှန်

သက္ကဒီရ်နှင့် ဝဟီလမ်းညွှန် အလ္လာဟ်အရှင်မြတ်သည် သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့ကို သက္ကဒီရ် စီရင်သတ်မှတ်ချက်ပြုပြီး ထင်ရှားဖြစ်ပေါ်စေလေသည်။ အလ္လာဟ်သည် ဖန်ဆင်းခံ အရာခပ်သိမ်းကို ယင်းတို့ ဖန်ဆင်းခံရသည့် သဘာဝနှင့် လျော်ညီစွာ ကျင့်ကြံနေနိုင်ရန်လည်း နေသားကျစွာ ပြုတော်မူ၏။ ထို့နောက် ယင်းဖန်ဆင်းခံ အသီးသီးထံသို့ ယင်းတို့ကို မည်သို့သော သဘာဝဖြင့် ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေထားသည်၊ မည်သည့် အတွက်ကြောင့် ဖန်ဆင်းထားသည်၊ မည်သို့ကျင့်ကြံနေထိုင်ကြရမည် စသည်တို့ကို ဝဟီလမ်းညွှန် အမိန့်တော်အသီးသီး ပို့ချလေသည်။
သက်မဲ့လောက (ရုပ်နှင့်စွမ်းအင်)တွင် အက်တမ်အဏုမြူမှုန်ကလေးမှစ၍ နေ၊ လ၊ ကမ္ဘာ၊ နက္ခတ်တာရာများ၊ ဂလက်ဆီကြီးများနှင့် စကြဝဠာခပ်သိမ်းတို့သည် အလ္လာဟ်ထံမှ ဝဟီလမ်းညွှန်ကို ရုပ်ဥပဒေသများအဖြစ် ရကြ၏။ ၄င်းတို့ကို အလ္လာဟ်က လွတ်လပ်စွာ ရွေးချယ်လုပ်ပိုင်ခွင့်နှင့် ဆင်ခြင်တုံတရား ပေးမထား၍ အလ္လာဟ်ထံမှ ဝဟီလမ်းညွှန် အမိန့်တို့ကို အရာအားလုံးက တစ်သဝေမတိမ်း နာခံဆောင်ရွက်နေကြသည်။ ဥပမာ နေ၊ လ၊ ကမ္ဘာနှင့် ကြယ်များသည် သတ်မှတ်ထားသော လမ်းများတွင် သတ်မှတ်ထားသော အလျင်ဖြင့် သတ်မှတ်ထားသော အချိန်များအတွင်း ပုံမှန်သွားလာနေကြသည်။ ၄င်းတို့အတွက် အလ္လာဟ်၏ သက္ကဒီရ် သတ်မှတ်ချက်သည် ပုံသေဖြစ်သည်။
ကမ္ဘာဂြိုဟ်ဝယ် တိရစ္ဆာန်အမျိုးအစားအသီးသီးတို့သည်လည်း ယင်းအသီးသီးတို့၏ သက်ဆိုင်ရာ သဘာဝနှင့်အညီ ကျင့်ကြံနေထိုင်ကြရန် အလ္လာဟ်ထံမှ ဝဟီလမ်းညွှန်ကို အသိစိတ်နှင့် ရုပ်ဥပဒေသများမှ တစ်ဆင့်ရကြသည်။ ထို့ကြောင့် တိရစ္ဆာန် ကျေးငှက်၊ ပိုးမွှား အားလုံးတို့သည် မိမိတို့ ဘာသာသဘာဝအလျောက် နာခံနေကြသည်။ ၄င်းတို့ကိုလည်း အလ္လာဟ်က ‘ဆင်ခြင်တုံတရားနှင့် လွတ်လပ်စွာရွေးချယ်လုပ်ပိုင်ခွင့်’ ပေးမထားသည့်အတွက် တိရစ္ဆာန်တို့သည်လည်း အလ္လာဟ့် ဝဟီကို ငြင်းပိုင်ခွင့်မရှိ၊ ၄င်းတို့အတွက် သက္ကဒီရ် သတ်မှတ်ချက်မှာလည်း ပုံသေသာဖြစ်သည်။
လူတစ်ဦးချင်း၏ နဖ်စ်ဝိညာဉ်အတွက် သက္ကဒီရ် (ကံ)
ရုပ်အဏုမြူမှုန်များဖြင့် ဖွဲ့စည်းထားသော လူသား၏ ရုပ်ခန္ဓာကိုယ်မှာ ရုပ်ဥပဒေသများမှတစ်ဆင့် အလ္လာဟ်ထံမှ ဝဟီလမ်းညွှန်ကို ရပြီးဖြစ်သည်၊ ထို့ကြောင့် ရုပ်ခန္ဓာကို ဖွဲ့စည်းထားသော ဆဲလ်များ၊ အသွေး၊ အသား၊ အရိုးစသည်တို့သည် မိမိတို့အတွက် သတ်မှတ်ထားရာ အင်္ဂါအစိတ်အပိုင်းများအဖြစ် ဖွဲ့စည်းထားကြ၍ သတ်မှတ်ထားရာ သဘာဝလုပ်ရပ်များကို နာခံဆောင်ရွက်နေကြပေသည်။
လူသား၏ နဖ်စ်ဝိညာဉ်အတွက် အလ္လာဟ်ထံမှ ဝဟီလမ်းညွှန် အမိန့်တော်တို့သည် လူသားတစ်ဦးချင်းထံ သီးခြားမပေးဘဲ လူသားနဗီ တမန်တော်များ ပွင့်စေကာ ၄င်းတို့မှ တစ်ဆင့် လူသားထုအား ပေးတော်မူ၏။ အလ္လာဟ်သည် လူသားကို တိရစ္ဆာန်တို့ထက် သာလွန်၍ ဆင်ခြင်တုံတရား၊ ဉာဏ်နှင့်လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ် လုပ်ပိုင်ခွင့်ကို ပေးထားသည်။ ထိုလွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ဖြင့် အလ္လာဟ်ထံမှ ဝဟီလမ်းညွှန် အမိန့်ကို လက္ခံမှုလည်း ပြုနိုင်၏။ ငြင်းပယ်မှုလည်း ပြုနိုင်၏။
“ထို့ပြင် ငါအရှင်မြတ်သည် ၄င်းအား (အကောင်းနှင့်အဆိုး) လမ်းနှစ်သွယ်ကို ညွှန်ပြတော်မူခဲ့ပေသည်” (ကုရ်အာန် ၉၀း၁၀) အလ္လာဟ်သည် မည်သည့် လူသားတစ်ဦးတစ်ယောက်ကိုမျှ ဂျန္နသ် ရောက်၍ နိစ္စထာဝရပြီးပြည့်စုံသော ငြိမ်းချမ်းမှု ခံစားရမည် သို့မဟုတ် ဂျဟန္နမ်ရောက်၍ ဒုက္ခပူလောင်မှု ခံရမည်ဟူ၍ ကြိုတင် သက္ကဒီရ် သတ်မှတ်ချက်မရှိပေ။ အလ္လာဟ်သည် လူသားတိုင်း၏ ကံကို ၄င်း၏လည်ကုတ်၌ ချိတ်ဆွဲပြီးဖြစ်၏။ (ကုရ်အာန် ၁၇း၁၃)။ မည်သူမဆို အလ္လာဟ်၏ ဝဟီလမ်းညွှန်ကို လက္ခံကျင့်သုံးက ၄င်းအတွက် သက္ကဒီရ် သတ်မှတ်ချက်သည် ဂျန္နသ်ဖြစ်သည်။ မည်သူမဆို အလ္လာဟ်၏ ဝဟီလမ်းညွှန်ကို ငြင်းပယ်က ၄င်းအတွက် သတ်မှတ်ချက်သည် ဂျဟန္နမ်မီး ပူလောင်မှု ဒုက္ခသာ ဖြစ်သည်။ အလ္လာဟ်သည် လူသားတိုင်းအား မိမိကံကြမ္မာကို မိမိဖန်တီးပိုင်ခွင့် ပေးထားပြီးဖြစ်သည်။ ထို့ကြောင့် လူသားအတွက် သက္ကဒီရ် သတ်မှတ်ချက်ကား လူသားသည် မွေးဖွားခံရခြင်းကို ငြင်းဆန်၍မရ၊ အစာရေစာ စားသုံးရ၏။ သတ်မှတ်ချိန်ရောက်သော် သေခြင်းကို ငြင်းဆန်၍မရ၊ ထိုမွေးခြင်းနှင့် သေခြင်းတံခါးဝ အကြားတွင် တမလွန်အတွက် မိမိကံကို မိမိဖန်တီးရမည် ဖြစ်သည်။
ဂျီဟာဒ်-ဘဝ အောင်မြင်ရေးအတွက် ရုန်းကန်မှု
ယနေ့ လူသားတို့အံ့သြလောက်အောင် ကမ္ဘာ့သမိုင်းက ပြောင်းလဲခဲ့သော တမန်တော်မြတ် မုဟမ္မဒ်သခင်၏ မုစ်လင်မ် အွမ္မသ်ထူထောင်မှုတွင် ကုရ်အာန်ကျမ်းမြတ်ကို အခြေခံ၍ အလုပ်လုပ်သူ များစွာပါဝင်ခဲ့လေသည်။ အဆင့်တိုင်းတွင် ကုရ်အာန်ကျမ်းမြတ်သည် ယုံကြည်ချက်နှင့် လုပ်ရပ်ကို တွဲဖက်ထား၏။ မည်သည့်အခါမျှ ခွဲခြား၍ မရချေ။
“ကျွန်ုပ်တို့သည် အီမာန်သက်ဝင်ယုံကြည်ခဲ့ကြပါပြီဟု ဆိုရုံမျှဖြင့် ၄င်းတို့သည် စမ်းသပ်ခြင်း မခံကြရဘဲ လွှတ်ထားခြင်း ခံကြရမည်ဟု လူသားတို့ ထင်နေကြသလော” (ကုရ်အာန် ၂၉း၂)
စကြဝဠာ လောကခပ်သိမ်းတို့ကို အဆင်ဆင့် ထင်ရှားဖြစ်ပေါ်စေခြင်း၊ လူသားတို့၏ လက်အောက်ခံ ဖြစ်စေခြင်း၊ လူသားကို အမာနတ် (လွှဲအပ်)ထားခြင်း စသည်တို့မှာ လူသားတို့ကို စမ်းသပ်ရန်သာဖြစ်သည်။ လူသားအတွက် သေခြင်းတရားမှာလည်း ပို၍မြင့်သောဘဝ အခြေအနေသို့ မြှင့်ပေးရန် တံခါးဝသာ ဖြစ်သည်။ ထို့ပြင် လူသားတိုင်း ၄င်းတို့မည်မျှ အလ္လာဟ်၏ လမ်းညွှန်နှင့်အညီ ပြုကျင့်ခဲ့သည့် အပေါ်မူတည်၍ အဆင့်အတန်းကို ခွဲခြားမည် ဖြစ်သည်။
“စင်စစ် (ယုံကြည်သူ၊ သွေဖည်သူ) အသီးသီးတို့၌ ၄င်းတို့ကျင့်မူခဲ့ကြသော အကျင့်အမူများအလိုက် အဆင့်အတန်းများ ရှိကြလေသည်” (ကုရ်အာန် ၄၆း၁၉)
ထို့ကြောင့် အောင်မြင်လိုသော လူသားတစ်ဦး၏ ဘဝအစစ်အမှန်သည် ‘ဂျီဟာဒ်’ ရုန်းကန် လှုပ်ရှားမှုသာ ဖြစ်သည်။ အလ္လာဟ်သည် နောက်ဆုံး တမန်တော်ချုပ်ကို လူသားတို့အတွက် စံပြပြုလုပ်ခဲ့လေသည်။ တမန်တော်မြတ် မုဟမ္မဒ်သခင်၏ ဘဝတွင် ၄င်းနှင့် အဆမတန်အင်အားကြီးမားသော ရှိုဿွာန်စွမ်းအင် လွှမ်းမိုးနေသည့် ရန်သူများစွာတို့ဖြင့် ကြုံတွေ့ခဲ့ရသည်။ သို့သော် ထိုအဖျက် စွမ်းအင်အားလုံးတို့သည် ကုရ်အာန်ကို အခြေခံသော တမန်တော်မြတ်၏ ဘဝတည်ဆောက်မှုအောက်၌ အရှုံးပေးခဲ့ရလေသည်။ ကမ္ဘာကို အံ့သြစေခဲ့သော တမန်တော်မြတ်၏ အောင်ခြင်းများ၏ လျို့ဝှက်ချက် သည်ကား အလ္လာဟ်ကို ပြည့်ဝယုံကြည်မှုနှင့် လမ်းညွှန်အတိုင်း နာခံကျင့်ကြံမှုပင် ဖြစ်ပေသည်။

No comments:

Post a Comment